News

လွန်ခဲ့တဲ့ နှစ် ၆၀ ခန့်က အရှေ့တောင်အာရှမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ရွှေမန်းမေ မြန်မာ့မီးရထား

လွန်ခဲ့တဲ့ နှစ် ၆၀ ခန့်က အရှေ့တောင်အာရှမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ရွှေမန်းမေ မြန်မာ့မီးရထား

ရွှေမန်းမေ မီးရထား သည် မန္တလေးမြို့ မှ ရန်ကုန်မြို့ သို့ ပြေးဆွဲခဲ့သော မီးရထားလိုင်း တခုဖြစ်ပါတယ်။ ၁၉၅၉ နှစ်ဆန်းပိုင်းမှစတင်ပြီး မြန်မာ့မီးရထား မှပြေးဆွဲခဲ့ခြင်းဖြစ်ကာ အိပ်စင်၊ အထူးတန်း၊ ရိုးရိုးတန်းတွဲဆိုင်းများ၏ သန့်ရှင်းသပ်ရပ်မှုမှာလည်း တိုးတက်ခဲ့ပါတယ်။

မြန်မာ့မီးရထားမှ အထက်တန်းမီးရထားခရီးသည်များ သက်သာချောင်ချိစေရန်နှင့် သက်တောင့်သက်သာ ဖြစ်စေရန် ရည်ရွယ်၍ အထက်တန်းလူစီးတွဲသစ်များကို ဂျပန် စ-စ်လျော်ကြေးများဖြင့် ဂျပန်နိုင်ငံမှ မှာယူခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ တွဲသစ်များကို ယခင် ပထမတန်းတွဲ နှင့် ဒုတိယတန်းတွဲများတွင် အစားထိုးပြီး ရန်ကုန်-မန္တလေး အစုန်အဆန် စာပို့ရထားများ အဖြစ် ပြေးဆွဲစေခဲ့ပါတယ်။

အထက်တန်းတွဲသစ်ကြီးများတွင် ရွှေမန်းမေ ၊ ဒဂုံမေ စာတမ်းများချိတ်ဆွဲထားခဲ့ပါတယ်။ အတွင်းပိုင်းတွင် ကတ္တီပါဖုံးများ၊ အိပ်ရာထိုင်ခင်းများ၊ အရောင်တောင်ပသော အတွင်းသစ်သားများ၊ ရေခလုတ်၊ ကြည့်မှန်၊ အိမ်သာ၊ မီးဆိုင်း၊ ပန်ကာ စသည့်ဖြင့် ခရီးသည်များ သက်တောင့်သက်တာရှိ၍ စိတ်တိုင်းကျခဲ့ကြပါတယ်။ အဆိုပါတွဲများ၏ တန်ဖိုးသည် ထိုခေတ်ကျပ်ငွေ တစ်သိန်းခွဲ ဖြစ်ပါတယ်။ အမြင့်ဆုံး အမြန်နှုန်း တနာရီ ၄၅မိုင်နှုန်းဖြင့် ပြေးဆွဲကြာချိန် (၁၀)နာရီဖြင့် ပြေးဆွဲနိုင်ခဲ့ပါတယ်။

သက်ဆိုင်ရာဌာနမှ တေးရေးဆရာရွှေပြည်အေးအား ရထားအတွက် သီချင်းအပ်ရာ ဆရာရွှေပြည်အေးက ရွှေမန်းမေဇာတ်ကားတွင် မာမာအေးသီဆိုခဲ့သောသီချင်းကို ခင်ယုမေနှင့် ပြန်လည်အသံသွင်းစေခဲ့ပါတယ်။ ခင်ယုမေ ထပ်မံသီဆိုသောသီချင်းတွင် မီးရထားနှင့်လိုက်ဖက်အောင် မီးရထားခုတ်မောင်သံများ၊ မီးရထားဥဩသံများကို သီချင်းသံစဉ်နှင့်အညီ ထည့်သွင်းတီးမှုတ်စေခဲ့ပါတယ်။

ထိုသီချင်းကို ရွှေမန်းမေ မီးရထားကြီး မန္တလေး-ရန်ကုန် ခုတ်မောင်းစဉ် ဖွင့်ခဲ့ပြီး လူကြိုက်များကာ အထူးအောင်မြင်ကျော်ကြားခဲ့ပါတယ်။ ရွှေမန်းမေသီချင်း မူရင်းသီဆိုသူကိုလည်း ခင်ယုမေဟုပင် ပရိသတ်အများက ထင်မှတ်ခဲ့ကြပါတယ်။ ထိုကဲ့သို့ အရှေ့တောင်အာရှမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ မီးရထားအဆင့်ကနေ ထပ်မံ မြှင့်တင်နိုင်ခြင်း မရှိခဲ့ဘဲ လက်ရှိအချိန်မှာ မြန်မာ့မီးရထားရဲ့ အဆင့်ဟာ နိမ့်ကျလျက် ရှိပါတယ်။ သံလမ်း မရှိတဲ့ ဘူတာများ၊ ရထားမလာတဲ့ ဘူတာများ အများအပြား ရှိနေပြီး တနိုင်ငံလုံးကိုလည်း ရထားလမ်း ကွန်ယက် လွှမ်းခြုံနိုင်ခြင်း မရှိတော့ပါဘူး။