လောကကြီးမှာ ၃၁ ဘုံဆိုတာရှိနေတယ်ဆိုတော့ တစ္ဆေ၊ သရဲလို့ခေါ်တဲ့ မသိသာ မမြင်သာတဲ့ ပရလောကသားတွေရှိနေတဲ့ကိစ္စကို ယုံတယ်၊ မယုံဘူး လွယ်လွယ်ပြောလို့မရပါဘူး။ လေကို မမြင်ရပေမယ့် ပတ်ဝန်းကျင်မှာ သစ်ပင်တွေယိမ်းနွဲ့နေတာကြည့်ပြီး တစ်နည်းနည်းနဲ့လေရှိနေတာကို လက်ခံကြရပါတယ်။
သရဲ၊ တစ္ဆေတွေ တကယ်ရှိနေတာတော့ သေချာပါတယ်။ အထူးသဖြင့် လောလောလတ်လတ် သေဆုံးသွားပြီး ချက်ချင်းမကျွတ်လွတ်နိုင်သေးဘဲ တစ်ခုခု တစ်နေရာရာကို စွဲလမ်းသွားလာ လှုပ်ရှားနေတဲ့ ဝိညာဉ်ဆိုတာတွေ ရှိနေတတ်ပါတယ်။
သရဲ၊ တစ္ဆေ၊ ပြိတ္တာတွေမှာ နေစရာ၊ စားစရာ၊ သွားလာစရာအတွက် အမြဲလိုလို အခက်အခဲတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် သူတို့တွေ အခက်အခဲဖြစ်လာတဲ့အခါ သူတို့အခက်အခဲ၊ လိုအပ်ချက်တွေကို သူတို့ကိုယ်စား ပြောပေးနိုင်မယ့်သူတွေဆီမှာ အကူအညီတောင်းလေ့ရှိကြတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။
ဒီလိုအခက်အခဲတွေကနေ အနည်းငယ်ကူညီနိုင်မယ့်သူရှိရင် အဲဒီလူကို သူတို့အကြောင်းသိစေပြီး သူတို့ အနေ၊ အစားအတွက် အကူအညီတောင်းလေ့ရှိကြပါတယ်။ ကိုယ်ထင်ပြတာမျိုး၊ အသံပေးခြင်း၊ အနံ့ပေးခြင်း၊ အရိပ်အယောင်ပြခြင်း စသဖြင့် သက်ရှိလူသားတွေသိရအောင် ပြသလေ့ရှိပါတယ်။
ဆယ်ခါပြပေမယ့် တစ်ခါမြင်ဖို့ မလွယ်ကူနိုင်တဲ့အတွက် မမြင်မြင်အောင်၊ မကြားကြားအောင် လုပ်တဲ့အခါ ရုတ်တရက်ဗြုန်းခနဲ မြင်သွား၊ ကြားသွားတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီအခါ လူတွေက ဒါကို သရဲခြောက်တယ်လို့ ခေါ်နေကြတာပါ။အမှန်တော့ သရဲဆိုတာ ကြောက်စရာမဟုတ်ဘဲ သနားစရာပါ။ သူတို့ လိုအပ်ချက်တွေ၊ ဆန္ဒတွေကနေ ခြောက်လှန့်သလို ဖြစ်သွားရတာမို့ သူတို့ကြောင့် ခြောက်လှန့်သလို ကြုံလာရရင် သာဓုခေါ်၊ အမျှပေးဝေသင့်ပါတယ်။
သရဲ၊ တစ္ဆေဆိုတာ တကယ်တော့မြင်ဖူးသူရှားပါတယ်။ လက်ခံသူတွေရှိကြသလို၊ လက်မခံသူတွေလည်းရှိနိုင်ပါတယ်။ သရဲကိုမြင်နိုင်တဲ့ လူတွေဟာလည်း အနည်းအကျဉ်းပဲရှိပါတယ်။ တချို့ကတော့ “သရဲ၊ တစ္ဆေကိုမြင်ရတဲ့သူတွေဟာ လိပ်ပြာငယ်တဲ့သူတွေ ဖြစ်တယ်၊ ကံဇာတာညံ့နေတဲ့အခါမျိုးမှာ မြင်ရလေ့ရှိတယ်” လို့ ပြောကြတာတွေရှိပါတယ်။ အချို့ကလည်း တစ္ဆေသရဲကို ကံညံ့နေသူတွေသာ တွေ့နိုင်တယ်။ ကံဇာတာမြင့်တက်နေသူတွေ တစ္ဆေသရဲကို မမြင်နိုင်ဘူးလို့ ဆိုကြပြန်ပါတယ်။
ဆိုတော့….သင်ရောသရဲမြင်ဖူးလား? မြင်ဖူးတဲ့အတွေ့အကြုံရှိရင် ဘယ်လိုမြင်ခဲ့သလဲဆိုတာ comment မှာ မျှဝေပေးခဲ့ကြပါဦးဗျာ။