News

ရေသန့်ဘူးအသစ်တွေမှာ အုန်းသီးနံ့လို အနံ့ရနေရတဲ့ နောက်ကွယ်က အကြောင်းရင်း

သောက်ရေသန့်ဘူးအသစ်တွေဝယ်သောက်ရင် အုန်းသီးနံ့လိုမျိုး သစ်သီးနံ့တွေ ရဖူးကြမယ်ထင်ပါတယ်။ ထိုအနံ့ကို အချို့က ကလိုရင်း အနံ့၊ အချို့ကလဲ အသီးနံ့ ပါအောင် တမင်ထည့်ထားတယ်၊ အချို့ကလဲ အိုဇုန်း ပိုးသ-တ်ဓာတ်ငွေ့ရဲ့အနံ့ စသည်ဖြင့် အမျိုးမျိုး ထင်မြင်ယူဆကြပါတယ်။ အမှန်တကယ်တော့ အဲဒီအနံ့ရဲ့ အရင်းအမြစ်က အက်ဆီတယ်ဒီဟိုက် (Acetaldehyde) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့်လို့ ယူဆရပါတယ်။

ကျွန်တော်တို့ ပလက်စတစ်ရေဘူးလို့ခေါ်တဲ့ (PET) ဘူးတွေကို ပြုလုပ်တဲ့အခါ မြင့်မားတဲ့ အပူချိန်နဲ့ PET ကို ပုံသွင်းရပါတယ်။ အဲဒီအခါမှာ အဆိုပါ အက်ဆီတယ်ဒီဟိုက်ဆိုတဲ့ ဓာတ်တစ်မျိုးဖြစ်ပေါ်လာပြီး PET ဘူးတွေရဲ့ နံရံအတွင်းမှာ ကျန်ရှိနေပါတယ်။ ထိုအနံ့ကို ပြင်းအားအလွန်နည်းသော (သစ်သီး)အနံ့ အဖြစ် ဖော်ပြကြပြီး ရေဘူးအတွင်း ရရှိသော အုန်းသီးနံ့ မှာ ထိုဓာတ်ကြောင့် ထွက်ပေါ်လာတဲ့ အနံ့လို့ ယူဆရပါတယ်။

PET ဘူးများအတွင်း အနံ့၊ အရသာရှိသော သစ်သီး ဖျော်ရည်များ၊ ကိုကာကိုလာကဲ့သို့ ဆိုဒါဖျော်ရည်များ ကိုထည့်သွင်းလျှင် ဖျော်ရည်၏ အနံ့သည် ထိုဓာတ်ပစ္စည်းရဲ့ အနံ့ကို သာလွန်သွားပြီး သိပ်မသိသာတော့‌ပေမဲ့ ရေကဲ့သို့ အနံ့၊ အရသာ မရှိတဲ့ အရည်မျိုးထည့်လိုက်ချိန်မှာတော့ ရံဖန်ရံခါ ထိုဓာတ်ရဲ့ အနံ့ကို ခံစားရတတ်ပါတယ်။

နိုင်ငံတကာမှာတော့ PET ဘူးများအတွင်း အက်ဆီတယ်ဒီဟိုက်ကို အနံ့၊အရသာ စံနှုန်းအဖြစ် 20–40 ppb သတ်မှတ်ကြပါတယ်။ရေဘူးများကို နေပူထဲ၊ နေပူထဲ ရပ်ထားသော ကားပေါ်မှာ အချိန်ကြာမြင့်စွာ ထားပြီး သောက်သုံးရင် အဆိုပါဓာတ်အပြင် တခြားဓာတုပစ္စည်းများ ပိုမိုထွက်ပေါ်လာစေပြီး အရသာ ပြောင်းနေတာ သတိထားမိကြမှာပါ။

ထို့အပြင် နေပူထဲအချိန်ကြာမြင့်စွာထားသည့် ပလပ်စတစ် PET ရေဘူးများကို သောက်သုံးလျှင် က-င်–ဆ-ာ ဖြစ်နိုင်ချေရှိသည်လို့ သိရပေမယ့် တိကျတဲ့ စံနှုန်းထားများ၊ စာတန်းများကိုတော့ မတွေ့ရပါဘူး။ သို့သော် ဘယ်လိုပဲဆိုပါစေ ထိုအခြေအနေမျိုးမှာ ရေထဲ ဓာတုပစ္စည်းများ ပျော်ဝင်နေနိုင်တဲ့ အတွက် မိမိအသိဉာဏ်ဖြင့် ကာကွယ်၊ သတိထားဖို့တော့လိုအပ်ပါမယ်။