“မင်းခေါင်..ရေ. မြန်မြန်လုပ်ပါဟ ကားထွက်တော့မယ် မင်းမလဲ အိမ်သာတစ်ခါတက်ရင် ထွက်ကို မထွက်လာတော့ဘူး” စိတ်မရှည်စွာဖြင့် ပြောဆိုရင်း ကိုထွန်းဇံ တစ်ယောက် လွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ “လာပါပီ ကိုထွန်းဇံရယ် ညက မျှစ်ချဉ်ဟင်းက အစွမ်းပြနေလို့ပါဗျာ” “ကဲ ကားပေါ်တက်တော့ ဟိုမှာမင်းကိုပဲစောင့်နေကြတာ ဘုရားဖူးတွေစုံပီလားဟေ့ ကိုယ့်လူကိုယ်စစ်ဦးနော် တော်ကြာ ကျန်နေခဲ့ဦးမယ်” ကာလသားခေါင်းဆောင် ကိုထွန်းဇံက စိုးရိမ်တကြီး လှမ်းမှာရင်း ကားခေါင်းခန်းထဲ ဝင်ထိုင်လိုက်သည်။ ကားခေါင်းခန်းမှာ ထိုင်နေရင်း လွယ်အိတ်ထဲက ကွမ်းယာတစ်ယာထုတ်ဝါးနေလိုက်သည်။ “ဒီတစ်ခါ မင်းကွန်းခေါင်းလောင်းကို သွားကြမှာနော် ဟုတ်တယ်မလား.ကိုထွန်းဇံ”
“အေး ဟုတ်တယ်လေ ဘာဖြစ်လို့လဲ” “ဘာမှမဖြစ်ပါဘူးဗျာ တစ်ခုခုလွဲချော်မှာစိုးလို့ပါ” အညာလေပူပူတွေက ကားပေါ်ပါလာတဲ့သူတွေရဲ့ ခန္ဓာကိုယ်အနှံ့ကို လာရောက်ကျီဆယ်နေကြသည်။ ကားလမ်းတစ်လျောက် ဈေးသည်တွေ ဥဒဟိုသွားလာနေကြတာကို ငေးကြည့်ရင်း မင်းကွန်းခေါင်းလောင်းထားရှိရာနေရာသို့ ရောက်ရှိလာခဲ့သည်။ “ကိုယ့်အဖွဲ့ ကိုစစ်ကြနော် နောက်တစ်နာရီကြာရင် ဒီနေရာမှာပြန်ဆုံမယ်ဟေ့” ကိုထွန်းဇံတစ်ယောက် လှမ်းအော်ရင်း လွယ်အိတ်ကိုလွယ်ကာ မင်းကွန်းခေါင်းလောင်းထားရာဘက်ကို ထွက်လာခဲ့လိုက်သည်။ “ဗျို့ ကိုထွန်းဇံ ကျုပ်လဲစောင့်ပါဦးဗျ”ဆိုတဲ့အသံကြားလို့ လှည့်ကြည့်လို်က်တော့ ရွာကို လွန်ခဲ့တဲ့လကမှ ပြောင်းလာတဲ့ ကျောင်းဆရာလေးကို တွေ့လိုက်သည်။
“ဆရာလေး ဘယ်မှလျှောက်မသွားဘူးလားဗျ” “မသွားတော့ပါဘူး ကိုထွန်းဇံရယ် နေကလဲပူတာနဲ့ မင်းကွန်းခေါင်းလောင်းဘေးအရိပ်ရတဲ့ နေရာမှာပဲ ထိုင်တော့မလို့” “ဒါဆိုအတော်ပဲ ဆရာလေးရေ ကျုပ်လဲအဲလိုပဲတွေးထားတာ စကားပြောဖော်ရပီပေါ့” နှစ်ယောက်သား အရိပ်ရတဲ့သစ်ပင်အောက်မှာ ဝင်ထိုင်ကာစကားစမြည်ပြောနေရင်း ကိုထွန်းဇံက “ဒီခေါင်းလောင်းကြီးကို.မြင်တော့ ကျုပ်တို့ရွာအနောက်တောထဲက ခေါင်းလောင်းကြီးကိုသတိရမိသားဗျ” “ရွာအနောက်တောထဲမှာ ခေါင်းလောင်းရှိလို့လားဗျ ကျုပ်တော့မကြားဖူးသေးဘူး” “အခုတော့မရှိတော့ဘူးဆရာလေး ဖျက်စီးလိုက်ပီ” “ဘာလို့ဖျက်စီးလိုက်တာလဲ နှမျောစရာဗျာ” “နှမျောပေမယ့်လည်း အကြောင်းတစ်ခုရှိခဲ့လို့ပေါ့ဗျာ အဲဒီခေါင်းလောင်းအကြောင်းသိချင်ရင် ကျုပ်ပြောပြမယ် ဆရာလေးလဲ ဗဟုသုတရတာပေါ့”
“ဟုတ်ပီဗျာ ကျွန်တော်ကလဲ ဒါမျိုးဆိုအရမ်း စိတ်ဝင်စားတာ ဖြစ်ပုံလေးပြောပြပါဦး” “ဖြစ်ပုံကဒီလိုဆရာလေးရဲ့ လွန်ခဲ့တဲ့၄နှစ်လောက်က ကျုပ်တို့ရွာကို ပယောဂဆရာလိုလို သိုက်ဆရာလိုလိုတွေ အများကြီးရောက်လာကြတယ် သူတို့က ရွာသားတွေကိုငှါးပြီး ရွာအနောက်ကတောထဲကို ဝင်ဝင်သွားကြတာ ကျုပ်လဲပါတာပေါ့ဗျာ သူတို့ကရွာအနောက်ကတောထဲမှာ တစ်စုံတစ်ခုကိုရှာနေကြတာ ဘာရှာနေလဲဆိုတာတော့ ကျုပ်တို့မသိဘူး ကျုပ်တို့အလုပ်က တောရှင်းရတယ် တစ်နေ့ပီးရင် တစ်နေ့လုပ်ခရတယ် အဲလိုရှာလာခဲ့တာ ၁လကျော်ကျော်ကြာသွားတယ် ဘာမှမတွေ့ဘူး သူတို့လဲစိတ်ဓာတ်ကျလာတယ်ထင်တယ် ပိုက်ဆံတွေလဲကုန်တော့ တောရှင်းတဲ့အလုပ်ကို နားလိုက်တယ်
နောက်တစ်ခေါက်သူတို့ ပြန်လာမယ် စောင့်နေလို့ပြောတယ် ပြန်ခါနီးမှာသိလိုက်ရတာက သူတို့ရှာနေတာက ခေါင်းလောင်းတစ်လုံးတဲ့ ကျုပ်တို့လဲနားမလည်ဘူးလေ ဘာလုပ်လို့တောထဲမှာ ခေါင်းလောင်းကို ရှာနေတာလဲပေါ့” ကိုထွန်းဇံက ပြောနေရင်း ကွမ်းတစ်ယာကိုထုတ်ဝါးလိုက်သည်။ တစ်ချက်နှစ်ချက်ဝါးပြီးတော့ “အဲဒီမှာ မထင်မှတ်ပဲ ခေါင်းလောင်းကိုတွေ့ပီဆိုတဲ့သတင်း ကြားလိုက်ရတယ်။ တွေ့တဲ့သူက ရွာကထင်းခုတ်သမားတွေ တောထဲသွားရင် လျှိုထဲမှာတွေ့တာတဲ့ အဲဒါနဲ့ ကျုပ်တို့လဲ တောထဲလိုက်သွားပြီး ခေါင်းလောင်းကို လျှိုထဲကနေ ဆွဲတင်ကြတာပေါ့ ခေါင်းလောင်းက အရမ်းကြီးတယ်လဲမဟုတ်ဘူး အရမ်းသေးတယ်လဲမဟုတ်ဘူး အခုစကားနဲ့ ပြောရရင် အနေတော်ပေါ့
ဒါမယ့်ထူးဆန်းတာက ခေါင်းလောင်းပတ်ပတ်လည်မှာ ဘီလူးပုံတွေထွင်းထားတာပဲ ပတ်ပတ်လည် ဘီလူး၄ကောင် လက်ချင်းယှက်ပြီး ခေါင်းလောင်းကို ကာထားတဲ့ပုံစံ လက်ရာကလဲ မြောက်လိုက်တာဗျာ ရုပ်ကြွတွေနဲ့ထိုးထားတော့ ကြည့်နေရင်း ကြက်သီးတွေပါထတယ်။ ကျုပ်တို့လဲ ရွာထဲကို သယ်လာခဲ့လိုက်တယ် ရွာထဲဝင်ဖို့လဲလုပ်ရော သယ်လာတဲ့အဖွဲ့ထဲက လူတစ်ယောက်ကို ရွာစောင့်နတ်ဝင်ပူးပါလေရော။ ကျုပ်ဖြင့်တစ်သက်တစ်ခါ မကြုံဖူးပါဘူးဗျာ ရွာစောင့်နတ်ဝင်ပူးတဲ့သူက ခေါင်းလောင်းကိုကြည့်ပီး ကြောက်လန့်နေတာ။ ခေါင်းလောင်းကိုကြည့်ပီး ရွာထဲယူလာလို့မရကြောင်း ရွာထဲယူလာရင်.တစ်ရွာလုံးသေမှာဆိုပြီးပြောတာဗျ ကျုပ်တို့ဖြင့်လန့်ဖြန့်သွားတာ အဲဒါနဲ့ခေါင်းလောင်းကို ရွာအပြင်ဇရပ်မှာ ထားခဲ့ပီး ပြန်လာခဲ့လိုက်တယ်။
အဲဒီညက အူလိုက်တဲ့ခွေးတွေဗျာ တစ်ရွာလုံးအိပ်မရအောင် ရွာထဲပတ်အူနေတာ ဘယ်လိုခြောက်လှန့်ပီးမောင်းမောင်း မရဘူး။ ခွေးတွေက ရွာထဲပဲပတ်အူနေတာ ရွာပြင်တော့မထွက်ဘူးဗျ။ ရွာအပြင်စည်းရိုးအနားကို ကျော်တောင်မကျော်ဘူး။ မှတ်မှတ်ရရ အဲဒီညက ကျုပ်ဖြင့် တစ်ညလုံးအိပ်မရဘူး နောက်ရက်တွေလဲ အူတာပဲ နောက်ရက်တွေကျတော့ နည်းနည်းကျင့်သားရသွားတယ် ရွာထဲကလူတွေကတော့ ခေါင်းလောင်းကို သွားမကိုင်ရဲတော့ဘူး ရွာပြင်မှာပစ်ထားလိုက်တယ်။ ဒုတိယနေ့မှာ ရွာပြင်ဇရပ်ကနေ ကြုံးဝါးသံတွေ တောက်ခတ်သံတွေ ကြားရတယ်လို့ ရွာအစပ်မှာနေတဲ့ သူတွေကပြောတယ်။ ထိုစဉ် “ကိုထွန်းဇံ ကျုပ်သား မင်းကျော်ကိုတွေ့မိသားလား” “မိအေးရယ် နင့်သားက ခုနက.ဟိုဘက်ကိုပြေးသွားတာ တွေ့တယ် ဟိုမှာ ဟိုမှာ ..ဆိုပြီးမေးငေါ့ပြလိုက်တယ်”
“အဲဒါပဲဆရာလေးရေ ကျုပ်တို့ရွာကလူတွေက လည်ရပတ်ရမယ်ဆိုရင် ကလေးတောင်မေ့တဲ့အမျိုးဗျ ဟားဟား” “ဒါနဲ့ ကျုပ်ခုနကပြောတာ ဘယ်အထိရောက်ပီလဲ” “ဟားဟား ကိုထွန်းဇံ မေ့တတ်တာကိုး ရွာအစပ်ကလူတွေ တောက်ခတ်သံကြားတယ်ဆိုတဲ့ထိ ရောက်နေပီ” “အော် အင်းအင်း ဟုတ်တယ် အဲလိုတောက်ခတ်သံတွေကြားရတယ် နောက်နေ့မှာ အရင်ကလာဖူးတဲ့ သိုက်ဆရာလိုလို ဘာလိုလိုတွေ ရွာကိုရောက်ချလာရော ရွာကိုရောက်တာနဲ့ ခေါင်းလောင်းထားတဲ့ဇရပ်ကို သွားကြတာ ခေါင်းလောင်းကိုဝယ်မလို့တဲ့ သိန်း၂၀ပေးမယ်တဲ့ လွန်ခဲ့တဲ့၄နှစ်ကသိန်း၂၀ဆိုတာ နည်းတဲ့ပိုက်ဆံလားဗျ ကျုပ်တို့တစ်နေ့လယ်လုပ်မှ ၇၀၀. ၈၀၀လောက်ပဲရတာ လယ်တစ်ဧကမှ ၂သိန်းဝန်းကျင်ပဲရှိတာ သိန်း၂၀ဆိုတော့ အဲမှာရောင်းမယ်ပေါ့
ပိုက်ဆံတွေဘာတွေချေပြီးတော့ ရတဲ့ပိုက်ဆံကို တစ်ရွာလုံးခွဲယူကြတာ အဲဒီအချိန်ရွာမှာ အိမ်ခြေ၂၀ကျော်ပဲရှိသေးတာ ကျုပ်ဆို ၁သိန်းလောက်ရတယ် ပိုက်ဆံရတော့ ခိုင်းသမျှလုပ်တာပေါ့ သူတို့်တွေက ခေါင်းလောင်းကို ရွာအပြင်လယ်ကွင်းထဲမှာ စည်းတွေဘာတွေ တားပြီးထားထားတာ။ ကျုပ်တို့ကိုလဲ ခေါ်ထားတယ်။ ခေါင်းလောင်းကိုကြိုးနီနီတွေနဲ့ချည်ပြီး ကျုပ်တို့ကို ကြိုးစတွေပေးဆွဲထားတာ ဒီလုပ်ငန်းအောင်ရင် နောက်ထပ်သိန်း၂၀ထပ်ရမယ် ဆိုတော့ ဘယ်ပြောကောင်းမလဲ လာထားပေါ့။ စတဲ့အချိန်က ည၁၂နာရီ လပြည့်ညဗျ မှတ်မှတ်ရရ အဲဒီနေ့က လအရမ်းသာနေတာ လယ်ကွင်းတစ်ခွင်လင်းထိန်နေတာပဲ အဲမှာဇာတ်လမ်းစတော့တာပဲ သိုက်ဆရာ၅ယောက်က တစ်ယောက်တစ်နေရာ ထိုင်ပြီး ကြိမ်လုံးနဲ့မြေကြီးကိုရိုက်နေတာ။
ပါးစပ်ကလဲဘာတွေရွတ်နေမှန်းမသိဘူး။ ကျုပ်တို့ကိုတော့ စည်းဝိုင်းတားထားပေးတယ်။ သူတို့ပြောရင် ကြိုးစကိုဆွဲရမယ်တဲ့။ စည်းဝိုင်းအပြင်ကိုထွက်ရင် ကိုယ့်တာဝန်ကိုယ်ယူတဲ့ အဲဒီအချိန်ကျုပ်တို့ကလဲ လောဘတက်နေတာလေ ဘာမှမမြင်တော့ဘူး ကြည့်နေရင်း ခေါင်းလောင်းကလှုပ်လာတာ ခေါင်းလောင်းကလှုပ်လာလေ ဘီလူးရုပ်တွေက အသက်ဝင်လာလေပဲ ခေါင်းလောင်းထဲက အပြင်ကိုရုန်းထွက်နေသလိုမြင်နေရတာ ဒါပေမယ့် ချည်ထားတဲ့ကြိုးနီတွေကြောင့် သူတို့ထွက်မရဘူး။ တစ်ဖြေးဖြေး ကြိုးကတင်းလာတယ်။ ဘီလူးကြီးတွေတကယ်မြင်နေတာ အစွယ်ဖွေးဖွေးနဲ့ ဘီလူး၄ကောင် တစ်ယောက်လက် တစ်ယောက်ကိုင်ပြီး ရုန်းနေကြတာ။
သိုက်ဆရာတွေက ဘီလူးတွေကို မြေပုံတောင်းတာ ရတနာမြေပုံတောင်းတာ။ ဘီလူးတွေက တောက်တခတ်ခတ် မာန်ဖီနေကြတာ တော်ရုံလူထွက်ပြေးမယ်ဆိုတာ အသေချာပဲ။ သိုက်ဆရာတွေကလဲ အောင်မြင်တော့မယ် မကြောက်ကြနဲ့ စည်းဝိုင်းထဲကမထွက်နဲ့ အော်ပြောနေတာ အဲဒီအချိန် ကျုပ်နဲ့တူတူပါလာတဲ့ မင်းခေါင် စဖောက်တာ ဘီလူးရုပ်တွေက သွေးပျက်စရာ ကျုပ်တောင်မျက်လုံးမှိတ်ထားရတယ်။ မင်းခေါင်က မျက်လုံးဖွင့်ကြည့်လိုက်တော့ ကြောက်လန့်ပီး ကြိုးကိုလွှတ်ချပြီး ပြေးပါလေရော။ အဲဒီအချိန် စည်းပေါက်ပီဟေ့ သတ်ကြ အားလုံးကိုသတ်ကြဆိုတဲ့ အသံဆိုးကြီးတွေ ကြားလိုက်ရတယ်။ သိုက်ဆရာတွေလဲ ထပြေးတာပေါ့ စည်းပေါက်သွားပီကိုး ပြေးမလွှတ်ပါဘူးဗျာ ဘီလူးလေးကောင်က ချည်ထားတဲ့ကြိုးတွေကိုဆွဲဖြတ်ပြီး ခေါင်းလောင်းထဲက ထွက်လာတာ ကျုပ်ဆိုပြေးတာ.ခြေထောက်ကြွမရတော့ဘူး သိုက်ဆရာတွေလဲ အလဲလဲအကွဲကွဲပဲ။ ကျုပ်ဆိုသေလူပဲတွေးထားတာ ပြေးလို့လဲမရ မျက်လုံးလဲမဖွင့်ရဲ သိုက်ဆရာတွေရဲ့အော်သံတွေက ကမ္ဘာပျက်နေပီ။
အဲဒီအချိန် ကျုပ်မျက်လုံးထဲကို အလင်းတန်းတစ်ခုဝင်လာတယ်။ တော်တော်စူးရှတဲ့အလင်းရောင် ကျုပ်မျက်လုံးဖွင့်ကြည့်လိုက်တော့ ပိတ်ဖြူဝတ်နဲ့လူငယ်တစ်ယောက်ဗျ ငယ်တာမှ အသက်၂၀ကျော်လောက်ပဲရှိဦးမယ် မျက်နှာက ရှင်းပြီးကကျက်သရေရှိလိုက်တာဗျာ ကျုပ်မျက်လုံးထဲကလုံးဝမထွက်ဘူး။ ကျုပ်ဘေးကိုကြည့်လိုက်တော့ သိုက်ဆရာတွေ လည်ပင်းကျိုးပီး သေနေကြပီ။ ကံကောင်းတာက.သိုက်ဆရာတွေကို အရင်သတ်တာ။ ကျုပ်တို့ကသူတို့ပီးမှထင်တယ်။ ခုနကအလင်းတန်းနဲ့ပေါ်လာတဲ့ လူငယ်က ကျုပ်တို်ရှေ့ကနေလာရပ်တယ်။ သူက ဘီလူးလေးကောင်ကိုပြောတယ်။ ရွာသားတွေမှာအပြစ်မရှိဘူးတဲ့။ လွှတ်ပေးလိုက်ပါလို့ပြောတော့ ဘီလူးလေးကောင်က လက်မခံဘူးဗျ ကျုပ်တို့ကို ဂုတ်ချိုးဖို့ ရှေ့တိုးလာတာ အဲဒီမှာ လူငယ်က လက်နဲ့ရိုက်ထုတ်လိုက်တာ တရုတ်သိုင်းကားထဲကလို ပေ၂၀လောက်လွှင့်ထွက် သွားတယ်။ ကျုပ်လဲမျက်လုံးပြူးသွားတယ်။ ဒီလောက်စွမ်းလားပေါ့နော် အဲလိုရိုက်ထုတ်လိုက်မှ ကျုပ်တို့ဆီထပ်မလာတော့တာ လူငယ်က ကျုပ်တို့ကို နောက်ထပ်မမှားနဲ့တော့တဲ့ ဒီခေါင်းလောင်းကအစီအရင်တွေနဲ့စီမံထားတဲ့ အရာတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်း။ လူ့လောဘတွေကြောင့် အထက်ဆရာတွေက တောတောင်ထဲဖွက်ထားတာကို ရအောင်ရှာခဲ့ကြတယ်။
သိုက်သမားတွေရဲ့မတော်လောဘတွေကြောင့် မင်းတို့ပါအဆစ်ပါတာဖြစ်တယ်တဲ့ ခေါင်းလောင်းကို သူပြန်သိမ်းသွားမယ် မင်းတို့ပြန်တော့ဆိုပြီးပြောတာနဲ့ ကျုပ်တို့လဲ ရွာထဲပြေးတာ နောက်တောင်လှည့်မကြည့်ဖြစ်ဘူး မနက်ကျတော့သွားပြန်ကြည့်တာ ညကတားထားတဲ့စည်းတွေရယ် တစ်စစီပြန့်ကျဲနေတဲ့ကန်တော့ပွဲတွေရယ် သိုက်ဆရာတွေရဲ့အလောင်းတွေကိုပဲ တွေ့ရတော့တယ် အဲဒါပဲဆရာလေးရေ တော်တော်ကံကောင်းလို့ မေသတာ နောက်ဆိုရင် အဲလိုကိစ္စတွေ လှည့်တောင်မကြည့်တော့ဘူး ဟော ပြောရင်း ကားထွက်ဖို့အချိန်ရောက်ပီ လူစုလိုက်ဦးမယ် ” “ကိုထွန်းဇံ ခဏလေး ခုနက ကိုထွန်းဇံပြောတဲ့ လူငယ်လေးကိုရော ထပ်တွေ့သေးလား” “ဘယ်တွေ့တော့မလဲဗျ ကျုပ်တို့ကကြောက်ပြီးပြေးတာနဲ့ လှည့်ကိုမကြည့်ဖြစ်တော့တာ ဆရာလေး ကားထွက်တော့မယ်” “ဟေ့ မစိန်တင်၊ မောင်လှမင်း ကိုယ့်အဖွဲ့ကိုယ်လူစုကြစမ်း အချိန်ပြည့်ပီ ပြန်ထွက်ရအောင်” “ဝူးးးးးး ဝူးးး” ကားစက်သံကအချက်ပေးနေပီ တက်ကြဟ မြန်မြန်.. ကိုထွန်းဇံတစ်ယောက် လူစုံမစုံစစ်ပြီး ကားခေါင်းခန်းထဲဝင်ထိုက်လိုက်သည်။ များမကြာမီ ဘုရားဖူးယာဉ်ဆိုတဲ့ကားလေးက ဖြေးညှင်းစွာ မင်းကွန်းခေါင်းလောင်းထားရှိရာ နေရာကနေ ထွက်ခွာသွားလေတော့သည်။ ကိုထွန်းဇံတို့ကို ဝင်ကယ်တင်ခဲ့တဲ့လူငယ်က.ဘယ်သူဆိုတာစာဖတ်သူတွေသိလောက်ပီထင်ပါတယ်