News

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက သမိုင်းဝင် ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်က မျောက်တွေဟာ လူနေအိမ်တွေအထိဝင်ရောက်ကာ သောင်းကျန်းကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက သမိုင်းဝင် ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်က မျောက်တွေဟာ အစာရေစာရှားပါးပြီး လူနေအိမ်တွေအထိဝင်ရောက်ကာ အစာရှာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖိုလ်ဝင်တောင်၊ ရွှေဘတောင်မှာ နေထိုင်ကြတဲ့ မျောက်တွေဟာ ဘုရားဖူးခရီးသွားဧည့်သည်တွေ မလာကြ တော့တဲ့ ၂၀၁၉ ကိုဗစ်ကာလမှ အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ဒီနေ့အထိ အစာရေစာရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဖိုလ်ဝင်တောင်မှာ ခေတ်အဆက်ဆက် မျောက်စာရောင်းချသူ အမျိုးသမီးတဦးက ပြောပါတယ်။

“ပုံမှန်ချိန်ဆို မသိသာပေမယ့် ကိုဗစ်ကာလနဲ့ အာဏာသိမ်းကာလအတွင်း အစားအသောက်ရှားပါးလာတော့ တောင်အောက် ရင်ပြင်မှာ လာစုဝေးတယ်။ မျောက်စာကျွေးသူတချို့ရှိပေမယ့် မလုံလောက်ဘူး” လို့ သူက မြေလတ်အသံကို ပြောပါတယ်။

အာဏာမသိမ်းခင်ကာလ ဘုရားဖူးခရီးသွားတွေပေါများချိန်မှာ တောင်ပေါ် ဘုရားအသီးသီးမှာ အစာရှာစားနေတဲ့ မျောက်တွေဟာ အခုလို ဘုရားဖူးဧည့်သည်တွေ ရှားပါးတဲ့ချိန်မှာတော့ အနီးအနားက ကျေးရွာတွေထဲ ဝင်ရောက် အစာရှာတာမျိုးတွေ လုပ်လာကြတယ်လို့ သိရပါတယ်။

“အိမ်တွေမှာ လုံခြုံအောင်သိမ်းနိုင်ပေမယ့် ဆိုင်တွေမှာတော့ ထိုင်စောင့်ပြီး ရောင်းနေရတဲ့အခြေအနေရှိတယ်။ လေးခွ၊ တုတ်နဲ့ စောင့်ရတယ်။ လစ်တာနဲ့ အစားအသောက်တွေ ဝင်လုတာတွေလုပ်တယ်။” လို့ ဖိုလ်ဝင်တောင်အနီးနေထိုင်သူတဦးက ပြောပါတယ်။
ရွှေဘတောင်နဲ့ ဖိုလ်ဝင်တောင်မှာ နေထိုင်ကျက်စားနေတဲ့ မျောက်ကောင်ရေဟာ ၃,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မျောက်စာကုသိုလ်ရှင်တွေဟာ ရွှေဘတောင်နဲ့ ဖိုလ်ဝင်တောင်မှာရှိတဲ့ မျောက်တွေကို လာရောက် အစာကျွေးတဲ့အခါ ကုလားပဲ၊ ပြောင်းဖူး ၁ တင်းကျော်လောက် ကျွေးရတယ်လို့ သိရပါတယ်။

အရင် ဘုရားဖူးခရီးသည်တွေ လာရောက်ကြတဲ့အချိန်တုန်းက မျောက်တွေဟာ အစားအသောက်ရွေးချယ်ကြပေမယ့် အခုကာလမှာတော့ ကျွေးတဲ့အစားအသောက်တိုင်းကို စားသောက်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။