ကျွန်တော်နာမည်က သက်ခိုင်ပါ။ ဆရာနဲ့မတွေ့ခင်အထိကတော့ ကျွန်တော်က လူပေလူတေ အရက်သမားတစ်ယောက်ဖြစ်ခဲ့တယ်။ ကျွန်တော်ဘဝ.ကျွတ်ချိန်တန်လို့လားတော့မသိဘူး။ ဆရာနဲ့တွေ့ဆုံခွင့်ရခဲ့တယ်။ ဆရာကြောင့်လဲ ကျွန်တော်လူသားတွေရဲ့အကျိုးကိုဆရာနဲ့တူတူလိုက်လံကူညီခွင့်ရခဲ့တယ်။ ဆရာရဲ့ပညာကခန့်မှန်းမရလောက်အောင် အစွမ်းရှိတာကို ကျွန်တော်သိခဲ့ရတယ်။ ဆရာနဲ့တူတူ အောက်လမ်း၊.ပယောဂ၊ နတ်တိုက်၊ စုန်းတိုက်တွေကို နှိမ်နှင်းရင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသဖြစ်တဲ့ ရာမည(ခေါ်)မွန်တို့ဒေသကိုရောက်ခဲ့တယ်။ မွန်တို့ရဲ့ဒေသရိုးရာအရ အိမ်တွေကို တစ်ပြေးညီမဆောက်ကြပဲ တစ်ဆင့်နှိမ့်ကာဆောက်ထားတာကိုလဲ တွေ့ရတယ်။ မုဒုံမြို့ရဲ့ အထင်ကရ မုဒုံကန်ကြီးစေတီကို.ဝင်ရောက်ဖူးမျှော်ရင်း ဆရာတပည့်နှစ်ယောက် မိမိလုပ်စရာရှိတဲ့ ပုတီးစိပ်ခြင်း၊ အင်းကွက်ရေးဆွဲခြင်းတွေကို လုပ်နေလိုက်တယ်။ ပုတီးစိတ်နေတဲ့အချိန် ကျွန်တော်နှာခေါင်းထဲမှာ အလွန်မွှေးပျ့ံတဲ့အနံ့တစ်မျိုးကိုရလိုက်တယ်။
သာမန်ရေမွှေးတွေနဲ့မတူတဲ့ရန့ံ ရေမွှေးန့ံနဲ့မရှေးမနှောင်းမှာ မိန်းမတစ်ချို့ရဲ့စကားတိုးတိုးပြောသံကိုကြားလိုက်ရတယ်။ ကျွန်တော်လဲကိုယ့်အလုပ်ကိုပီးအောင် လုပ်ပြီးတဲ့အချိန် မျက်လုံးဖွင့်လိုက်တော့ ဆရာအနားမှာ အကျႌအနက်ရောင် ဝမ်းဆက်နဲ့မိန်းမငယ်၃ဦး ကျို့ကျို့လေးထိုင်နေတာကို တွေ့လိုက်ရတယ်။ ပတ်ဝန်းကျင်က လူတွေက သူတို့ကိုသတိထားမိဟန်မတူပဲ ယောဂီလုံချည်နဲ့ယောဂီအကျႌဆင်တူဝတ်ထားတဲ့ ဆရာနဲ့ကျွန်တော့်ကိုသာ ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြတယ်။ မကြာခင် ဆရာပုတီးစိတ်တာဖြုတ် အမျှအတန်းဝေတော့ သူတို့သာဓုလိုက်ခေါ်ကြတယ်။ သာဓုခေါ်ပြီးချိန်မှာ သူတို့ရဲ့အဝတ်အစားအရောင်တွေက ပိုမိုတောက်ပြောင် သွားတာကို ထူးဆန်းစွာတွေ့လိုက်ရတယ်။ ဆရာက တရားဖြုတ်ပြီး “ကဲ ညီအမသုံးယောက် ကျုပ်ကိုစောင့်နေတာ ဘာကိစ္စ တုန်း” “ဆရာအောင်မြတ်သာ ဘုရားကိုရောက်နေတယ်ဆိုပြီး ရင်ပြင်စောင့်ဘိုးဘိုးက လာပြောလို့ မြင်ဖူးတယ်ရှိအောင် လာဖူးတာပါ၊ နောက်ပြီး.ဆရာ့ကို အကူအညီလဲ တောင်းစရာရှိလို့ပါ”
ကျွန်တော်ကိုဖုတ်လေသည့်ငပိရှိတယ်လို့်တောင် သဘောမထားပဲ လှည့်၍ပင်မကြည့်။ သူတို့အကူညီတောင်းလိုသည့် ဆရာကိုသာ တစိုက်မတ်မတ်ပြောနေတာမြင်လိုက်ရတယ်။ သူတို့ပြောသည့်စကားများက မွန်သံဝဲဝဲနဲ့မို့ ကျွန်တေယ်သိပ်နားမလည်ပေမယ့်ဆရာကတော့ နားလည်သည့်အတိုင်း.ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေတာကိုတွေ့ရတယ်။ ခဏကြာတော့ ဘုရားကန်တော့ကာ ဘုရားနောက်ကျောဘက်သို့ဝင်ရောက်ပျောက်ကွယ်သွားတာကိုတွေ့လိုက်ရတယ်။ ထိုအခါဆရာက “သက်ခိုင်ရေ တို့ရှေ့ကိုနည်းနည်းခရီးဆက်ရလိမ့်မယ် ခုနက.ညီအအသုံးယောက်က ဒီဘုရားက ဥစ္စာစောင့် ညီအမသုံးယောက်ပဲ သူတို့အရင်ဘဝကနေခဲ့တဲ့ရွာမှာ ပြဿ နာတစ်ခုတက်နေလို့ အကူညီလာတောင်းတာ” “ဘယ်လိုပြဿ နာလဲဆရာ” “ဟိုရောက်ရင်သိရမှာပေါ့ အချိန်မနှောင်းခင် ခရီးဆက်ရကြရအောင်”ဆိုပြီး မုဒုံကန်ကြီးစေတီကနေ ထွက်လာခဲ့ကြတယ်။ လမ်းတစ်လျောက် စိမ်းစိုနေတဲ့ရော်ဘာတောများက မျက်စိပသာဒကိုအေးမြစေပြီး သဘာဝလေကောင်းလေသန့်များက မျက်နှာတစ်ဝိုက်ကို လာရောက်ကျီစယ်ကာ နှုတ်ဆက်နေသယောင်ယောင်..
ညနေစောင်းတော့ ……ရွာလေးကိုရောက်ခဲ့တယ်။ ရွာအပြင်လှည်းလမ်းလေးဘေးက ဇရပ်မှာခဏဝင်နားနေတဲ့အချိန် ရွာသား၃ယောက် ဇရပ်ထဲဝင်လာတာကို လှမ်းတွေ့လိုက်တယ်။ ဇရပ်ထဲမှာထိုင်နေတဲ့ ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်ကိုမြင်တော့.. “ကွန်ပလိုင်ရေ ငါတို့အိမ်မက်မှန်နေပီ ငါတို့ရွာရဲ့ဒုက္ခကို ဖြေရှင်းပေးမယ့်သူတွေဇရပ်ပေါ်မှာရောက်နေပီ”ဆိုတဲ့ မွန်သံဝဲဝဲကိုစတင်ကြားလိုက်ရတယ်။ ထိုလူနှစ်ယောက်လည်း.ကျွန်တော်တို့ဘေးမှာဝင်ထိုင်ရင်း . “ဆရာတို့လာမယ်ဆိုတာ.ညထဲက မမလေးတို့ကအိမ်မက်ပေးထားကြတယ်”လို့ပြောတော့ကျွန်တော်က “မမလေးဆိုတာက ဘယ်သူလဲ” “မမလေးဆိုတာက ဟိုးအရင်ထဲက ဒီရွာမှာနေသွားကြတာ ညီအမသုံးယောက်လုံး.အိမ်ထောင်မပြုပဲ မိဘဘိုးဘွားတွေထားခဲ့တဲ့အမွေတွေကို ထိန်းသိမ်းရင်းနေခဲ့ကြတာ၊ တစ်နေ့မှာတော့ ရွာလူကြီးကိုသူတို့ နေရပ်ကိုပြန်တော့မယ် ရွာကိုလဲသတိရနေပါ့မယ်ဆိုပြီး ထူးဆန်းတဲ့စကားတွေလာပြောကြတယ်။ ပြောပြီးနောက်နေ့မှာညီအမသုံးယောက်လုံး အိမ်ထဲမှာသေနေတာကိုတွေ့ရတာပဲ။
သူတို့သေတော့ပိုင်ဆိုင်တဲ့ပစ္စည်းတွေဘာတစ်ခုမှ မကျန်ခဲ့ဘူး။ ပျောက်ခြင်းမလှပျောက်သွားတာ၊ သေပီးတစ်ပတ်အကြာမှာ ရွာလူကြီးကိုအိမ်မက်ပေးတယ်။ သူတို့က ကန်ကြီးစေတီမှာသူတို့ပစ္စည်းတွေကိုရွှေ့ပီး စောင့်ရှောက်နေရတယ်တဲ့၊ နောင်ပွင့်မယ့်ဘုရားကိုလှူပီးမှ သူတို့ကျွတ်မယ်လို့ပြောတယ်၊ ရွာမှာဘုရားတည်ကျောင်းဆောက်ဖို့ငွေလိုလာရင် သူတို့ကိုပဲအကူညီတောင်းရတယ်၊ သူတို့ကလဲရွာကိုစောင့်ရှောက်ကြတယ်၊ အခုလဲ ရွာမှာထူးဆန်းတဲ့ကိစ္စတစ်ခုဖြစ်နေလို့ သူတို့ကိုအကူညီတောင်းထားတာ ညကအိမ်မက်ပေးတယ် မနက်ဖြန်ညနေ ရွာထိပ်ကဇရပ်မှာ ဆရာနှစ်ယောက်ကိုသွားကြိုလိုက်ပြောလို့ ကျွန်တော်တို့ဟုတ်မဟုတ် ထွက်လာကြည့်တာ ခုတော့တကယ်ဖြစ်နေပီ ဆရာတို့ရွာထဲဝင်ကြပါဦး ရွာထဲရောက်မှ ဖြစ်ကြောင်းကုန်စင် ပြောပြပေးပါ့မယ်” ကျွန်တော်တို့ရွာထဲကိုဝင်လာတော့ ရွာအဝင်ဝမှာ “မကြီး.မလတ် မငယ်” နန်းဆောင်ဆိုတဲ့ နတ်ကွန်းလေးတစ်ခုကိုတွေ့လိုက်ရတယ်။ ရွာလူကြီးအိမ်ရောက်တော့ သူကြီးက “မမလေးတို့ကျေးဇူးကြောင့် ဆရာသမားကောင်းတွေနဲ့ တွေ့ရပီ”ဆိုပြီး ဝမ်းသာနေရှာတယ်။ ထိုအခါဆရာက “ဖြစ်စဉ်ကိုပြောပါဦး.ဒီရွာမှာဘယ်လိုအခက်အခဲတွေရှိတာလဲ” “အသိဆုံးကတော့ ကွန်ပလိုင်ပဲ သူပြောပြလိမ့်မယ်ဆရာ” ကွန်ပလိုင်ဆိုတဲ့ ရွာသားတစ်ယောက်က ဖြစ်စဉ်ကိုပြောပြလေတော့သည်။
“ကျွန်တော်တို့ရွာက ရော်ဘာခြစ်တဲ့လုပ်ငန်းနဲ့ အသက်မွေးကြတယ်။ ရော်ဘာခြစ်တယ်ဆိုတာ မနက်၂နာရီလောက်ထပြီး ရော်ဘာစေးခြစ်ကြရတယ်။ မနက်၇နာရီလောက်ဆို အစေးခြစ်ပြီး အိပ်စက်အနားယူကြတယ်။ ဒီရွာမှာ ဦးကွန်ဆိုတာ အချမ်းသာဆုံးပဲ သူ့မှာ မောင်ထော်နဲ့ မောင်အောက်ဆိုတဲ့သားနှစ်ယောက်ရှိတယ်။ ဦးကွန်ဆုံးသွားတော့ ညီအကိုနှစ်ယောက် အမွေလုကြတယ်။ ဦးကွန်နေတဲ့ခြံကိုနှစ်ပိုင်းခွဲပြီး အရှေ့ခြမ်းကို မောင်ထော်က ယူလိုက်တယ်။ အနောက်ခြမ်းကို မောင်အောက်က ယူလိုက်တယ်။ ပြသနာကအနောက်ခြမ်းကို ယူလိုက်တဲ့ မောင်အောက်က သူ့အိမ်အနောက်မှာ ငှက်ပျော်ပင်တစ်ပင်က စိုက်လိုက်ရာကနေစတာပဲ” ကွန်ပလိုင်ဆိုတဲ့လူက ပြောနေရင်းခဏနားလိုက်ပြီး ရေနွေးအကြမ်းအိုးထဲက ရေနွေးတစ်ခွက်ငဲ့ကာ သောက်လိုက်တယ်။ပြီးတော့.. ” အဲဒီငှက်ပျောပင်က အိမ်အနောက်က ပန်းကန်ဆေးတဲ့ နေရာမှာစိုက်ထားတာ ။ ရွာမှာကအသားတွေကိုကိုယ်တိုင် ပေါ်ပြီးရောင်းတန်တာကိုရောင်း စားတန်တာကိုစားကြတယ်၊ အဲလိုပေါ်တဲ့အခါ သွေးတွေပေနေတဲ့ ဓားတွေ၊ ခက်ရင်းခွတွေကို ငှက်ပျောပင်ခြေရင်းမှာပဲ ဆေးကြတယ်၊ အသားတွေကိုရေဆေးပြီး ကျန်တဲ့သွေးရည်တွေကိုလဲ ငှက်ပျောပင်ခြေရင်းမှာပဲသွန်ဖြစ်တာများတယ်။ ၆လလောက်အကြာမှာ ငှက်ပျောပင်ကြီးက လူတစ်ဖက်မက ကြီးလာခဲ့တယ်။ ရွာကလူတွေကလည်း.ထူးဆန်းတယ်ဆိုပြီး မခုတ်ကြဘူး။
ရွာမှာအသားမပေါ်တဲ့အချိန်တွေဆိုရင် ငှက်ပျောပင်ကနေ ညီးသံတွေ၊ တောက်ခတ်သံတွေ ကြားရတယ်။ တစ်ရက်မှာတော့ အိမ်အနောက်ဘက်ခြမ်းမှာနေတဲ့ မောင်အောက် အိမ်ပေါ်မှာ သေနေတာကိုတွေ့ရတာပဲ။ သေတာကထူးဆန်းတယ် လည်ပင်းမှာအပေါက်နှစ်ပေါက်နဲ့ဗျ။ ရွာကလူတွေက မြွေပေါက်လို့သေတယ်လို့ ထင်ကြပေမယ့်။ အဆိပ်တက်တဲ့ လက္ခဏာလဲမတွေ့ရဘူး။ သေတဲ့အချိန်မှာ တစ်ကိုယ်လုံးသွေးတွေမရှိတော့သလို ဖြူ ဖတ်ဖြူ ရော်ကြီးဖြစ်နေတာ။ သူသေပီး တစ်လအကြာမှာ အရှေ့အိမ်မှာနေတဲ့ မောင်ထော် ထပ်သေပြန်ရော ။.သူလဲ မောင်အောက်အတိုင်းပဲ လည်ပင်းမှာအပေါက်နှစ်ပေါက်နဲ့ သွေးဆုတ်ပြီးသေတာ။ အဲဒီအချိန်ကစပြီး ဘယ်သူမှမနေရဲတော့တာ ။ ငှက်ပျောပင်ကိုလဲ ဘယ်သူမှမခုတ်ရဲကြဘူး။ တစ်နေ့မှာတော့ မောင်ထော်ရဲ့ တူဖြစ်တဲ့သူက ငှက်ပျောပင်ကိုမနက်ဖြန်ခုတ်ပေးမယ်ဆိုပီးပြောသေးတယ်။ အဲဒီညမှာ သူ့ကိုအိမ်မက်ပေးတာ ငှက်ပျောပင်ကိုခုတ်ရင် သူ့ကိုသတ်ပစ်မယ်တဲ့ ။ အဲဒီထဲက ဘယ်သူမှမခုတ်ရဲတော့တာ။ ရွာမှာတစ်လကိုတစ်ခါ အသားပေါ်ပေးရတယ်။
အသားပေါ်တဲ့အခါမှာလဲ ငှက်ပျောပင်ခြေရင်းမှာပဲပေါ်ရတယ်။ အဲလိုမပေါ်ရင် လူတစ်ယောက်ကတော့ လည်ပင်းအပေါက်ရာနဲ့သေတာပဲ။ အခုဆိုရွာမှာသေတာ လူ၄ယောက်ရှိနေပီ” ကွန်ပလိုင်ပြောပီးတော့ဆရာက “အဲဒါဆို ဒီည အဲဒီအိမ်မှာ တည်းချင်တယ် မနက်ကျရင် ဘာကြောင့်ဆိုတာအဖြေသိရပါပြီ” “ဒါဆိုဆရာတို့အိ်ပ်ဖို့စီစဉ်ထားလိုက်မယ် ပြင်ဆင်ပီးရင် လာခေါ်လိုက်မယ်ဆရာ” ခဏကြာတော့ ရွာသား၃ယောက်လာခေါ်လို့ တည်းရမယ့်အိမ်ကိုလိုက်သွားခဲ့တယ်။ သစ်ပေါတဲ့ဒေသမို့ို့ သစ်တွေနဲ့သာ ဆောက်လုပ်ထားကြတယ်။ တောရွာဒေသမို့လို့ို့လို့ ခြံဝင်းတွေက တော်တော်ကျယ်တာကို သတိထားမိလိုက်တယ်။ အိမ်အနောက်က ငှက်ပျောပင်ကိုကြည့်လိုက်တော့ လူတစ်ဖက်မက ကြီးနေတာကိုတွေ့လိုက်ရတယ်။ ဆရာကဘာမှမပြောပဲ အိမ်ပေါ်ကိုတက်သွားလိုက်တယ်။ရွာသားတွေခင်းထားပေးတဲ့အိပ်ယာပေါ်မှာ ထိုင်လိုက်ပြီး .. “သက်ခိုင် ဒီည ငှက်ပျောပင်မှာရှိနေတဲ့ သရဲကို မောင်းထုတ်ရမယ်၊ ထုတ်ပြီးတာနဲ့ ဒီငှက်ပျောပင်ကို ခုတ်ရမယ် ညတွင်းချင်းလုပ်ဖို့ ရွာသား၃ယောက်လောက်ကို ခေါ်ထားဦး” ကျွန်တော်လဲ ဆရာပြောတဲ့အတိုင်း ရွာသားတွေကို ခေါ်ဖို့ သူကြီးအိမ်ကိုထွက်လာခဲ့လိုက်တယ်။ သူကြီးကိုပြောပြီး တည်းတဲ့နေရာပြန်ရောက်လာတော့ ဆရာက တရားထိုင်နေတာကို တွေ့ရတယ်။
ကျွန်တော်လဲ လွယ်အိတ်ထဲက အင်းစမတွေကိုပြန်စစ်ပြီးတော့ လဲှချလိုက်တာ အိပ်ပျော်သွားတယ်။ အိပ်ယာကနိုးလာတော့ ရေမိုးချိုးပြီး တရားထိုင်နေလိုက်တယ်။ ညဦးပိုင်းအချိန်ရောက်တော့ လုပ်နေကျအတိုင်း အင်းကွက်တွေဆွဲပြီး အိမ်ပတ်လည်ကိုစည်းချလို်က်တယ်။ တောရွာဒေသဖြစ်တဲ့အတွက် ညဦးပိုင်းအချိန်တွေမှာ လူခြေတိတ်ဆိတ်ကာ ပိုးကောင်တစ်ချို့ရဲ့အော်မြည်သံ တွေကိုသာကြားနေရတယ်။ တစ်ရွာလုံးတိတ်ဆိတ်နေပြီး လူသွားလူလာမရှိသလောက် ခြောက်ကပ်နေသော်လည်း သတ္တိရှိသူ ကာလသား.အချို့ကသာ အိမ်ဝိုင်းထဲမှာစောင့်ကြည့်နေကြတာကို လှမ်းတွေ့လိုက်တယ်။ “သက်ခိုင် လုပ်ငန်းစကြရအောင်” ဆရာစကားအဆုံးမှာ ကျွန်တော်ဘုရားစင်အရှေ့ဝင်ထိုင်လိုက်တယ်။ “သက်ခိုင် ဒီကောင်ကို ငါခေါ်ရင် ရွာသားတစ်ယောက်ယောက်ကို.ဝင်ပူးပြီး အိမ်ပေါ်တက်လာလိမ့်မယ်။ အဲဒီအချိန်စည်းဖွင့်ပေးလိုက် အိမ်ပေါ်ရောက်မှ စည်းပြန်ပိတ်ဖို့ မမေ့စေနဲ့” “ဟုတ်ကဲ့ဆရာ စိတ်ချပါ” ဆရာလဲ ဘုရားစင်ရှေ့ထိုင် ဘုရားရှိခိုး အမျှတန်းပေးဝေပြီး အထက်ဆရာကြီးများရဲ့ခွင့်ပြုချက်တောင်းခံပြီးနောက်မှာတော့… ” ပွင့်တော်မူပြီးသော ဘုရားလေးဆူတို့၏အမိ်န့်၊ အထက်ဆရာကြီးများရဲ့အမိန့်၊ လောကပါလနတ်မင်းကြီးများရဲ့ အမိန့်၊ ငါအောင်မြတ်သာရဲ့အမိန့်၊ ထိုအမိန့်တွေကြောင့် ငှက်ပျောပင်ကိုတွယ်ကပ်ကာ လူတွေကို သတ်ဖြတ်ဒုက္ခပေးနေတဲ့ မကောင်းဆိုးဝါးကောင် ငါ၏ရှေ့သို့ အခုချက်ချင်းရောက်စေ”ဆိုပြီး ကြမ်းပြင်ကို လက်ဝါးနဲ့ ပုတ်ချလိုက်တယ်ဆိုရင်ဖြင့် ခြံဝင်းထဲမှာအသင့်စောင့်နေသော ကာလသားတွေထဲက တစ်ယောက်ကိုဝင်ပူးကာ ဝုန်းဒိုင်းဝုန်းဒိုင်းဖြင့် အိမ်ပေါ်ကိုရောက်ချလာခဲ့တယ်။
အိမ်ပေါ်ကိုရောက်လာတော့ ဆရာကို ကျောပေးကာ ဆောင့်ကြောင့်ထိုင်ပြီး ကြမ်းပြင်ကိုလက်သီးနဲ့ထိုးလိုက် တောက်ခတ်လိုက်နဲ့ ပွဲကြမ်းပါလေရော။ ကျွန်တော်ကြည့်လိုက်တော့ ဝင်ပူးထားတဲ့ကောင်က အစွယ်တွေက ပါးစပ်အပြင်ကို လက်ငါးလုံးလောက်ရှည်ကျနေတယ်။ အစွယ်တွေက ဝါကျင်ကျင်အရောင်၊ လက်သည်းတွေက ချွန်မြနေပြီး အမွှေးတွေက တစ်တောင်လောက်ရှည်ကျနေတာ။ မျက်လုံးနှစ်လုံးက အပြင်ကိုတစ်ဝက်လောက်ပြူး ထွက်နေတယ်။မြင်ရတာက.ကြက်သီးထစရာ။ ထိုအခါဆရာက “အခုရောက်လာတာ ဘယ်သူလဲ ဘယ်မှာနေတာလဲ”လို့မေးတော့. “နင်သိစရာမလိုဘူး နင်ခေါ်လို့ငါရောက်လာပီ နင်ဘာမေးမှာလဲ မေးစရာရှိတာမေး ပီးရင် ငါပြန်မယ်” ဆရာက နှုတ်ခမ်းလေးတွန့်ရုံပြုံးလိုက်ပြီး “ကောင်းပီလေ ဒါဆို မေးမယ် ဒီရွာကလူတွေကိုသတ်နေတာမင်းလား” “ဟုတ်တယ် ငါသတ်တာ သူတို့မှငါ့ကိုသွေးမကျွေးတာ မကျွေးတော့ ရတဲ့သွေးကိုငါစားရတာ၊ ငါ့ကိုတစ်လတစ်ခါသွေးကျွေးရင် ငါမသတ်ဘူး” “မင်းကိုလတိုင်း ကျွေးရမယ်လို့ ဘယ်သူက ကတိပေးထားလို့လဲ ”
“မပေးထားဘူး” “အဲဒါဆိုရင် ဘာလို့လူတွေကိုသတ်နေရတာလဲ အရင်ဘဝကမင်းရဲ့မကောင်းမှုတွေကြောင့် ဒီလိုဘဝကို ရောက်ခဲ့ရတယ် အခုလဲမကောင်းမှုတွေဆက်လုပ်နေရင် ဒီဘဝက မင်းဘယ်လိုကျွတ်တော့မလဲ” “ငါမသိဘူး ငါသိတာက ငါစားချင်တာ မစားရရင် ဒီတစ်ရွာလုံးကိုသတ်စားပစ်မယ်၊ မေးပီးရင် ငါပြန်တော့မယ်” ထိုအခါဆရာက ပြုံးပြီး “မင်းပြန်လို့ရရင် ပြန်ပေါ့ကွာ” ဝင်ပူးနေတဲ့လူက ဆတ်ခနဲကောက်ထကာ အိမ်တံခါးပေါက်ကိုအဆင်း ဗိုင်းကနဲ အနောက်ကို ပြန်လန်ကျသွားတယ်။ ဘာကြောင့်လဲဆိုတော့ သူအိမ်ပေါ်ကိုရောက်တဲ့အချိန် ကျွန်တော်စည်းချထားလိုက်ပီလေ။ဒါကြောင့် သူပြန်ဆင်းလို့မရတော့တာ။ ဆရာက “မင်း ဆင်းလို့မရဘူးဆိုတော့ နောက်ဆုံးအကြိမ်ထပ်မေးမယ် ဒီရွာကနေထွက်သွားမလား.ငါမောင်းထုတ်ရမလား” “ငါဒီအပင်မှာပဲနေမယ် မသွားဘူးဟေ့ နင်တို့သာ ထွက်သွားကြ” “ကောင်းကောင်းမွန်မွန်ပြောတာမရရင်တော့ နာကျင်အောင်လုပ်ရတော့မှာပေါ့ ၊ ကဲ ကြိုးပိုင်တွေ ဒီကောင်ကို လက်ပြန်ကြိုးတုပ်လိုက်စမ်း”လို့ပြောလိုက်တယ်ဆိုရင်ဖြင့် ဝင်ပူးနေတဲ့သူရဲ့လက်က အလိုလိုအနောက်ကိုရောက်သွားတယ်။ “ကြိမ်ပိုင်က.ကြိမ်နဲ့ရိုက် နာအောင်ရိုက်”လို့အမိ်န့်ပေးလိုက်တယ်ရင်ဖြင့် ကြမ်းပြင်မှာလူးလိမ့်ကာ အော်ပါလေရော။ ” အား အမလေး နာတယ် နာတယ် သေတော့မယ် မရိုက်နဲ့တော့ အားး တော်ကြပါတော့”
“ကြိမ်ပိုင်ခဏရပ်လိုက်” “မင်း ထွက်သွားမလား ထပ်ရိုက်ရမလား” “မသွားဘူး ငါမသွားဘူး ဒီမှာပဲနေမယ်” “မင်းကတော်တော်ခေါင်းမာတဲ့ကောင်ပဲ ဒါဖြင့်လည်း.ကြိမ်ပိုင်က ကြိမ်နဲ့ရိုက် ကြိုးပိုင်ကလဲ ကြိုးမဖြေပေးနဲ့ ဓားပိုင်တွေလဲလာစေ သူ့ရဲ့ခြေဆစ်တွေကို လမ်းလျောက်မရအောင် ဓားပိုင်တွေက မွှန်းစေ” “အား သေပီ သေပါပီ နာတယ် နာတယ် ငါသေတော့မယ် မင်းကိုငါသတ်မယ် ငါနာကျင်သလိုမင်းနာကျင်ရမယ် အမလေး.သေပါပီ ” “မင်းအစွယ်ကမသေးဘူးပဲ ဒီထက်ပိုနာအောင်ရိုက်ကြစမ်း ” ကြိမ်ပိုင်၊.ဓားပိုင်တွေရဲ့ ရိုက်ချက်၊ ခုတ်ချက်အောက်မှာ သကောင့်သား အလူးအလဲခံနေရတယ်။ဒါပေမယ့် နာကျင်တာကို ခံရင်း ခေါင်းမာကာ တင်းခံနေတာမြင်တော့ ကျွန်တော် အံ့သြသွားတယ်။တစ်ခြားမကောင်းဆိုးဝါးတွေဆိုရင်ဒီလောက်ခံနိုင်ရည်မရှိ။ ဒီကောင်တော်တော်ခေါင်းမာပါလားလို့ တွေးလိုက်မိတယ်။ “မင်းခေါင်းကတော်တော်မာတာပဲ ယက္ခညီနောင် ဒီကောင်ခေါင်းကို တင်းပုနဲ့ရိုက်စမ်း”လို့ပြောလိုက််ဆိုရင်ဖြင့် တင်းပုတ်ထမ်းထားတဲ့ ယက္ခညီနောင် ဘေးနှစ်ဖက်ကနေ ပေါ်လာပြီး ပယ်ပယ်နယ်နယ် ရိုက်ပါလေရော။ “အား သေပီ ငါ့ခေါင်းကွဲပီ မင်းတို့က ဘာကောင်တွေမို့လို့ ငါ့ကိုရိုက်နေရတာလဲ ငါဒီဒေသမှာနေလာတာ.နှစ်ရာချီနေပီ ” ယက္ခညီနောင်ကို အံကြိတ်ကာပြောလိုက်တဲ့စကားအဆုံးမှာ နောင်တော်ကြီးယက္ခရဲ့ လက်ပြန်က ပါးစောင်ပေါ်ကိုရောက်သွားတယ်။
“ဖြောင်း”ဆိုတဲ့အသံနဲ့အတူ ၄ပေလောက် လွှင့်ထွက်သွားတယ်။ “ငါမနိုင်ဘူး ငါနင်တို့ကိုမနိုင်ဘူး ငါသွားမယ် ငါသွားမယ် မရိုက်ကြပါနဲ့တော့ ငါလဲနာလှပီ ခေါင်းတွေလဲ ကွဲနေပီ” “အဲလိုအစထဲကပြောရင် ဒီလိုနာကျင်မှာမဟုတ်ဘူး ဒီနေ့ကစပြီး ဘယ်သူ့ကိုမှ မသတ်တော့ဘူး ဒုက္ခမပေးတော့ဘူးဆိုတဲ့ကတိကိုပေး မပေးရင် ဒီဘဝမှာပဲ နောက်တစ်ခါထပ်သေအောင် ရိုက်မယ်” “ပေးမယ် ပေးမယ် ငါ့ကိုလွှတ်ပေးကြပါတော့” “သက်ခိုင် ရေတစ်ခွက်ယူခဲ့” ကျွန်တော်ရေခွက်ကိုဆရာ့လက်ထဲပေးလိုက်တော့ “ဒီသစ္စာရေ သောက်ပီးမှ လွှတ်ပေးမယ် လူတွေကိုဒုက္ခထပ်ပေးမယ်ဆိုရင် တစ်ကိုယ်လုံးလောင်မီးကျပြီး ပြာအတိဖြစ်စေ၊ နောင်ပွင့်တဲ့ဘုရားအဆူဆူတိုင်းကို လွဲချော်ပါစေလို့ ကျိန်ဆို” ဝင်ပူးနေတဲ့သူလဲ ကျိန်ဆိုကာ သစ္စာရေသောက်အပြီး အရုပ်ကြိုးပြတ်ကာလဲကျသွားတော့တယ်။ မကြာခင်မှာပဲ ရွာလမ်းတစ်လျောက် ခွေးအူသံတွေကို ဆူညံစွာကျွန်တော်တို့ကြားရပါလေရော။
“ကဲ.သက်ခိုင်ရေ အနှောက်အယှက်တော့မရှိတော့ဘူး အနောက်က ငှက်ပျောပင်ကိုခုတ်ပြီး မြေမြှုပ်ခိုင်းလိုက်” ငှက်ပျောပင်ကိုခုတ်တဲ့အချိန် ငှက်ပျောပင်စည်ထဲကနေ သွေးတွေပန်းထွက်လာတာကို ထူးဆန်းစွာတွေ့လိုက်ရတယ်။ ငှက်ပျောပင်ကို ခုတ်ပြီးအပိုင်းပိုင်းဖြတ်ကာ မြေမြျုပ်ပြီး နောက်နေ့မနက်မှာ ကျွန်တော်တို့်ရွာကနေ ပြန်လည်ထွက်လာခဲ့လိုက်တယ်။ ရွာကအထွက်မှာတော့ အမဲရောင်ဝမ်းဆက်နဲ့ ညီအမသုံးယောက်လက်ပြနှုတ်ဆက်နေတာကိုလဲမြင်ခဲ့ရတယ်။ ရွာကနေထွက်ပြီး ဇင်းကျိုက်တောင်မှာ.အဓိဌာန်ဝင်ဖို့ ခရီးဆက်ထွက်ခဲ့ကြတယ်။ ခရီးဆက်နေရင်း ထန်းခေါက်ကုန်း(အမည်လွှဲ)ဆိုတဲ့ရွာလေးတစ်ရွာမှာ တစ်ထောက်နားခဲ့ကြတယ်။ ရွာထဲစဝင်တော့ ရွာအဝမှာ ရေကန်ကြီးတစ်ကန်ကို အရင်တွေ့လိုက်ရတယ်။ ကန်ရဲ့ဘေးမှာတော့ ထုံးဖြူ နဲ့ရေးထားတဲ့ “ရေဆင်းမကူးရ အန္တရာယ်ရှိသည်”တဲ့ ။ ရေကန်ရဲ့ဘေးမှာတော့ တစ်ပိုင်းတစ်စ စေတီလေးတစ်ဆူကိုဖူးမြင်လိုက်ရတယ်။ တစ်ပိုင်းတစ်စနဲ့ထည်ထားတာတော်တော်ကြာနေပီဆိုတာ အောက်ခြေကရေညှိတွေကိုကြည့်ပြီး သိလိုက်ရတယ်။
ရွာကလူတွေကိုမေးကြည့်တော့ “ဒီစေတီတည်တော့ ရေကန်ကအစောင့်တွေမကြိုက်ဘူး ရေကန်ကလဲနှစ်တိုင်းလူသေတယ်။ တစ်နှစ်တစ်ယောက်ပုံမှန်ရေနစ်သေတယ်။ ရွာကလူတွေရေထဲမဆင်းရင်တောင် စိတ်မမှန်တဲ့သူတွေ၊.ဝက်ရူးပြန်တဲ့လူတွေက အလိုလိုရေထဲခုန်ချပြီးသေကြတာ၊ ဒီစေတီတည်တော့လဲ အနှောင့်အယှက်တွေပေးကြတယ်၊ ဘယ်သူမှမတည်ရဲကြတော့ဘူး”လို့ပြောတာကိုကြားခဲ့ရတယ်။ အောင်မြတ်သာနဲ့သက်ခိုင်တို့ဆရာတပည့်နှစ်ယောက် စေတီကိုပြန်တည်မှာလား? ရေကန်ကအစောင့်တွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို “အောင်မြတ်သာနှင့်ရေကန်စောင့်မောင်နှမ”ဆိုတဲ့ဝတ္တုလေးမှာ ဆက်လက်ဖတ်ရှုပေးကြပါဦးလို့ မေတ္တာရပ်ခံရင်း….