News

အကြော်ရောင်းပြီး သိန်းသုံးထောင် ချမ်းသာသွားတဲ့ ဝိုင်းခြုံမ နောက်ကွယ်က လူတွေ မသိသေးတဲ့ အကြောင်းရင်း

အကြော်ရောင်းတာ သိန်းထောင်ကျော် ချမ်းသာနေလို့ အားကျခံနေရတဲ့ မိန်းကလေး နာမည်က ဝိုင်းခြုံမ တဲ့။ အညာဒေသက မိန်းကလေး‌တွေရဲ့ ငယ်နာမည် တခုပေါ့။ နာမည်နဲ့တင် အညာ အငွေ့အသက်က ပါပြီးနေပြီ။ အကြော်ရောင်းရင် အဲ့လောက်ချမ်းသာတာ အမြတ်အများကြီး တင်လို့နေမှာပေါ့ ဆိုသူတွေလဲ တွေ့ရတယ်။ တကယ်တော့ သမာအာဇီဝ ချမ်းသာလာတာမို့ အားကျ အတုယူစရာပါ။

အကြော်ရောင်းတယ်ဆိုပေမယ့် သူက သူ့အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်ကို နားလည် နှံ့စပ်ပုံရပါတယ်။ အွန်လိုင်းမှာ ကြော်ငြာတင်ထားတဲ့ အကြော်ဗန်းရဲ့ Display ကို ကြည့်ပါ။ စားချင်စရာ product display နဲ့ ဆွဲဆောင်ထားတယ်။ နောက် သူ့ ရဲ့ public relationship အရမ်းကောင်းပါတယ်။ အကြည်ဓာတ်နဲ့ အင်တာဗျူးတွေ ဖြေနေတာ သိသာပါတယ်။ အဓိကအချက်ကတော့ ဆွေမျိုးတွေ အုပ်စုလိုက် အင်အားတောင့်တောင့် နဲ့ နောက်ကနေ ပံ့ပိုးပေးနေတာပါပဲ။ ဒီအတွက် မိသားစု လုပ်ငန်းကို တကယ့် မိသားစု အစစ် နဲ့ လုပ်ခွင့်ရနေတာမို့ အဲ့တာ သူ့အားသာချက်ပါပဲ။

ကိုယ့်ဆွေမျိုး တွေ ရှိရင် မေးကြည့်ပါဦး။ ငါတို့စီးပွားရေး တခု အတူတူ သစ္စာ ရှိရှိ လက်တွဲ လုပ်ကြမလား ဆိုတာ၊ အားလုံးက ခေါင်းဆောင် ဖြစ်ချင်ကြမယ်။ တယောက်တပေါက် လုပ်ချင် လုပ်ကြမယ်။ ငါ့အမ ပိုင်တာ ငါ သုံးချင်သလို သုံးမယ်။ ငါ ပို သုံးလိုက်လဲ ပြီးကျ ရှင်းပြလိုက်မယ်။ စသဖြင့်၊

ဆွေမျိုး ဆိုတဲ့ ဇာတ်ကားလေး တကား ရှိတယ်။ အကြည်တော်ရဲ့ ဝတ္ထု လား မသိဘူး။ မင်းသားက ပြေတီဦး၊ အိနြ္ဒာကျော်ဇင် လို့ထင်တယ်။ ၂ ဖက် ဆွေမျိုးတွေချည်း ရန်ကုန် ခေါ်ချ လာပြီး ထမင်းဆိုင် ဖွင့်ကြတာ။ စားသုံးသူက နဲနဲ။ ဆွေမျိုးတွေက စားသုံးသူ လာတာတောင် ဝတ်ကြေတန်းကြေ အလုပ်မလုပ်ချင်ဘူး။ ဆိုင်ရောင်းဖို့ ထားတဲ့ ဟင်းအိုးထဲက စားဦးစားဖျားတွေ ခူးခပ်စားတယ်။ အများကြီး ထည့်စားတယ်။ သူ ၂ တုံးစားရင် ငါ ၃ တုံးထည့်စားမယ် ဆိုပြီး လုပ်တယ် ။ နောက်တော့ လက်မယားကွဲတယ်။ ဆိုင်လဲ ပိတ်လိုက်ရတယ်။ ဟာသပေါ ကားဆိုပေမဲ့ စာရေးသူက အကြည်တော်လေ။ ပေးချင်တဲ့ မက်ဆေ့ တွေ ရကြမှာပါ။

သူ အကြော်ရောင်းလို့ ဖြစ်ထွန်းရင် ငါလဲ လိုက်ရောင်းမယ် ဆိုပြီး အပေါ်ယံ အတွေးလောက်နဲ့တော့ ကြုံရာ စီးပွားရေးတွေ လုပ်လို့မဖြစ်ပါဘူး။ အဓိကက ကိုယ်လုပ်မဲ့ လုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ဖို့ပဲ။ ဦးစီးသူ ပီသဖို့ပဲ။ နောက်လိုက်တွေကလဲ နောက်လိုက်ကောင်းပီသဖို့ပဲ။ သစ်တပင် ကောင်းရင် ငှက်တသောင်း နားနိုင်တယ်ဆိုတာ အဲ့ဒီငှက်တွေကလဲ ဒီ သစ်ပင်ရဲ့ အကျိုးပျက်စီးရာ ပျက်စီးကြောင်း ကို မလုပ်မိ ဖို့လိုတယ်။ ငှက်တသောင်းသာ နေ့စဉ် သစ်ခက် သစ်ရွက်တွေ၊ အသီးတွေကို ချို့ဖဲ့ ထိုးဆိတ် လိုက်ရင် အဲ့သစ်ပင်လဲ အသက်ရှည် မှာ မဟုတ်ဘူးပေါ့။ ဒါက သူမဆီက ရတဲ့ အတွေးတစပါ။

သူ့မှာ စီးပွားရေး ဘယ်ချိန်တိုးချဲ့ရမလဲဆိုတဲ့ စီးပွားရေးအစီအစဉ်တွေလဲ ရှိနေပါသေးတယ်။ ဘယ်လိုဆွဲဆောင် ရမလဲ။ ဘယ်လို ပေါက်အောင် လုပ်ရမလဲ။ မတထောင်သားကို ဘယ်လို အုပ်ချုပ်စီမံရမလဲ ဆိုတဲ့ မမြင်ရတဲ့ အရည်ချင်းတွေကြောင့် အချိန်တိုနဲ့ အောင်မြင်လာတာပါပဲ။ အင်္ဂလိပ် လိုဆို Passion ပေါ့။ ကိုယ်ဦးတည်ရာ ရောက်အောင် လုပ်တဲ့ ဒီ Passion ကြောင့်ပဲ ဒီလို အောင်မြင်တာပါ။ ကောင်းတဲ့ အပိုင်းတွေကို အတုယူ နိုင်ကြပါ‌စေ