Myanmar History

ထွက်ရပ်ပေါက် ပုဂ္ဂိုလ် ဘိုးတော်ပွင့်အကြောင်း

ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်း ဂိုဏ်းတော်ချုပ် ဘိုးတော်ပွင့်သည် တပည့်ပေါင်းမြောက်မြားစွာဖြင့် မိမိနေထိုင်ရာဒေသ ကျုံမငဲ့ကျေးရွာမှ မဆယ်ဆိပ်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ဘိုးတော်ပွင့်၏ အိမ်သည် ဓနိမိုးကို ဖျက်လျက်သွပ်မိုးဖြစ်သည်။ ထိုအချိန်တွင် အမည်မသိ ဘုန်းကြီးတစ်ပါးသည် (သက်တော် ၅၀ ခန့်) ရှိမည်ဟု ခန့်မှန်းအပ်ပါ၏။ နောက်မှ ကျောင်းသားငယ်တစ်ယောက်နှင့်အတူ ကြွရောက်တော်မူလာပြီး ဘိုးတော်ပွင့်အား ကိစ္စပြီးကြောင်း ပြောဆိုလေရာ ဘိုးတော်ပွင့်က ဘုန်းတော်ကြီးအား ၎င်းအချိန်က အင်မတန်အသွားအလာ ခက်ခဲသော မော်လမြိုင်ခရီးလမ်းတွင် ဆရာတော်အား နာနတ်သီးနှင့် တောင်ဝှေးပို့ခိုင်းရာတွင် နောက်တစ်နေ့ နံနက်စောစော၌ ကျောင်းသားလေးလာရောက်ပို့ဆောင်ရာ ထိုပစ္စည်းကိုကြည့်လျက် ထိုဆရာတော်ထွက်ရပ်ပေါက်သွားကြောင်း၊ ထိုဆရာတော်သည် သုံးဆူရောက် ပထမစခန်းနှင့်ပင် အောင်မြင်သွားကြောင်း ဘိုးတော်ပွင့်ကိုယ်တိုင်ပြောကြားခဲ့သည်ကို မှတ်သားရပါသည်။

သာသနာသက္ကရာဇ် (၂၅၀၀) ပြည့်သည့်နှစ်၊ ကောဇာသက္ကရာဇ် (၁၃၁၈)ခုနှစ်၊ ဝါဆိုလဆုတ်(၆)ရက်နေ့၊ နေ့လယ်(၁)နာရီ (၁၅)မိနစ်အချိန်၊ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ဗားကရာထင်းပွဲတန်းလမ်း၊ အိမ်အမှတ်(၁၀၄)နေ ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်း ဂိုဏ်းတော်ချုပ် ဘိုးတော်ပွင့်သည် ဒေါ်ငွေယုံတို့၏ ပျဉ်ထောင်သွပ်မိုး အုတ်လှေကား တစ်ထပ်အိမ်ကြီးတွင် တပည့်ပေါင်းများစွာရှိနေ၏။ တချို့ တပည့်တို့ကလည်း ဘိုးတော်ပွင့်၏ စကားပြောရင်း၊ တရားဟောရင်း အကောင်းပကတိမှ ဝင်လေ ထွက်လေရှုရင်း ထွက်ရပ်ပေါက်သွားသော ဥတုဇရုပ်ကလာပ်အား ရင်သပ်အံ့ဩ နှမြောတသဝမ်းနည်းကြလေ၏။ ထိုအချိန်တွင် သက်တော် ငါးဆယ်ကျော်ခန့်ရှိဘုန်းတော်ကြီး ဆရာတော်ဦးဝါယမသည် တပည့်အပေါင်းတို့အား ငြိမ်ငြိမ်ဆိတ်ဆိတ် နေကြရန် အမိန့်ရှိခဲ့လေသည်။

အို…….တပည့်အပေါင်းတို့၊ သင်တို့ ငါတို့၏ ဆရာဘိုးတော်ပွင့်၏ ရုပ်အလောင်းသည် သာမန် ရပ်သူရွာသားများကဲ့သို့သော အညတြပုဂ္ဂိုလ်မဟုတ် အထက်ဆရာကြီးများကိုယ်တိုင် မ,စ စောင့်ရှောက်သော ပါရမီဘုန်းကံနှင့် ပြည့်စုံလှသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်သောကြောင့် သာမန်ရပ်သူရွာသားများကဲ့သို့ ကြံတောသုသာန်တွင် မြှုပ်နှံထားရှိမည်ကို ငါသည် မနှစ်သက်၊ ဘိုးတော်ပွင့်၏ ပထမမှာကြားချက်ရှိသည့်အတိုင်း ငါနေထိုင် သီတင်းသုံးရာဌာန ကေလာသတောင် စခန်းသို့ ပို့ဆောင်ကြရမည်။
အကယ်၍ တပည့်တို့က ပြုစုချီးမြှောက်ပူဇော်လိုကြလျှင် ဤဗားကရာတွင်ပင် (၇)ရက်ပတ်လုံး ပူဇော်ပွဲ ကျင်းပကြလေ။ (၇)ရက်ကျော်လျှင် ငါသည် ဤဆရာကြီး(ဘိုးတော်ပွင့်)၏ ရုပ်အလောင်းကို ကေလာသတောင်သို့ ယူဆောင်ရလိမ့်မည်။ ငါ၏စကားအတိုင်း မလိုက်နာကြလျှင် ဤနေ့မှစ၍ သင်တပည့်တို့ပြုဖွယ်ကိစ္စအဝဝတို့တွင် အနှောက်အယှက်နှင့်သာ ကြုံတွေ့ကြရလိမ့်မည်။ ဤသို့ပြောဆိုမှာထားပြီးသည်နှင့် အိမ်ပေါ်မှာ မရှိတော့ချေ။

၁၃၁၈ ခုနှစ်၊ ဝါဆိုလဆုတ် ၁၂ ရက်နေ့တွင် အရှေ့ဆုံးမှ ဘုန်းတော်ကြီးများနှင့် အတူ ဘိုးတော်ပွင့်၏ ရုပ်အလောင်းသေတ္တာနှင့် တကွ အနောက်မှ တပည့်ပေါင်းများစွာတို့သည် ကားအစီး ၅၀ ကျော်ဖြင့် ရွှေတိဂုံစေတီတော်ကြီးအား ဦးတည်ကာ လှည့်ပတ်ဖူးမြော်ကြပြီး ကွမ်းခြံဘူတာကြီး (ယခုရန်ကုန်ဘူတာကြီး) သို့ ပို့ဆောင်ကာ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်၊ ဝါဆိုလဆုတ် ၁၃ ရက်၊ နံနက်စောစော မော်လမြိုင်ရထားပေါ်သို့ တင်ဆောင်ကာ ထွက်ခွာလာခဲ့ကြပါတော့သည်။
စစ်တောင်းမြစ်အနီးသို့ ရောက်သောအခါ အလောင်းသေတ္တာကို ဆိုက်ကပ်ထားသော စီဘီစက်တပ်ဆိပ်ခံသော သင်္ဘောကြီးပေါ်သို့တင်ပြီး ကျိုက်ထိုမှ လာရောက်ကြိုဆိုနေကြသော ဦးချန်ထွန်း ခေါင်းဆောင်သည့် ဆရာလှ၊ ဆရာထွေတို့ အပါအဝင် အတီး အမှုတ်၊ အကအခုန်တို့နှင့်အတူ ဘိုးတော်ပွင့် အလောင်းသေတ္တာအား ရွှေ့ပြောင်းသယ်ယူကြသည်။

ကျွန်ုပ်တို့သည် ဘိုးတော်ပွင့်ရုပ်အလောင်း သေတ္တာကိုရထားပေါ်မှ သယ်ယူထမ်းဆောင်ကြပြီး ဆရာတော်၏ အမိန့်ကိုနာခံ စောင့်ဆိုင်းနေကြစဉ် ဆရာတော်သည် တပည့်တို့ ယခု ဆက်လက်သွားရမည့် ခရီးလမ်းသည် အများနှင့် မပတ်သက်၊ တောကြားတောင်ကြား
အထပ်ထပ်မှ ကေလာသတောင်စပ်သို့အရောက် ထမ်းဆောင် သယ်ယူသွားရမည့်အတွက် ခရီးလမ်းမသာယာ၊ ကြမ်းတမ်းသောကာလဖြစ်၍ ရန်ကုန်မှ၊ နယ်မှ လိုက်လံပို့ဆောင်ကြကုန်သော တပည့်တို့သည့် ဤတောင်စွန်းမြို့အတွင်းမှာပင် နေရစ်ကြကုန်လော့။ တောတွင်းမှ တပည့်များကသာလျှင် ဤဆရာကြီး၏ ရုပ်အလောင်းသေတ္တာကို ငါနှင့်အတူ ငါ၏ သီတင်းသုံးရာဖြစ်သော ပန်းထိမ်တောင်သို့ အရောက်ပို့ဆောင်ကြရမည်ဟု အမိန့်ရှိ၏။ ထို့နောက် ကျွန်ုပ်ကို တစ်ပါတည်း လိုက်လာစေလျက် ဆရာကြီး၏ တပည့်ရင်းဖြစ်သူ ဦးဘကလေးကို ခေါ်ဆောင်ပြီး ဆရာတော်တောင်ခြေတွင်နေထိုင်ကြသော ဦးခေါက်ထူ၊ ဦးထွေ၊ ဦးကျွေတို့နှင့်အတူ ဆရာကြီး၏ ရုပ်အလောင်းသေတ္တာကိုထမ်းကာ တောင်စွန်းမြို့ကလေးရှိ ဝင်းတံခါးပေါက်မှ ထွက်ခဲ့ကြလေ၏။ တောတန်းတွေအကြားမှ ယူဆောင်လာကြရင်း စမ်းချောင်းကလေးတစ်ခုကို ဖြတ်ကျော်ထိုးထားသော တံတားကလေးပေါ်မှ ကျော်နင်းလာကြပြီး ထိုတစ်ဖက်ကမ်းရှိ ကောက်ရိုးပုံပမာ ကျောက်တောင် အသေးကလေးနှစ်ခုအကြားမှ မြေနီလမ်းအတိုင်း လျှော်လာရာ ပန်းထိမ်တောင် ခြေရင်းရှိ ဆရာတော် သီတင်းသုံးသောကျောင်းသို့ ရောက်ခဲ့ပါတော့သည်။ ကျွန်ုပ်တို့သည် ထိုကျောင်းကလေးပေါ်တွင် ဘိုးတော်ပွင့်၏ ရုပ်အလောင်းသေတ္တာကို ခေတ္တချ၍ အနားယူကြသည်။

ကျွန်ုပ်တို့သည် ကိစ္စအဝဝတို့ကို ပြုလုပ်ကြပြီး ဝါခေါင်လဆန်း ၁ ရက်နေ့၊ နံနက် ၃ နာရီခန့်အချိန်တွင် အလောင်းသေတ္တာကို ကျွန်ုပ်နှင့် ဦးဘကလေးက သယ်ယူထမ်းဆောင်ကာ ဆရာတော်ကရှေ့မှ မီးပြလျက် ပန်းထိမ်တောင်ကလေး၏ အထက်သို့ ထမ်းတက်ခဲ့၏။ ပြီးလျှင် ထန်းလက်မိုး၊ ပျဉ်ကာ တဲကျောင်းကလေး၏အနီးတွင် နေရာချထားလိုက်ကြသည်။ ကန်တော့ပွဲသုံးဖီးဆိုင်တစ်ပွဲနှင့် အထက်ဆရာကြီးများအား ပင့်ဖိတ်လှူဒါန်းပြီး ဖယောင်းတိုင်၊ အမွှေးတိုင်၊ ရေမွှေးနံ့သာများ လှူဒါန်းဆက်ကပ်၊ ဘုရားဝတ်ပြု၊ အမျှဝေမေတ္တာပို့ခဲ့ကြသည်။ မေတ္တာသုတ်၊ ရတနသုတ်၊ ပရိတ်တော်များရွတ်ဖတ်၊ ဆုတောင်းတော်ကြီးကို သုံးခေါက် ပြိုင်တူရွတ်ဆိုဆုတောင်းကြပြီး ဂြိုဟ်ကြီးရှစ်လုံးဂါထာ၊ (၂၄) ပစ္စည်းခေါ် ပဋ္ဌာန်းဒေသနာ၊ သမ္ဗုဒ္ဓေ၊ ဓာရဏပရိတ်၊ စက်ပရိတ်တို့ ရွတ်ဖတ်သရဇ္ဈာယ်၍ တဲကျောင်းကလေးနှင့် ဘိုးတော်ပွင့်၏အလောင်းသေတ္တာ ဘေးတစ်ဝိုက် ရေစင်များဖြင့် ပက်ဖျန်းစည်းချထားကြပါသည်။

(၄၉) ရက်စေ့သောနေ့မှ ရုပ်အလောင်းသေတ္တာကို ဖွင့်ကြစို့ဟု ဤနေရာသို့ မရောက်ဖူးကြကုန်သော ဂိုဏ်းတော်သားကြီးများဖြစ်သော ဘိုးတော်ပွင့်၏ တပည့်ကြီးများ အပါအဝင် အထောင်မှ ဆရာနီနှင့် မလှိုင်မှ ဆရာစိန် အစရှိသော ဆရာကြီးနှစ်ယောက်ကို အထူးအာရုံပြု၍ ဘိုးတော်ပွင့်အား တိုင်ကြားခေါ်ယူရောက်ရှိလာကြရာ ဘိုးတော်ပွင့်ကိုယ်တိုင် လာရောက်ခေါ်ယူကြောင်း သိရှိခဲ့ရပြီး ဘိုးတော်ပွင့်၏ ရုပ်သေတ္တာကို ဖွင့်လှစ်ကြည့်ကြရာ အပိုထည့်ပေးလိုက်သော လုံချည်တစ်ထည်သာလျှင် ကျန်ရစ်တော့သည်၊ တခြားဘာမျှ မရှိတော့ချေ။ ပထမံထွက်ရပ်ပေါက် မဟိဒ္ဓိ ဘိုးတော်ပွင့်၏ ထွက်ရပ်ပေါက်အကျဉ်းကို ဖော်ပြလိုက်ပါသည်။

ဤအထက်ပါအကြောင်းအရာကို ရသေ့ကြီး ဦးသာသနရေးသားထားသော မဟိဒ္ဓိစေ ဂိုဏ်းတော်ကြီး စာအုပ်မှ ပြန်လည်ကူးယူဖော်ပြ ရေးသားထားခြင်းဖြစ်သည်။