ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ အေးရိပ်မြိုင်စာသင်တိုက်မှ ပျောက်ဆုံးနေသည့် အသက်(၁၁) နှစ်အရွယ် သီလရှင်ဆရာလေးကို တွေ့ရှိပါက အကြောင်းကြားသူအား ငွေကျပ်သိန်း ၅၀ ဖြင့် ကျေးဇူးဆပ်မယ်လို့ မိသားစုဝင်များနှင့် အေးရိပ်မြိုင်စာသင်တိုက်က ကြေညာလိုက်ပါတယ်။
ဆရာလေး၏ဘွဲ့အမည်မှာ ရူပသိင်္ဂီဖြစ်ပြီး လူအမည်မှာ လရိပ်ဖြူဖြစ်ကြောင်း၊ တနင်္သာရီတိုင်း ထားဝယ်မြို့မှ ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်ရှိ အေးရိပ်မြိုင်စာသင်တိုက်သို့ ၂၀၂၃ ခုနှစ်ကရောက်ရှိပြီး ပညာသင်ကြားနေသူဖြစ်ကြောင်း၊
ယခုထိ ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေသည်မှာ ရက်သတ္တပတ်နှစ်ပတ်ကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။နိုဝင်ဘာ ၁၅ ရက်(တန်ဆောင်မုန်းလပြည့်နေ့)တွင် လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာစျေးသစ်သို့ အသက် (၁၂) နှစ်နှင့် အသက်(၈) နှစ်အရွယ်ရှိ ဆရာလေးနှစ်ပါးနှင့်အတူ ဆွမ်းခံကြွရာမှ
ညနေ ၄ နာရီခန့်တွင် အသားဖြူဖြူ၊ ဆံပင်ရွှေအိုရောင်ဆိုးထားသည့် အမျိုးသမီးတစ်ဦးက အိမ်စီးကား အဖြူရောင်(နံပါတ်မမှတ်မိ)ဖြင့် ဆရာလေး ရူပါသိင်္ဂီအားခေါ်ဆောင်သွားခဲ့ပြီးနောက် ပျောက်ဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။လတ်တလောမှာ ကေ-လးပျောက်ဆုံးမှုတွေ များပြားလာတာကြောင့် မိဘများအနေနဲ့ အထူးဂရုစိုက်ကြဖို့ အရေးကြီးနေပြီ ဖြစ်ပါတယ်။