အွန်လိုင်းပေါ်မှာ မိုးလေဝသ သတင်းတွေ တိကျမှန်ကန်လွန်းလို့ မိုးမင်းသမီးလေးလို့ နာမည်ကြီးနေတဲ့ စုစုစံကတော့ ကွယ်လွန်သူ မိုးလေဝသပညာရှင်ကြီး ဦးထွန်းလွင်ကို ဒဲ့ဝေဖန်လိုက်ပါတယ်။ ဝေဖန်မှု အပြည့်အစုံကို အောက်မှာ ဖော်ပြလိုက်ပါတယ်-
“ဦးထွန်းလွင်ထံမှ ပညာသင်ယူခဲ့ခြင်း မရှိပါဘူး။ ရှေးရိုးတွေ မကြိုက်နှစ်သက်ပါ။ တိုင်းနဲ့ ပြည်နယ် နေရာကျဲကျဲ နေရာစိတ်စိတ်၊ ရွာရန် ရာနှုန်း ဘယ်လောက်ဆိုတာတွေက တောင်သူလယ်သမားတွေအတွက် ထိရောက်တဲ့ အကျိုးပြုမှု မရှိပါဘူး။ အဆင့်မြင့် ပညာရပ်သည်သာ ခရိုင် မြို့နယ်တွင်မက ကျေးရွာတွေအထိ လိုက်ခန့်မှန်းပေးနိုင်ပြီး ရွာမယ်ဆိုရင် အတိအကျရွာတယ်။ ရက်ဝေးတွေ လဝေးတွေအထိ ခန့်မှန်းပေးနိုင်တယ်။ ဒါကြောင့် ပညာရပ်ခြင်း မတူပါဘူး” လို့ ဝေဖန်သွားခဲ့ပါတယ်။
ထိုသို့ ဝေဖန်လိုက်တာကြောင့် မိုးလေဝသသတင်းစောင့်ဖတ်သူတွေကတော့ စုစုစံ တယောက် နာမည်ကြီးလို့ မာနပါကြီးသွားပြီလားလို့ မှတ်ချက်ပေးနေကြပါတယ်။ လတ်တလောမှာ စုစုစံဟာ အမျိုးသားလား၊ အမျိုးသမီးလား၊ အသက် ၆၀ ကျော် သင်္ဘောသားဟောင်း အဖိုးကြီးလားဆိုတာ မသဲကွဲသေးပါဘူး။
ပရိုဖိုင်ပုံမှာ တင်ထားတဲ့ အမျိုးသမီးပုံဟာ သူ့ရဲ့ သမီးအငယ်ဆုံး ပုံလို့လည်း ပြောနေကြပါတယ်။ Su Su ဆိုတဲ့ နာမည်ဟာ သမီးအငယ်ဆုံးရဲ့ နာမည်လို့လည်း စုစုစံ ကိုယ်တိုင် ဝန်ခံထားပါတယ်။ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တဲယာကျေးရွာဇာတိဖြစ်တယ်လို့လည်း စုစုစံက ပြောသွားပါတယ်။ အဲဒါကြောင့် အရင်က ပြောခဲ့တဲ့ ရန်ကုန် မုန့်လက်ဆောင်းကုန်းသူ၊ ကလေးမြို့သူဆိုတဲ့ စကားတွေနဲ့လည်း မကိုက်ညီတော့ပါဘူး။
ပရိသတ် အများစုကတော့ စုစုစံရဲ့ အကောင့်ကနေ လိုက်ဖ်လွှင့်လိုက်ရင် အဲဒီ သံသယတွေ အားလုံး ပြီးသွားလိမ့်မယ်လို့ မှတ်ချက်ပေးနေကြပါတယ်။ မိုးမင်းသမီးလေး စုစုစံကတော့ တချိန်မှာ လိုက်ဖ်လွှင့်ပြသွားမလား ဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။