ကိုးကန့်ထိန်းချုပ်ဒေသက ချင်းရွှေဟော် နယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ပေမယ့် ကုန်တင်သွင်းခွင့်သာရပြီး တရုတ်ဘက်မှ ကုန်သယ်ယူခွင့်မရ
ကိုးကန့်တပ် MMNDAA ထိန်းချုပ်ဒေသက တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ချင်းရွှေဟော်ဂိတ်ကို တရုတ်ဖက်က ပြန်ဖွင့်ပေးပေမယ့် မြန်မာဖက်က ကုန်တွေသာ တင်သွင်းလို့ရပြီး တရုတ်ကနေ မြန်မာဖက်ခြမ်းကိုတော့ ဘာကုန်ပစ္စည်းမှ သယ်ယူလို့ မရသေးဘူးလို့ သိရပါတယ်။
ချင်းရွှေဟော်ဂိတ်ကို နိုဝင်ဘာလ နောက်ဆုံးအပတ်လောက်မှာ စတင်ဖွင့်လှစ်ပေးခဲတာြဖစ်ပြီး ကိုးကန့်ထိန်းချုပ်ဒေသထဲက ကြံ၊ ပြောင်းနဲ့ မီးသွေးတွေကို တင်သွင်းခွင့်ပြုထားတာ ဖြစ်ပါတယ်။
“ဒီက ကုန်ကြမ်းလောက်ဘဲ တင်လို့ရတာ။ တရုတ်ပြည်ကနေ ဘာမှသယ်လာ လို့မရသေးဘူး” ဆိုပြီး ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိ အဲဒီချင်းရွေဟော်ဂိတ်မှာ ကုန်ကားတွေကိုသာ အဝင်အထွက်ပေးထားဖြစ်ပြီး လူအဝင်အထွက်ကတော့ မရသေးဘူးလို့ ချင်းရွှေဟော်မြို့မှာ နေထိုင်တဲ့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြောင်းတို့၊ ကြံတို့၊ မီးသွေးတို့ တရုတ်ဘက်ကို စပြီးပို့နေကြပြီလေ။ လူကတော့ နောက်ပိုင်း တဖြည်းဖြည်းနဲ့ရမယ်လို့ ထင်တယ်။ ကြံခုတ်တဲ့ အလုပ်ကတော့ ခေါ်နေပြီ။ တစ်စည်းကို တရုတ်ငွေ ၃ ကျပ်ပေးတယ်”
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့ဂိတ်ကို စတင်ဖွင့်လှစ်ပေးခဲ့ရာ ပြောင်းဖူး တစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြုပြီး တရုတ်နိုင်ငံကနေ မြန်မာဘက်ကိုတော့ ကုန်ပစ္စည်း သယ်ယူခွင့်တွေ ဆက်လက်တားမြစ်ထားတယ်လို့ သိရပါတယ်။