၂၀၂၁ နောက်ပိုင်း ပိုင်ဆိုင်မှုအားလုံးကိုထားခဲ့ပြီး တစ်ပြားတစ်ချပ်မှမရှိတော့တဲ့ ဘဝကနေ ဩစတြေးလျမှာ ရဲတစ်ယောက်ဖြစ်လာတဲ့ အဆိုတော် ရဲနောင်
အနုပညာရှင်တစ်ဦးဖြစ်တဲ့ ရဲနောင်ဟာ လက်ရှိ ဩတြေးလျ နိုင်ငံ Queensland မှာ ရဲတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ P.B.D Hood ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ သီချင်းတွေဖန်တီးသီဆိုခဲ့ပြီး ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်း ဖန်တီးသူတစ်ဦးလည်းဖြစ်ပါတယ်။
အဆိုတော်ရဲနောင်ဟာ Arkar Production ကနေပြီး မိုဘိုင်းဖုန်းနဲ့ရိုက်ကူးထားတဲ့ Short Flim ထဲက Battle Scene နဲ့လည်း ပရိသတ်တွေ အားပေးမှုရရှိခဲ့တဲ့ သူတစ်ဦးပါ။ 2021 နောက်ပိုင်း နိုင်ငံရေးပြောင်းလဲမှုဖြစ်ပွားပြီးနောက်မှာတော့ မြန်မာနိုင်ငံကို ပြန်လာချင်ပေမယ့် ပြန်လာခွင့်မရခဲ့တော့သလို သူ့ရဲ့ P.B.D Hood ရဲ့ အဖွဲ့ဝင်တစ်ဦးကလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သူက ပြောပြပါတယ်။
အနုပညာလှုပ်ရှားမှုတွေ ၄ နှစ်တာလုံး ရပ်နားခဲ့တဲ့ သူဟာ ပိုင်ဆိုင်မှု အိုးအိမ် အားလုံးကိုစွန့်လွှတ်ပြီး သံ စက်ရုံမှာ အလုပ်ကြမ်းသမားဘဝနဲ့ ပြန်လည်စတင်ခဲ့ရတယ်လို့ သူက ပြောပြပါတယ်။
အဆိုးဆုံးကတော့ သူ့ရဲ့အဖွဲ့ဝင်သူငယ်ချင်း ဖမ်းဆီးခံရချိန်မှာ အနားမှာ ရှိမနေပေးနိုင်ခဲ့ခြင်းပဲလို့ သူ့ခံစားချက်ကို ဖော်ပြထားတာပါ။ အခုချိန်မှာတော့ သူဟာ Queensland ပြည်နယ်က ရဲတစ်ယောက်ဖြစ်နေခဲ့ပြီး အမှန်တရားဘက်ရပ်တည်ဖို့ဆိုတာ ထင်သလောက်မလွယ်ခဲ့ဘူး လို့ သူက ဆိုပါတယ်။