၁၉၉၀ ဝန်းကျင်က အဆိုတော် ရုပ်ရှင်မင်းသမီး ခိုင်ခင်ဦးရဲ့ ဖျော်ဖြေမှု ပြုလုပ်တဲ့ ဗီဒီယိုဖိုင်တခုအကြောင်းကို အဲဒီအချိန်က ပရိသတ်တွေ မှတ်မိကြမယ် ထင်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ထဲမှာ ခိုင်ခင်ဦးက “ဒါလေးများ” သီချင်းနဲ့ ဖျော်ဖြေနေတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ ခိုင်ခင်ဦးဟာ လျှပ်ပေါ်လော်လီတဲ့ အဝတ်အစားတွေ ဝင်ဆင်ခဲ့တယ်လို့ ဆင်ဆာအဖွဲ့က သတ်မှတ်ခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ အင်္ကျီလက်တစ်ဖက် ပုခုံးကပြုတ်ကျနေတာကို ဗီဒီယိုရိုက်ကူးသူက ရည်ရွယ်ချက်ရှိရှိ အနီးကပ်ဆွဲယူရိုက်ကူးတာ တွေ့ရပါတယ်။
ယခုခေတ် စံနှုန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ ခိုင်ခင်ဦးရဲ့ ဝတ်စားဆင်ယင်မှုဟာ မူကြိုအဆင့်ပဲ ရှိတယ်လို့ သတ်မှတ်ရပေမယ့် အဲဒီခေတ်တုန်းကတော့ ယခုလောက် မီဒီယာ ပျံ့နှံ့မှု အားမကောင်းခဲ့တာကြောင့် ဟိုးလေးတကျော် ဖြစ်ခဲ့ရပါတယ်။
အဲဒီအချိန်က ဗီဒီယိုကြည့်စက်တွေ အိမ်တိုင်းမှာ မရှိသေးဘဲ ဗီဒီယိုကြည့်ချင်ရင် စက်ငှားတဲ့ အိမ်ကနေ ငှားရမ်းပြီး မိသားစုတွေ စုပြီး ကြည့်ရတဲ့ အချိန်ဖြစ်ပါတယ်။ ထိုအချိန်ကတည်းက ခိုင်ခင်ဦး သီချင်းဆိုတဲ့ အဆိုပါ ဗီဒီယိုဟာ နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီဂယက်ကြောင့် နဝတအစိုးရဟာ သရုပ်ဆောင် ခိုင်ခင်ဦးကို မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်တဲ့ ဝတ်စားဆင်ယင်မှုများနှင့် စတိတ်ရှိုးဖျော်ဖြေပွဲများမှာ အများပြည်သူ ကြည့်ရှု၍ မသင့်အောင် ရိုက်ကူးပြသတယ်ဆိုပြီးတော့ အနုပညာပညာလုပ်ငန်းများ မပြုလုပ်ရန်တားမြစ်ခဲ့ပါတယ်။
အတည်မပြုနိုင်တဲ့ သတင်းများအရ မင်းသမီး ခိုင်ခင်ဦးဟာ အစိုးရဝါဒဖြန့်ချိရေး ဇာတ်လမ်းတွေမှာ ပါဝင် သရုပ်ဆောင် မပေးတဲ့အတွက်ကြောင့်လည်း ပိတ်ပင်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်က အင်တာဗျူးတစ်ခုမှာတော့ အနုပညာလုပ်ခွင့် (၅) နှစ် ပိတ်ပင်ခဲ့ပေမယ့် (၂) လ ထဲနဲ့ အဆင်ပြေပြေ ကျေအေးပေးခဲ့တယ်လို့ သရုပ်ဆောင် ခိုင်ခင်ဦး က ဖြေကြားခဲ့ပါတယ်။
ဒါပေမယ့် အဆိုပါ ကိစ္စ ဖြစ်ပျက်ခဲ့ပြီးနောက် မင်းသမီး ခိုင်ခင်ဦးကို အနုပညာလောကထဲမှာ လှုပ်ရှားမှု သိပ်မတွေ့ရတော့ပါဘူး။ ခိုင်ခင်ဦး ဟာ ၁၉၈၂ ခုနှစ်က “မေတ္တာအသင်္ချေ” ဇာတ်ကားနဲ့ အကယ်ဒမီဆု (ဇာတ်ပို့) ရရှိခဲ့ပါတယ်။ ယခုလို အဝတ်အစား ဝတ်ဆင်တိုင်းသာ အနုပညာလှုပ်ရှားခွင့် ပိတ်ပင်ရမယ်ဆိုရင် ယနေ့ခေတ်မှာဆို ဘယ်သူမှ မကျန်တော့ဘူးလို့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။