တိုက်ပွဲပြင်းထန်နေတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာရဲ့ နေရာအများစုကို စစ်ကောင်စီပြန်ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက အတည်ပြုပါတယ်။
တအာင်းတပ်မတော်-TNLA နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA တို့ ထိန်းချုပ်ထားတဲ့ တွင်းငယ်ကျေးရွာကို စစ်ကောင်စီ တန်းမြင့်လေ့ကျင်းရေးကျောင်းအမှတ်-၁၃ တပ်ကနေ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတာနေတာဖြစ်ပြီး မနေ့ ဒီဇင်ဘာ ၅ ရက်မှာ စစ်ကောင်စီက ရွာရဲ့ နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
“စစ်ကောင်စီက တွင်းငယ်ရွာရဲ့ နေရာအများစုကို ထိန်းချုပ်နိုင်ပြီ။ အပြည့်အဝ ထိန်းချုပ်နိုင်တာတော့ မဟုတ်ဘူး။ တော်လှန်ရေး အင်အားစုတွေလည်း ရှိသေးတယ်” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိ နေတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ တွင်းငယ်ကျေးရွာရဲ့ စာသင်ကျောင်း၊ ရဲစခန်းအပါအဝင် အရေးပါတဲ့ နေရာအများစုကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ကြောင်း ရေးသားဖော်ပြနေကြပါတယ်။တွင်းငယ်ရွာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး ၄ လနီးပါးအကြာမှာ ပြန်လည်လက်လွတ်ခဲ့ရတာ ဖြစ်ပါတယ်။
တွင်းငယ်ကျေးရွာက တအာင်းတပ်မတော်- TNLA သိမ်းပိုက်ထားတဲ့ မိုးမိတ်မြို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်-PDF တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့လမ်းပိုင်းပေါ်မှာ တည်ရှိပြီး တွင်းငယ်ကျေးရွာကနေ ကချင်ပြည်နယ်ဘက်ကို သွားနိုင်သလို မန္တလေးဘက်လည်း သွားနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် တွင်းငယ်ရွာဟာ စစ်ရေးအရအရေးပါတဲ့ နေရာဖြစ်ပြီး တွင်းငယ်ရွာကို ပြန်ရဖို့ ကြိုးစားနေတာလို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်မှာ TNLA ဘက်က အပစ်ရပ်ဖို့အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေတာ ကြောင့် သပိတ်ကျင်းနဲ့ နောင်ချိူမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။