ရန်ကုန်တာမွေက အဝစား ၅၀၀ ကျပ်တန် ကိုယ်ပျောက်ဂျင်းထမင်းဆိုင်အကြောင်း (ထင်ယောင်ထင်မှား ဖြစ်တာတွေ မတင်ကြပါနဲ့)
တာမွေ ကျောက်မြောင်းမှာ အဝစား၅၀၀နဲ့ အခြေခံလူတန်းစားတွေ အားလုံးစားနိုင်အောင် အမျိုးသမီးတစ်ဦး နာမည်နဲ့ ထမင်းဆိုင်လေး တဆိုင်ဖွင့်ထားတယ်တဲ့။ အကျိုးအမြတ် လိုချင်လို့ မဟုတ်ဘူး။ အများပြည်သူ ခက်ခဲတဲ့သူတွေအတွက် စေတနာနဲ့ အဝစား၅၀၀ ရောင်းပေးတာ ဆိုတဲ့ ပို့စ်တစ်ခု တွေ့လိုက်မိတယ်။
အဲဒီပို့စ်ကို သဘောကျနှစ်သက်လို့ မျှဝေထားကြတာ ထောင်ဂဏန်း ရှိတယ်။ သာဓုခေါ် ထားတဲ့ ကွန်းမန့်တွေလည်း ထောင်ဂဏန်းပဲ ထင်ပါရဲ့။အဲဒါနဲ့ ကျောက်မြောင်း ဘယ်နေရာမှာလဲ သေသေချာချာ ဖတ်ကြည့်လိုက်တော့ ထမင်း ဆိုင်လေး လိပ်စာက ဓမ္မစိန္တာလမ်းနဲ့ မလွှကုန်းလမ်းထောင့်မှာ ဖွင့်ထားတာပါတဲ့။
အဲဒီလိပ်စာကို တွေ့မိတော့ မျှဝေသူတွေ သာဓုခေါ်ထားတဲ့ ကွန်းမန့်တွေ အတွက် ပြုံးပဲနေမိတော့တယ်။ကျနော်က ကချင် ပြည်နယ် မွေးရာဇာတိဆိုပေမယ့် အသက် ၃၀ ကျော်မှာ ရန်ကုန် ကျောက်မြောင်းမှာ အခြေချနေခဲ့တာ၊ အခု အသက်၆၀နီးနေပြီ။
ကျောက်မြောင်းမှာ ကိုယ့်အသက် ထက်ဝက်လောက် နေလာခဲ့တာ ဆိုတော့ ဒုတိယ ဇာတိလို့ဆိုရင် မမှားပါဘူး။ ကျွန်တော်နေတဲ့ ဓမ္မစိန္တာလမ်း ဆိုတာက မလွှကုန်းလမ်းနဲ့ ယှဉ်လျက် အပြိုင်လမ်းတွေလေ။ အဆိုတော်တဦး ဆိုထားတဲ့သီချင်းရှိတယ်။ “မဆုံသောလမ်း” ဆိုသလိုပေါ့ဗျာ။
ဓမ္မစိန္တာလမ်း နဲ့ မလွှကုန်းလမ်းထောင့်မှာ ဖွင့်ထားတယ် ဆိုတော့ အဲဒီထမင်းဆိုင်ကို သွားမရှာနဲ့တော့။ ဘယ်သောအခါမှ တွေ့မှာ မဟုတ်ဘူး။ အဲဒီလမ်းနှစ်လမ်း ဘယ်တော့မှ မဆုံနိုင်တဲ့ လမ်းတွေ ဖြစ်နေတယ်လေ။ အဝစား ၅၀၀ ထမင်းဆိုင်တွေ ဖွင့်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ မပြောဘူးနော်။ ကျောက်မြောင်း ဓမ္မစိန္တာလမ်း နဲ့ မလွှကုန်းလမ်းထောင့် ဆိုတာ မရှိလို့ – အဲဒီလိုဆိုင် မရှိဘူးလို့သာ ပြောတာပါ။