ကျွန်တော် အောင်စစ်သည်တစ်ယောက် ရန်ကုန်မှာတာဝန်ကျခဲ့စဉ် လွန်ခဲ့သော ၂နှစ်ခန့် ၂၀၂၂ ခုနှစ်အတွင်းကဖြစ်မည်။ ထိုတနေ့မှာ မြို့တွင်းလှည့ကင်းတာဝန်ကျချိန် ညဦးပိုင်းတွင်ပြည်ထောင်စုရိပ်သာလမ်းသို့အရောက် “သူခိုး သူခိုး “ဟု အော်ဟစ်သံများကိုကြားသောကြောင့် ကားပေါ်မှဆင်း၍ အသံများကြားရာဘက်သို့ ခပ်သုတ်သုတ်ပြေးလာခဲ့သည်။
မလေးရှားသံရုံးဘက်အရောက်တွင် လူငယ်နှစ်ဦးကို မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးရာ ထိုလူငယ်နှစ်ဦးမှာ ဖုန်းခိုးလာသူ ဖုန်းသူခိုးများဖြစ်နေ၍ အနီးရှိ ဒဂုံမြို့မရဲစခန်းသို့ ကျွန်တော်တို့ သွားရောက်အပ်နှံခဲ့ပါသည်။ ထိုအနီးနားတဝိုက်တွင် ဖုန်းများပျောက်ဆုံးနေမှု အလစ်သုတ်ခံနေရမှုများမှာ ထိုသူခိုးနှစ်ယောက်၏လက်ချက်ဖြစ်ကြောင်း သိခဲ့ရပေသည်။
နောက်တစ်လခန့်အကြာ ဒဂုံမြို့မရဲစခန်းဘက်လှည့်ကင်းထွက်ရင်း ရောက်ခဲ့ပြန်ရာ ထူးဆန်းသောမြင်ကွင်းတစ်ခုကို ကျွန်တော် မြင်တွေ့ခဲ့ရပေသည်။ တခြားမဟုတ် မိမိဖမ်းဆီးပေးခဲ့သော သူခိုးနှစ်ယောက်မှာ ရဲယူနီဖောင်း ဘောင်းဘီအပြာရောင်များ ဝတ်ဆင်လျှက် ရဲစခန်းထဲကထွက်လာသည်ကိုမြင်တွေ့လိုက်ရသည်။ ကျွန်တော်လည်း သိချင်ဇောကြောင့် ကားကိုရပ်တန့်စေ၍ ထိုနှစ်ယောက်ရှိရာသို့ ပြေးဆင်း၍ မေးခွန်းထုတ်လိုက်ပါသည်။
“နေပါအုံး မင်းတို့နှစ်ယောက်က ငါပြီးခဲ့တဲ့ရက်ကမှ မလေးသံရုံးရှေ့မှာ ဖမ်းပေးလိုက်တဲ့ ဖုန်းသူခိုးနှစ်ယောက် မဟုတ်လား ” ။ထိုအခါ ထိုနှစ်ယောက်ပြန်ဖြေသော အဖြေကြောင့်အောင်စစ်သည်တစ်ယောက် ရီရမလို ငိုရမလိုဖြစ်ကာကားပေါ်သို့ပြန်တက်၍ လှည့်ကင်းတာဝန်ဆက်လက်ထမ်းဆောင်ခဲ့ပါတော့သည်။
ထိုဖုန်းသူခိုးနှစ်ယောက် ဖြေသည်မှာ “ဟုတ်တယ်လေ ဗိုလ်ကြီး ၊ ကျွန်တော်တို့နှစ်ယောက်ကို နယ်ထိန်းခေါင်းဆောင်နဲ့ စခန်းမှုးက မင်းတို့ထောင်ကျခံမလား ၊ ရဲထဲဝင်မလား လို့မေးတာနဲ့ ကျွန်တော်တို့လည်း ထောင်တော့အကျမခံနိုင်လို့ ရဲထဲဝင်မယ်ပြောလိုက်တာ ၊ အဲ့တာအခုအခြေခံရဲသင်တန်းတက်ဖို့ စောင့်နေတာ ၊ဒီရဲစခန်းမှာပဲ ကျွေးထားတယ် ၊ မုန့်ဖိုးပေးတယ် ၊ ညဘက်ဆို ရဲယူဖောင်းတွေဝတ်ပြီး ကင်းလှည့်တောင်လိုက်ရသေးတယ်ဗျ၊ အခုလည်း ဈေးဝယ်သွားမလို့ပါ ” ဟူ၍ဖြစ်ပေသည်။။။