ကျိုက်ထီးရိုးသွားမည့်သူများ ရှိရင်ပြောပြချင်လို့ပါ။ ကြားရက်သွားပါ။ လူစည်ကားတဲ့ရက်၊ ပိတ်ရက်၊ ပွဲတော်ရက် လုံးဝမသွားပါနဲ့၊ အရာရာစျေးမတန်တဆကြီးပြီး နာမည်ကြီးဟိုတယ်မှာတည်းတာ ၈၀၀၀၀ တန်အခန်းယူတာတောင် ပန်ကာတောင် မပါ (အခန်းမှာ တပ်လို့မရလို့တဲ့) အခန်းဝင်ကတည်းက အနံ့က ခြေဆီနံ့လိုလို၊ ပုတ်စော်လိုလို၊ အောက်သိုးသိုးအနံ့ကြီး တချိန်လုံးရပြီး ညဖက်အိပ်ဖို့တောင် တော်တော်အဆင်မပြေလို့ နှာခေါင်းပုဝါပတ်ပြီး အိပ်ခဲ့ရပါတယ်။
အဲဖရက်ရှာ ဖျန်းလဲမရ အဲဒီအနံ့က တော်တော်ဆိုးဆိုးပါ။ လဲစရာအခန်းလဲ မရှိ၊ ရှိတဲ့ အခန်းယူရတာပါ။ ကုတင်နဲ့အခန်းနဲ့က အတိ၊ ကျဉ်းပြီး အထုတ်တွေတောင် ထားစရာမရှိလို့ အိပ်ယာပေါ်တင်ထားရပါတယ်။ ရေချိုးခန်းအိမ်သာက သက်သက်သွားရ၊ သဘက်သွားတိုက်တံဆပ်ပြာရေဘူး ဘာဆိုဘာမှမပေးတာပါ (ပြောချင်တာက လူအရမ်းများလို့ ဘယ်အရာမှ ရွေးချယ်လို့ မရရတာ ယူရတော့ အဆင်မပြေတွေဖြစ်တတ်ပါတယ်)။
တောင်တက်တောင်ဆင်းကား နိဗ္ဗာန်စျေးတိုးသလို ပိုက်ဆံပေးစီးတာတောင် အလုအယက်တိုးကြိတ်ပြီး စီးရပါတယ်။ အေးဆေးသွားချင်တဲ့သူတွေအတွက် အဆင်မပြေပါဘူး။ အထုတ်အပိုးတွေနဲ့ ဟိုပြေးဒီပြေး အလုအယက် တိုးဝှေ့နေရတာလို့ တော်တော်လေးကို ဒုက္ခရောက်ပါတယ်။
ကေဘယ်တယောက် ၂၀၀၀၀ ပါ။ ကေဘယ်စီးပြီး တောင်ပေါ်ရောက်တာနဲ့ အထမ်းသမားတွေ အထုတ်အတင်းဆွဲလု ခြင်းတွေထဲ အတင်းပ-စ်ထည့်ပြီး တခြင်း ၂၀၀၀၀ ပေးပါဆိုလို့ ၂ ခြင်း ၄၀၀၀၀ ပေးခဲ့ရပါတယ်။ အရမ်းမြန်လွန်းလို့ ဘာမှပြောချိန်တောင်မရလိုက်ပါဘူး။ ကိုယ့်လိုခံရမှာစိုးလို့ သတိပေးတာပါ။
ရေတံခွန် လုံးဝမသွားပါနဲ့။ အဆင်းအတက်တင် တော်တော်မောပါတယ်။ လူအရမ်းများတော့ အသန့်ကြိုက်တဲ့သူတွေဆို လုံးဝအဆင်ပြေမှာ မဟုတ်ပါဘူး။ ရှပ်တဘူး ၇၀၀၀၊ ရေတဘူး ၂၀၀၀ ပေးခဲ့ရပါတယ်။ စျေးတွေက အကုန် ၂ ဆဖြစ်နေတာမို့ ကုန်ချင်ကုန်ပါစေ ဆိုတဲ့သူတွေကတော့သွားကြပေ။ ထမင်းဆိုင်ကတော့ ရွှေအိုးကြီးမှာစားတာ အရမ်းစားကောင်းပြီး အဆင်ပြေပါတယ်။ အဝစား ၈၀၀၀ ပါ။
တောင် ၆ တောင် ဘုရားတွေဖူးခဲ့ပါတယ်။ အရမ်းကြည်ညိုစရာကောင်းပြီး သပ္ပါယ်ပါတယ်။ ကျိုက်ထီးရိုး ရောက်ဖြစ်ခဲ့ရင်ဖူးဖြစ်အောင်ဝင်ဖူးကြပါ။ မျောက်လေးတွေ၊ ယုန်လေးတွေ၊ ခွေးလေးတွေ အစာကျွေးဖို့ ကြိုဝယ်သွားရင် ပိုကောင်းပါတယ်။ ဂေါ်ဖီနဲ့ခရမ်းချဉ်သီးပဲ အစာအဖြစ်ရောင်းလို့ပါ။ အရင်ကရှေ့မှာ ၄ ကြိမ်သွားဖူးပါတယ်။ အေးအေးချမ်းချမ်းနဲ့ အဆင်ပြေခဲ့ပါတယ်။
အခုလူအရမ်းများတဲ့ရက် ဟိုတယ်တွေ ဘွတ်ကင် မရတော့ဘူးဆိုတဲ့ ရက်ကို သွားမိတော့မှ ဒီလိုတွေဖြစ်တာပါ။ရင်ပြင်ပေါ်မှာလဲ အပြည့်၊ မုန့်စျေးတန်းဖက်လဲ ကြိတ်ကြိတ်တိုးနေတာပါ။ အားလုံးပဲ ကိုယ့်လိုမဖြစ်ဖို့နဲ့အဆင်ပြေကြဖို့ အကြံပေးချင်လို့ စာလေးနည်းနည်းရှည်သွားပါတယ်။ အားလုံးအဆင်ပြေကြပါစေနော်။