ကျွန်တော်တို့ သတိမထားမိပဲ ပေါ့ပေါ့လေး နေမိတဲ့အထဲမှာ အန္တရာယ် ရှိတဲ့ ဓလေ့တစ်ခုရှိတယ်။ အဲ့ဒါက အလှူထမင်းဝိုင်းတွေရဲ့ အလယ်မှာ ဘုံသောက် ဆိုပြီး ထားလေ့ရှိတဲ့ ဟင်းချိုခွက်ပဲ။
တစ်ချို့ကလည်း “မင်းကလည်း ကြီးကျယ်တာကွာ…။ မသောက်ချင်မသောက်နဲ့။ သောက်ချင်တဲ့သူ သောက်လိမ့်မယ် ” ဆိုပြီး ပြောလိမ့်မယ်။ သောက်ချင်တာ မသောက်ချင်တာထက် ဒီကနေ ဘာဖြစ်တတ်တယ်ဆိုတာကို ရှင်းပြချင်လို့ပါ။
အဓိကကတော့ ကူးစက်ရောဂါပါ။ ရောဂါတစ်ခု က လူတစ်ယောက်ကနေ တစ်ယောက် ကို ကူးဖို့ဆိုရင် နည်းလမ်းတွေ အများကြီးရှိလေ့ရှိတယ်။ လေထဲကနေ အသက်ရှူရုံနဲ့ကူးမလား၊ ထိမိပွတ်မိကိုင်မိရင်ကူးမလား၊ ဒါမှမဟုတ် သွေးသွေးချင်း ထိရာကနေ ကူးမလား စသဖြင့်ပေါ့။ အခုပြောချင်တာကတော့ တံတွေးကနေ ကူးတဲ့ကိစ္စပဲ။
လူရဲ့ တံတွေးထဲမှာ ပျော်ပျော်ကြီး လိုက်ပါ ပြီး တစ်ခြားသူကို ရဲ့ ပါးစပ်ထဲကိုဝင်ရာကနေ ပျော်ပျော်ကြီး ကူးစက်နိုင်တဲ့ရောဂါတွေ အများကြီးရှိပါတယ်။ ဒီထဲကမှ မြင်သာတာတွေကို ပြောရမယ်ဆိုရင်…
Virus မှာဆိုရင် …
– Herpes Simples Virus ( HSV-1) ( ရေယုန် )
– Cytomegalovirus ( CMV )
– Epstein-Barr Virus ( EBV )
– Hepatitis B ( HBV ) ( အသည်းရောင် အသားဝါ B )
– Influenza and common Cold Virus ( တုပ်ကွေးဖျားနာ )
– Covid-19 ( SARS-CoV-2 )
Bacteria တွေဆိုရင် …
– Streptococcus Mutans
– Meningococcal Disease ( ဦးနှောဏ်အမြှေးရောင် )
– Helicobacter pylori ( အစာအိမ်ရောင် / အနာ )
Fungal ပိုင်းမှာဆိုရင် …
– Oral Thrush (Candida) ( ပါးစပ်အနာ )
– Giardiasis စတာတွေ ကူးစက်နိုင်ပါတယ်။ တစ်ချို့ ကို တော့ မြန်မာလို ရင်းနှီးတဲ့အခေါ်လေးပါ ကွင်းထဲမှာ ထဲ့ရေးပေးထားပါတယ်။
ဒီတော့ ဒါတွေ ကူးသွားရင် ဘာဖြစ်မလဲဆိုတော့ သက်ဆိုင်ရာ ရောဂါတွေ၊ အနာတွေ ဖြစ်နိုင်ပါတယ်။ တစ်ချို့ကတော့ ခဏပါ။ ဥပမာ ပါးစပ်အနာတို့…. တုပ်ကွေးဖျားနာတာတို့… စတာတွေက အချိန်တစ်ခုဆို ပြန်ပျောက်နိုင်ပါတယ်။
ဒါပေမယ့် အသည်းရောင် အသားဝါ B ပိုးလိုဟာမျိုးကျတော့ ကူးပြီးတာနဲ့ တစ်သက်လုံးပါသွားမယ့် အရာဖြစ်သွားပါတယ်။ အဲ့လိုပါသွားပြီဆိုတော့ ကူးစက်ခံရသူနဲ့ တစ်အိမ်ထဲနေ အိမ်သားတွေပါ ထပ်ပြီး ကူးစက်ခံရနိုင်ချေ အရမ်းများပါတယ်။
ပြီးတော့ ပိုပြီး အန္တရာယ်များတာက ဦးနှောဏ်အမြှေးရောင်တို့၊ ကိုဗစ်တို့၊ နောက်ပြီး အသည်းရောင်အသားဝါကနေ အသည်းရောဂါ ထပ်ဆိုးလာတာတို့ဆိုရင် ဘဝတိမ်းပါးသွားနိုင်တဲ့အထိ ဆိုးရွားစေနိုင်ပါတယ်။
အခုပြောတဲ့ဟာတွေဟာ တံတွေးကနေ ကူးစက်နိုင်တာတွေ ဖြစ်တဲ့အတွက် ဟင်းချိုခွက်တွေသာမကပဲ ကျန်တဲ့ကိစ္စတွေ သူများတံတွေးအစလေး ကိုယ့်ပါးစပ်ထဲရောက်နိုင်ချေရှိတဲ့ အခြေအနေတွေမှာပါ ကူးစက်နိုင်ပါတယ်။ ဇွန်းတူတူသုံးတာတို့၊ သူများသောက်ပြီးသား ပိုက်ကနေ စုပ်သောက်တာတို့ပေါ့။
ဒါပေမယ့်အလည်း အခု သေချာ Focus ထားပြီး ပြောချင်တာကတော့ အလှူထမင်းဝိုင်းတွေ အလယ်က ဘုံသောက်ဟင်းချိုခွက်ကိုပါ။
အလှူရှင်အနေနဲ့ ကုသိုလ်ရဖို့ လှူပြီးကာမှ သတိမထားမိတဲ့ ပေါ့ဆမှုတစ်ခုဟာ သူများမိသားစု ဘဝလမ်းကြောင်းကို မရည်ရွယ်ပဲနဲ့ မကောင်းတဲ့အလှည့်အပြောင်းတစ်ခုလဲ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မလို့ အလယ်ဘုံသောက်တဲ့ဟင်းချိုခွက် ဓလေ့မထားပဲ တစ်ဦးစီကို ခွက်အသေးလေးတွေနဲ့ စီစဉ်ပေးမယ်ဆို ပိုကောင်း ပိုကုသိုလ်ရပါတယ်။
မတတ်သာလို့ပဲဖြစ်ဖြစ်၊ အလှူရှင်အနေနဲ့ မစီစဉ်နိုင်လို့ပဲဖြစ်ဖြစ် ဟင်းချိုကို အလယ်မှာ တစ်ခွက်ပဲ ချထားတယ်ဆိုရင်တော့ အလှူလာစားတဲ့သူတွေအနေနဲ့က အဲ့ခွက်ထဲကဇွန်းကို ကိုယ့်ပါးစပ်နဲ့ ထိမသောက်ပဲ ကိုယ့်ပန်းကန်ထဲသာ ဆမ်းစားခြင်းနဲ့ ဆင်ခြင်နိုင်ပါတယ်။ တကယ်လို့ ရှေ့က ပြောထားခဲ့တဲ့ ရောဂါတွေ ကူးမှာကို စိတ်မသန့်ရင် အဲ့ဟင်းချိုခွက်ကို ထိကို မထိပါနဲ့တော့။
” ဒါဆိုကွာ… ငါတို့ တစ်ချိန်လုံး ဘော်ဒါတွေနဲ့ ဟော့ပေါ့အိုးထဲ သူ့တူ ကိုယ့်တူနဲ့ စုပြုံနှိုက်နေတာ ဘယ်လိုလုပ်မလဲ ” ဆိုရင်……. ပြောရမယ်ဆိုရင်တော့ အဲ့လိုကိစ္စမျိုးဆိုရင် ဟော့ပေါ့အိုးက ကိုယ့်ရှေ့မှာတင် ပွတ်ပွတ်ဆူနေတဲ့အိုးဆိုတော့ တော်ယုံပိုးတွေ ကိစ္စတုံးပြီးသားပါ။ ပြီးတော့ ကိုယ်အတူတူစားနေတာက အကြောင်းသိမောင်းသိ ကိုယ့်ဘော်ဒါတွေလေ။ ဒါမလို့ တော့ relatively … စိတ်သန့်နိုင်ပါတယ်။
ခုနောက်ပိုင်း ဟော့ပေါ့ဆိုင်တွေတောင် တစ်ယောက်တစ်အိုး စတိုင်တွေလည်း ထားကုန်ကြပါပြီ။ဒီတော့ အလှူထမင်းဝိုင်းတွေအလယ်က ဟင်းချိုတစ်ခွက်ထဲထားပြီး ဘုံသောက်တဲ့ ဓလေ့ကို ဆင်ခြင်ပေးဖို့လိုပါတယ်။ ကျွန်တော့် personal အနေနဲ့ဆိုရင်တော့ အဲ့လိုခွက်ကို ထိကို မထိတော့ပါဘူး။ သူများကို ကျွန်တော် လိုက်ထိန်းချုပ်နိုင်တာမှ မဟုတ်တာ…။