(ဘုရားလာဖူးပြီး ကုသိုလ်မရပဲ အကုသိုလ်ပဲရရင် လာတာဘာအကျိုးရှိမှာလဲ) ကျိုက်ထီးရိုးမှာ သေးစော်နံခြင်း အကြောင်းအရင်းကို အဖြေရှာခဲ့တယ်။
ကျမတို့အဖွဲ့က တောင်ပေါ် ၂ ညအိပ်ခရီးမို့ ဒီဇင်ဘာ ၆ ရက် သောကြာနေ့ နေ့လည်လောက် တောင်ပေါ်ရောက်တယ်။ ဒီနှစ်မှာတော့ ကြားရက်တွေတောင် ဘုရားဖူးတွေများပြီး ရင်ပြင်မှာ အိပ်တဲ့သူတွေလည်း များပါတယ်။ အရင်လိုပဲ ဘုရားရဲ့ ဘယ်ဘက်အခြမ်းက အဆင်းလမ်းမှာ ညမွှေးပန်းနံ့တွေ မွှေးနေတုန်းပါပဲ။ အဆင်းလမ်းမှာလည်း ဘာနံ့မှမရှိ အဆင်ပြေပါတယ်။
နောက်ရက် စနေညမှာတော့ ဘုရားဖူးတွေ အရမ်းများလာပြီး ရင်ပြင်ပေါ် အိပ်တဲ့သူတွေနဲ့ ဘုရားဖူးတွေဟာ တနေရာကနေ တနေရာကို တန်းစီပြီးတိုးသွားနေရပါတယ်။ ညနက်လာချိန်မှာတော့ ရင်ပြင်ပေါ်မှာ လူပင်လယ်ကြီးလိုပဲ နေရာအနှံ့အိပ်တဲ့သူတွေနဲ့ ပြည့်နေပါတယ်။
နောက်တရက် တနင်္ဂနွေနေ့ မနက်မှာတော့ ညမွှေးပန်းနံ့တွေ မွှေးနေတဲ့နေရာမှာ သေးစော်တွေနံသလို အဆင်းလမ်းမှာလည်း နံပါတယ်။
သန့်ရှင်းရေးတွေက မိုးလင်းကတည်းက အမှိုက်တွေ သိမ်းလှည်းပေးနေကြပါတယ်။ တကယ်တော့ ဘယ်သူလုပ်တာလဲဆိုရင် ဘုရားဖူးတွေပဲ လုပ်တာပါ။ ရင်ပြင်ပေါ်အိပ်တဲ့သူတွေက အများသုံးအိမ်သာကိုပဲ အသုံးပြုရပါတယ်။ ညဘက်အေးတော့ သေးက ခဏခဏပေါက်ချင် လူပင်လယ်ကြီး ကျော်သွားရမှာ မသွားချင်လို့ နီးစပ်ရာပေါက်လိုက်ကြပုံပါပဲ။
ရေရှားတဲ့တောင်ပေါ်လိုနေရာမှာ အမှိုက်ဆို နာရီပိုင်းအတွင်း ရှင်းနိုင်ပေမယ့် ဒီအနံ့တွေတော့ အချိန်ပေးပြီး ပြန်လုပ်ရမယ်ထင်တယ်။ ဒါပေမယ့် ဒါက အမြဲမဟုတ်ပါဘူး။ လူများတဲ့နေ့ တခဏလေးပါ။ သန့်ရှင်းရေးကို နိုင်အောင်လုပ်ပေးကြပါတယ်။
ကျိုက်ထီးရိုးက ရင်ပြင်ပေါ်အိပ်တာ ဟိုအရင်တည်းက အစဉ်အလာဆိုတော့ မအိပ်ရလို့တော့ ရှိမှာမဟုတ်ဘူး။ တကယ်က ဘုရားဖူးတွေအနေနဲ့ ရင်ပြင်မှာ အိပ်မယ်လို့ စိတ်ကူးထားတဲ့သူတွေက လူများချိန် မသွားသင့်ပါဘူး။ တည်းခိုခန်းခစျေးကြီးရင် ရင်ပြင်မှာအိပ်မယ်လို့ စိတ်ကူးသွားတဲ့သူတွေက လူပါးတဲ့အချိန် သွားသင့်ပါတယ်။
ဘုရားဖူးသွားတယ်ဆိုတာ ကိုယ့်အတွက် ကုသိုလ်ထုပ်လေးရယ် ခရီးထွက်ရတဲ့အပန်းပြေမှု ပျော်ရွင်မှုလေးတွေနဲ့ အိမ်ပြန်ရမှာပါ။ ဘုရားပရဝုဏ်အတွင်း အညစ်အကြေးစွန့်တယ်ဆိုတာ သတ်မှတ်ထားတဲ့နေရာမှာတောင် အပြစ်လွတ်အောင်စွန့်ရပါတယ်။
ဘုရားနားမှာ အခုလိုစွန့်တယ်ဆိုတာကတော့ တော်တော်လွန်ပါတယ်။ ဘုရားလာဖူးပြီး ကုသိုလ်မရပဲ အကုသိုလ်ပဲရရင် လာတာဘာအကျိုးရှိမှာလဲ။ တကယ်တော့ ဘုရားသန့်ရှင်းရေးတွေအပြစ် မဟုတ်ပါဘူး ဘုရားဖူးတွေရဲ့ စုပ်ပဲ့တဲ့လုပ်ရပ်လို့ပဲ မြင်ပါတယ်။