ဒါရိုက်တာ တင်အောင်မြင့်ဦး ရိုက်ကူးခဲ့သော ဘယ်ဆုတောင်းမလဲချစ်သူ ဇာတ်ကားဖြင့် ရုပ်ရှင်လောကကို ဝင်ရောက်လာခဲ့သော မင်းသား ဇော်လင်း သည် ခေါင်းဆောင်မင်းသားကစ၍ မင်းသား အကို၊ မင်းသား သူငယ်ချင်း၊ မင်းသား အဖေ၊ မင်းသား အဖိုး စသည်ဖြင့် နေရာအမျိုးမျိုး ဇာတ်ရုပ်အမျိုးမျိုးဖြင့် ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့သော်လည်း သူတသက်လုံး လိုချင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကိုတော့ သူကွယ်လွန်ပြီးချိန်မှသာ နှစ်နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။
အနုပညာလှုပ်ရှားမှုအားလုံးကို အကယ်ဒမီဆုဖြင့် အဆုံးသ-တ်ခဲ့သည်ဟု ယူဆနိုင်သော ဇော်လင်း ရရှိခဲ့သည့် အကယ်ဒမီဇာတ်ကားနှစ်ကားမှာ တို-က်ပွဲခေါ်သံ (၁၉၉၅) နှင့် ပန်းသခင် (၁၉၉၆) တို့ ဖြစ်ပါတယ်။ သရုပ်ဆောင် ဇော်လင်း၏ အမည်ရင်းမှာ ဦးစန်းမောင် ဖြစ်ပြီး မော်လမြိုင်မြို့ တောင်ဝိုင်းရပ်၌ ဦးစံအေး ဒေါ်ဌေးတင်တို့က ဖွားမြင်ခဲ့တာပါ။ မော်လမြိုင်ရုပ်ရှင်မှ ဒါရိုက်တာ တင်အောင်မြင့်ဦး၏ “ဘယ်ဆုတောင်းမလဲ ချစ်သူ” ဇာတ်ကားဖြင့် ရုပ်ရှင်နယ်သို့ စတင် ဝင်ရောက်ခဲ့ပါတယ်။
ယင်းဇာတ်ကားကို ၁၉၇၂ ခုနှစ်၊ မတ်လ ၃၁ ရက် တွင် ရှေ့ဆောင်၊ တပင်ရွှေထီးနှင့် ဘုရင့်နောင် ရုပ်ရှင်ရုံတို့၌ တပြိုင်နက် ပြသခဲ့ရာ ဇော်လင်း၏ အမည်ကို ပရိသတ်များ သိရှိသွားကြပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ဇော်လင်း၏ ထင်ရှားသော မြန်မာ့ရုပ်ရှင်ဇာတ်ကားများမှာ အချစ်ရူး၊ ဖက်ဖူးရောင်၊ ကျေးဂျူးကမ္ဘာ၊ သူ့ဘဝ ကိုယ့်အသည်း၊ စိတ်စေတသိက်၊ ပုပ္ပါးဖူးစာ၊ ချစ်စရာမို့ ချစ်ပါသည်၊ အဖေတခု သားတခု၊ ကမ္ဘာဆယ်သိန်း ချစ်ပါ့မယ် စသည့် ဇာတ်ကားများ ဖြစ်ကြပါတယ်။
သရုပ်ဆောင် ဇော်လင်းသည် ၁၉၉၅ ခုနှစ်၊ ( ၄၄ ) ကြိမ်မြောက် ကျင်းပသော မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲတွင် ဒါရိုက်တာမောင်တင်ဦး ရိုက်ကူးပြီး အဓိကသရုပ်ဆောင်များအဖြစ် ညွန့်ဝင်း၊ သီဟတင်စိုး၊ ဇင်မာဦး၊ ဆွေဇင်ထိုက်၊ မင်းဦး၊ အောင်ခိုင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “တို-က်ပွဲခေါ်သံ” ဇာတ်ကားဖြင့် ပထမဆုံး အကယ်ဒမီ ဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။ ထို့ပြင် တို-က်ပွဲခေါ်သံဇာတ်ကားဟာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု၊ ရုပ်ရှင်တေးဂီတဆု တို့လို အဓိကဆုတွေလည်း ရရှိခဲ့ပါတယ်။
၁၉၉၅ ခုနှစ်အတွက် ဇာတ်ကား ( ၃၈ ) ကားအနက်မှ ဆန်ခါတင် ရွေးချယ်ခဲ့ရာ ဇော်လင်းမှာ “တို-က်ပွဲခေါ်သံ” ဇာတ်ကား အတွက် ဆရာဦးအုပ်စိုး အဖြစ် ပါဝင်သရုပ်ဆောင်ရာ၌ ပီပြင်လှသဖြင့် အမျိုးသားဇာတ်ပို့ဆု ပေးအပ်ချီးမြှင့် ခံခဲ့ရတာပါ။ ၁၉၉၅ ခုနှစ်အတွက် အကောင်းဆုံး သရုပ်ဆောင်များ၊ ပညာရှင်များအား အကယ်ဒမီဆု ပေးအပ်ပွဲကို ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပခဲ့ရာ သရုပ်ဆောင် ဇော်လင်းမှာ ၁၉၉၆-ခုနှစ်၊ နိုဝင်ဘာလ ၅-ရက်နေ့ ကပင် ကွယ်လွန်ခဲ့ပြီး ဖြစ်တာကြောင့် သူ၏ အကယ်ဒမီ ထူးချွန်ဆုကို ဒါရိုက်တာအေဝမ်းမောင်လှမျိုးက ကိုယ်စားတက်ရောက် ယူပေးခဲ့ရပါတယ်။
ဇော်လင်းဟာ (၄၅ ) ကြိမ်မြောက်ကျင်းပသော အကယ်ဒမီဆုပေးပွဲတွင်လည်း “ပန်းသခင်” ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ အကယ်ဒမီဆုပေးပွဲ နှစ်ကြိမ်ဆက်တိုက် ဆုရရှိခဲ့တာဖြစ်ပြီး ပန်းသခင် ဇာတ်ကားဟာလည်း ဇာတ်ကားဆု၊ ဒါရိုက်ဆု များရရှိခဲ့သည့်အပြင် သရုပ်ဆောင် ထက်ထက်မိုးဦးသည်လည်း အမျိုးသမီးဇာတ်ဆောင်ဆုကို ပန်းသခင်ဇာတ်ကားဖြင့် ပထမဆုံး အကယ်ဒမီဆု ရရှိခဲ့တာပါ။ ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကွယ်လွန်ခဲ့သော မင်းသားဇော်လင်းအဖို့ သူရရှိခဲ့သော ရုပ်ရှင်ဇာတ်ပို့ဆု နှစ်ဆုလုံးကို ကိုယ်ထိလက်ရောက် မယူနိုင်ခဲ့သော်လည်း ယင်းအဖြစ်အပျက်သည်လည်းကောင်း၊ ဇော်လင်းသည် လည်းကောင်း ရုပ်ရှင်အကယ်ဒမီသမိုင်းတွင် ထူးခြားမှတ်တမ်းဝင်နေမည်သာ ဖြစ်ပါတယ်။