ကြည့်ရှုသူ ဆယ်ယောက်မပြည့်ဘဲ ဖြစ်နေတဲ့ နီနီခင်ဇော်ရဲ့ မြန်မာ့ပထမဆုံး ဂီတရုပ်ရှင်ကားကြီး (ငွေကြေးအရ မအောင်မြင်ပေမယ့် အနုပညာတန်ဖိုးအရ အောင်မြင်မလားဆိုတာကတော့)
အဆိုတော် နီနီခင်ဇော် ကိုယ်တိုင် ဇာတ်လမ်းရေးပြီး ကိုယ်တိုင် ပိုက်ဆံထုတ် ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ မြန်မာ့ပထမဆုံး ဂီတရုပ်ရှင်ကားကြီး ဖြစ်တဲ့ အိပ်မက်ကာရန် ဇာတ်ကားကြီးကတော့ ရုံတင်နေပြီ ဖြစ်ပါတယ်။ ရီဗျူးရေးသူအများစုကတော့ ကောင်းမွန်တယ်လို့ ပြောကြပေမယ့်လည်း လက်တွေ့မှာတော့ ရုံတွေထဲမှာ လူအနည်းငယ်ပဲ ဝင်တယ်လို့ သိရပါတယ်။
လူဝင်များအောင် လက်မှတ်တွေကို ကုမ္ပဏီတချို့ကို အလကား ပေးထားပေမယ့် အကြိုအပို့ မရှိတာကြောင့် ရုံတွေမှာ အလွတ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ရုပ်ရှင်လက်မှတ် အလကားရရင်တောင် အသွားအပြန်လိုင်းကားနဲ့ မုန့်စားတဲ့ စရိတ်ပါ ထည့်တွက်ရင် တယောက်ကို တသောင်းနီးပါးမှသာ ရုပ်ရှင်လာကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒါတောင် အချိန်အားနေမှ ကြည့်လို့ ရပါမယ်။
လတ်တလောမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် ပြည်သူတွေဟာ ဖျော်ဖြေမှုတွေထက် စားဝတ်နေရေးကိုသာ အဓိက ထားနေရတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရုပ်ရှင်ကို အသည်းအသန် ပရိုမိုးရှင်း လုပ်နေပေမယ့်လည်း အပျော်တွေ ပျောက်နေတဲ့ ပြည်သူတွေဟာ ရုပ်ရှင်ရုံထဲကို မလာနိုင်ကြတော့ပါဘူး။ အဲဒါကြောင့်လည်း ရီဗျူးရေးသူတဦးက ရုံထဲမှာ သူတယောက်တည်း ရှိတယ်လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
အကောင်းဖက်က ကြည့်ရင်တော့ လူမဝင်ရင် သန့်ရှင်းရေးဝန်ထမ်းတွေ သက်သာတယ်လို့ တဖက်လှည့်တွေးလို့ ရနိုင်ပါတယ်။ လူနည်းတော့ အတွဲတွေ အနေနဲ့လည်း အဆင်ပြေနိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် မြန်မာ့ပထမဆုံး ဂီတ ရုပ်ရှင်ကားကြီး ငွေကြေးအရ မအောင်မြင်ပေမယ့် အနုပညာအရ အောင်မြင်မလား ဆိုတာကတော့… (ပုံကတော့ လူတယောက်ပဲ ရှိတဲ့ ရုပ်ရှင်ရုံရဲ့ မြင်ကွင်းပါ)