တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏ ညီတစ်ယောက်ရောက်ရှိလာလေ၏။ သူသည် ကျွန်ုပ်၏ ညီအရင်း ဖြစ်သည်။ ယခင် ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြောခဲ့သော အမှတ် (၁၄)၊ ကျောက်ရေတွင်လမ်းနေရာတွင် ဟောပြောနေသူ ဖြစ်၏။ ဦးဝင်းဇော်(B.Sc(Forestry)) ကလောင်အမည်ဖြင့် ရောင်ပြန်မဂ္ဂဇင်း၌ ဆော်လမွန်အဆောင်တံဆိပ်များ အကြောင်းကို ဆောင်းပါးရေးနေသူ ဖြစ်၏။ ကျွန်ုပ်သည် ၎င်းကို တွေ့လျှင် တွေ့ချင်း “ဟေ့ မင်းလည်း မလာတာ ကြာပါရောလား” ဟု ပြောလိုက်ရာ ကျွန်ုပ်၏ညီ ဝင်းဇော်က…. “ဟုတ်တယ် အစ်ကို၊ ကျွန်တော်လည်း မအားဘူး၊ မနက်ကနေ ဗေဒင်ဟောလိုက်ရတာ ညနေ (၅) နာရီ (၆) နာရီ ထိုးတဲ့အထိပဲ” ဟု ပြန်၍ ဖြေလေ၏။
“အေး ငါလည်း ကြားတယ်ကွ၊ မင်းက တားရော့ကတ်နဲ့ ဗေဒင်ဟောတာ အတော့်ကို အောင်မြင်ဆိုပဲ၊ မှန်လည်းအတော်မှန်တယ်တဲ့၊ ငါ့မိတ်ဆွေတစ်ယောက်ကဆိုရင် မင်းကိုငါ့ထက်တောင် ပိုပြီး သဘောကျသေးတယ်လို့ လာပြီပြောတယ်ကွ” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ “ဟုတ်တယ် အစ်ကို၊ အောင်မြင်ပါတယ်၊ ကျွန်တော်သုံးနေတဲ့ တားရော့ကတ်ဆိုရင် ပွန်းပြီး အရုပ်တွေတောင် ပျောက်ကုန်ပြီ၊ အဲဒါကြောင့် တားရော့တစ်ထုပ်လောက် လိုချင်လို့ အစ်ကို့ဆီ လာခဲ့တာပဲ” ဟု ဝင်းဇော်က ပြောလေ၏။ “ရှိတယ်ကွ၊ ရန်ကုန် ဘုရားဖူးယာဉ်လုပ်ငန်းက မောင်လှညွန့်ကြီးရဲ့ ညီတွေ၊ ညီမတွေက အမေရိကားမှာကွ၊ သူက ငါ့အတွက် တားရော့တစ်ထုပ် လှမ်းပြီးမှာပေးလို့ တစ်နေ့ကပဲ တားရော့တစ်ထုပ် ရထားတယ်၊ (၁၈) ရာစုနှစ် လက်ရာကွ၊ အဲဒါကို ငါပေးလိုက်မယ်” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ “ကျွန်တော် လာတာ အဲဒီကိစ္စတစ်ခုတည်း မဟုတ်ဘူး အစ်ကိုရ၊ ကျွန်တော့်မှာက တဖြည်းဖြည်း ပရိတ်သတ်က များလာပြီး အဲဒီပရိသတ်ရဲ့ လိုအပ်ချက်တွေကို ကျွန်တော်က ဖြည့်ဆည်းပေးရတာ၊ အများစု လိုအပ်ချက်ကတော့ လာဘ်လာဘကိစ္စပါပဲ။
လာဘ်ရွှင်ချင်တယ်ပေါ့ အစ်ကိုရယ်” ဟု ဝင်းဇော်က ပြော၏။ “လာဘ်ရွှင်တဲ့ အစီအရင်အနေနဲ့ ရောင်ပြန်မဂ္ဂဇင်း အမှတ် (၃) မှာ “ဗားမဲ့ဆရာတော်နဲ့ မန်ကျည်းတန်း ဦးရွှေအိုး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘုရားထုလုပ်ပူဇော်နည်း ဖော်ပြထားတယ်လေကွာ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ဝင်းဇော်က… “အဲဒါက ဒီလို အစ်ကိုရဲ့၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ လူတွေအတွက် အဲဒီအစီအရင်တွေက အခက်အခဲ ရှိတယ်၊ အဲဒီတော့ လူမျိုးမရွေး၊ ဘာသာမရွေး ဆောင်ရွက်လို့ရတဲ့ အဆောင် မရှိဘူးလား” ဟု ပြောလေ၏။ “ဒီလိုရှိတယ်ကွ၊ ဒီကိစ္စက “ယုံချင်ယုံ၊ မယုံချင်နေ” ဆိုသလို ပြောရမယ့် ကိစ္စတွေ၊ ဆရာကြီး အဘမင်းခေါင်နဲ့ အတူနေဖူးတဲ့လူတိုင်း သိထားတဲ့နည်းတစ်ခု ရှိတယ်၊ အဲဒီနည်းကို သူတို့က ဓာတ်တူနာမ်တူ ဆေးဖက်ယူလို့ ပြောလေ့ရှိကြတယ်” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။
“ဘယ်လိုမျိုးလဲ အစ်ကိုရဲ့” ဟု ဝင်းဇော်က မေးလိုက်လေ၏။ “ဥပမာကွာ…ငါဟာ ဆရာဦးပြည်သိမ်း ဆိုတဲ့ ဆရာတစ်ဦးနဲ့ အတူနေခဲ့ဖူးတယ်၊ သူဟာ ဆရာကြီး အဘမင်းခေါင်နဲ့ ရင်းရင်းနှီးနှီး နေခဲ့ဖူးတဲ့သူပဲ၊ တစ်နေ့မှာ ဦးပြည်သိမ်းနဲ့ ငါနဲ့ ထိုင်နေတုန်း ဦးပြည်သိမ်းကို မိန်းမတစ်ယောက်က နက်စ်ကော်ဖီမှုန့်ပုလင်း လာပြီးလှူတယ်၊ သူဟာ ငါ့ကို အဲဒီ ပုလင်းထဲက တံဆိပ်ပတ်ကလေးကို မပြဲအောင် ခွာခိုင်းတယ်။ ငါလည်း ခွာပေးလိုက်တယ်။ ပြီးတော့ သူက အဲဒီတံဆိပ်ပတ်ကလေးကို အဝင်ဝတံခါးမှာ ကပ်လိုက်တယ်။ သုံးလေးငါးရက်လောက်နေတော့ နက်စ်ကော်ဖီပုလင်းလှူမယ့်လူ ပေါ်လာပြန်ရောဟေ့။ အဲဒီအခါမှာ ဆရာဦးပြည်သိမ်း အပြောကို မစောင့်တော့ဘူးဟေ့။ ပုလင်းက တံဆိပ်ကလေးကို ခွာပြီး တံခါးမှာ ကပ်လိုက်ပြန်ရော။
နောက်တစ်နေ့မှာ နက်စ်ကော်ဖီပုလင်းလှူမယ့်သူ ပေါ်လာပြန်ရော။ အဲဒီတော့ ဆရာဦးပြည်သိမ်းက အဲဒါ ဓာတ်ရိုက်တဲ့ နည်းတစ်မျိုးပဲကွ၊ မင်းအနေနဲ့ မယုံရင် ဟောဒီမှာ ရွှေဥဒေါင်းမင်းတံဆိပ် ဆေးပြင်းလိပ်ကလေးကို တံခါးမှာကပ်လိုက်၊ ဆေးပြင်းလိပ်ထုပ်တွေရောက်လာလိမ့်မယ်” လို့ ပြောတယ်ကွ။ “အဲဒါနဲ့ ငါလည်း ရွှေဥဒေါင်းမင်း ဆေးပြင်းလိပ်ထုပ်က တံဆိပ်လေးကို တံခါးမှာ ကော်နဲ့သုတ်ပြီး ကပ်လိုက်တယ်။ ဆရာဦးပြည်သိမ်းပြောတာ မှန်တယ်ဟေ့။ ရွှေဥဒေါင်းမင်း ဆေးပြင်းလိပ်ထုပ်တွေ ရောက်လာပြန်ရောဟေ့။ အဲဒီ တော့ ငါက ဆရာဦးပြည်သိမ်းကို မေးတယ်။ “ဆရာဦးပြည်သိမ်းရေ…ဆေးပြင်းလိပ်တံဆိပ်တွေ၊ ကော်ဖီမှုန့်တံဆိအ်တွေ မကပ်ဘဲ တံခါးမှာ ပိုက်ဆံတွေ ကပ်ထားလိုက်ရင် ဘယ်လိုနေမလဲ” လို့ မေးလိုက်တယ်။
အဲဒီတော့ ဆရာဦးပြည်သိမ်းက… “ပိုက်ဆံတွေ ကပ်လိုက်ရင် သူများတွေ ခွာယူသွားမှာပေါ့လို့ ဆရာဦးပြည်သိမ်းကြီးက ပြန်ပြီးဖြေတယ်ကွ” ဟု ကျွန်ုက ပြောပြလိုက်ရာ ဝင်းဇော်က.. “သူပြောတာလည်း ဟုတ်တာပဲ၊ အဲဒီတော့ဘယ်လိုလုပ်မလဲ အစ်ကိုရဲ့” ဟု မေးလေ၏။ “ငါလည်း အဲဒါကြောင့် ဆရာဦးပြည်သိမ်းကြီးကို မေးကြည့်တယ်ကွ၊ အဲဒီတော့ သူက နည်းပေးရှာပါတယ်။ ကတ်ပြားတစ်ခုပေါ်မှာ လက်ရှိသုံးနေတဲ့ ငွေစက္ကူတစ်စုံ ကပ်ထားရမယ်တဲ့ကွ။ ဥပမာကွာ အခုဆိုရင် ငါးရာတန် ရှိတယ်။ အဲဒီတော့ ငါးရာတန် နှစ်ရွက်ကိုပေါ့ကွာ မျက်နှာစာတစ်ခုလုံး မြင်ရလောက်အောင် ဟိုဘက် ဒီဘက် ကပ်ပေါ့ကွာ၊ နှစ်ရာတန် ရှိတယ်ကွ၊ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ၊ တစ်ရာတန် ရှိတယ်ကွ၊
အဲဒါလည်း နှစ်ရွက်ပေါ့ကွာ၊ ကိုးဆယ်တန် ရှိတယ်ကွ၊ အဲဒါလည်း နှစ်ရွက်ကွာ၊ ငါးဆယ်တန် ရှိတယ်ကွ၊ အဲဒါလည်း နှစ်ရွက်ကွာ၊ ငါးဆယ်တန် ရှိတယ်ကွ၊ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ၊ လေးဆယ့်ငါးကျပ်တန် ရှိတယ်ကွ၊ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ၊ နှစ်ဆယ်တန် ရှိတယ်ကွ၊ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ၊ ဆယ့်ငါးကျပ်တန် ရှိတယ်ကွ၊ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ၊ တစ်ဆယ်တန် ရှိတယ်ကွ၊ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ၊ ငါးကျပ်တန် ရှိတယ်ကွ၊ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ၊ တစ်ကျပ်တန် ရှိတယ်ကွာ၊ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ၊ ပြီးတော့ အဲဒီကတ်ပြားကို မှန်ဘောင် သွင်းလိုက်ပေါ့ကွာ” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။
ထိုအခါ ဝင်းဇော်က… “နေပါဦး အစ်ကိုရဲ့၊ ပိုက်ဆံတွေကို တစ်စုံ တစ်စုံ ထည့်ပြီး ဟိုဘက် ဒီဘက် လှန်ပြီး ထည့်ရမယ် ဆိုတာက ဘယ်လိုလဲ၊ ကျွန်တော် နားမလည်ဘူး” ဟု ပြောလေ၏။ “ဒါက ဒီလိုလေကွာ၊ ဥပမာ ကိုးဆယ်တန် ဆိုပါတော့ကွာ၊ နှစ်ရွက်ထည့်ရမယ်၊ တစ်ရွက်က ဆရာစံပုံပေါ်အောင်ထည့်ရမယ်။ တစ်ရွက်က နောက်ကျောက လယ်သမား လယ်ထွန်နေတဲ့ပုံပေါ်အောင် ထည့်ရမယ်။ ကျန်တဲ့ပိုက်ဆံတွေလည်း ဒီအတိုင်းပဲ။ နှစ်ဖက်စလုံးမြင်အောင် ကတ်ပြားမှာ မှန်ဘောင်သွင်းရမယ်” ဟု ကျွန်ုပ်က ရှင်းပြလိုက်လေ၏။ ထိုအခါ ကျွန်ုပ်၏အညီ ဝင်းဇော်က… “အဲဒါ လုပ်နည်း အပြည့်အစုံပဲလား” ဟု မေးလေ၏။
“အပြည့်အစုံလို့တော့ မဆိုနိုင်သေးဘူးကွ၊ လုပ်တာဟာ အချိန်လိုတယ်၊ ကြာသပတေးနေ့ မနက် (၆) နာရီကနေ (၇) နာရီခွဲအတွင်း ပြီးရမယ်။ အဲဒီအချိန်ဟာ အင်္ဂဝိဇ္ဇာသဘောအရ တနင်္လာဂြိုဟ် ငွေနံဟာ တိုင်ထိပ် နဝင်းစီးတဲ့အချိန်ပဲကွ၊ ပြီးတော့ ချိတ်ဆွဲတဲ့လူရဲ့ နေ့နံနဲ့ အချိန်လည်း လိုသေးတယ်ကွ၊
တနင်္ဂနွေသားသမီးဆိုရင် တနင်္ဂနွေနေ့ နံနက် (၉) နာရီ (၄၅) မိနစ်။
တနင်္လာသားသမီးဆိုရင် တနင်္လာနေ့ နံနက် (၉) နာရီ (၄၅) မိနစ်။
အင်္ဂါသားသမီးဆိုရင် အင်္ဂါနေ့ နံနက် (၉) နာရီ (၄၅) မိနစ်။
ဗုဒ္ဓဟူးသားသမီးဆိုရင် ဗုဒ္ဓဟူးနေ့ နံနက် (၉) နာရီ (၄၅) မိနစ်။
ကြာသပတေးသားသမီးဆိုရင် ကြာသပတေးနေ့ နံနက် (၉) နာရီ (၄၅) မိနစ်။
သောကြာသားသမီးဆိုရင် သောကြာနေ့ နံနက် နံနက် (၉) နာရီ (၄၅) မိနစ်။
စနေသားသမီးဆိုရင် စနေနေ့ နံနက် (၉) နာရီ (၄၅) မိနစ် အချိန်မှာ ချိတ်ဆွဲရတယ်ကွ။
အဲဒီအချိန်ချိတ်မှ ပိုပြီးဓာတ်မိတယ်” ဟု ကျွန်ုပ်က ရှင်းပြလိုက်လေ၏။ ထိုအခါ ဝင်းဇော်က “အဝင်ဝ တံခါးမှာ ချိတ်ရမှာလား အစ်ကို” ဟု မေးလေ၏။ “မလိုပါဘူးကွာ၊ အိပ်ခန်းထဲက နံရံမှာချိတ်ရင် ရပါတယ်၊ ခေါင်းရင်းဘက်မှာ ဆိုရင်တော့ ပိုပြီးကောင်းတာပေါ့” ဟု ကျွန်ုပ်က ပြောလိုက်ရာ ဝင်းဇော်က… “အစွမ်းထက်သလား အစ်ကို” ဟု မေးလေ၏။ ဒီမှာ ဝင်းဇော်၊ ငါ့မှာလုပ်ထားတာ တစ်ချပ်ရှိယ်၊ အစွမ်းထက်သလား၊ မထက်သလား မမေးနဲ့၊ ငါလုပ်ထားတာကိုပဲ မင်းကို ဓာတ်ပုံရိုက်ပြီး ပေးလိုက်မယ်၊ အဲဒါကို မင်းချိတ်ကြည့်ဦး၊ ထူးမှ မင်းဟာမင်း တစ်ချပ်လုပ်” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ “အဲဒါတစ်ချပ်လုပ်ဖို့ တန်ဖိုးက မနည်းဘူး အစ်ကိုရဲ့ ၊ ငွေစက္ကူချည်းပဲ နှစ်ထောင်ခုနစ်ဆယ့်နှစ်ကျပ် ကျမယ်၊ မှန်ဘောင်ဖိုးနဲ့ ဘာနဲ့ဆိုရင် သုံးထောင်နီးပါးလောက် ကျသွားမယ်။
အတော့်ကို တန်ဖိုးကြီးတဲ့ အစီအရင် တစ်ခုပဲ” ဟု ဝင်းဇော်က ပြောလေ၏။ “ငါကတော့ အဲဒါကြီးလုပ်တဲ့အပြင် လူတိုင်း လူတိုင်း လာဘ်ရွှင်ကြပါစေဆိုပြီး အဲဒီဘုတ်ကြီးရှေ့မှာ မေတ္တာပို့သေးတယ်ကွ၊ ပြီးတော့ အဲဒီဘုတ်ကြီးရှေ့မှာပဲ “နမောတဿဘဂဝတော” ကို ပုတီးသုံးပတ်နဲ့ “နမောတဿ အရဟတော” ကို ပုတီးသုံးပတ်၊ နမောတသ သမ္မာသမ္ဗုဒ္ဓဿ” ကို ပုတီးသုံးပတ်။ ပြီးတော့ “နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ကို ပုတီးသုံးပတ်စိပ်တယ်ဆိုတော့ အားလုံး ပုတီး (၁၂) ပတ်ပေါ့ကွာ။ အဲဒါကို မှန်မှန်စိပ်ပေးတယ်။ ဆရာဦးပြည်သိမ်း ပေးတဲ့နည်းမှာတော့ ပုတီးစိပ် မပါ ပါဘူး။ ချိတ်ထားရုံပဲ။
ကဲ…ကဲ အဲဒီဘုတ်ကြီးကို ငါ ဓာတ်ပုံရိုက်ထားတယ်ကွ၊ မင်းကို ဓာတ်ပုံတစ်ပုံ ပေးလိုက်မယ်” ဟု ဆိုကာ ကျွန်ုပ်သည် ဓာတ်တူနံတူ ဆေးဖက်ယူနည်းဖြင့် ပြုလုပ်ထားသော ပုံကြီးကို ပေးလိုက်လေ၏။ ဝင်းဇော်လည်း ထိုဓာတ်ပုံကို ယူသွား၏။ တံခါးဝသို့ ရောက်သောအခါ၌…. “ဓာတ်တူနံတူ ငွေကိုယူ လို့ အစီအရင်ကို နာမည်ပေးလိုက်ရမယ် အစ်ကိုရဲ့” ဟု ပြောသွားသေး၏။ အထက်ပါ အဖြစ်အပျက်များ ဖြစ်ခဲ့ပြီး ဆယ်ရက်ခန့်ကြာသောအခါ၌ ဝင်းဇော်သည် ကျွန်ုပ်ပေးလိုက်သော “ဓာတ်တူ နံတူ ငွေကိုယူ” အစီအရင်ဓာတ်ပုံအား လာ၍ပေးလေ၏။ ထို့ကြောင့် ကျွန်ုပ်က… “ဘယ်လိုလဲကွ၊ မစွမ်းဘူးလား” ဟု မေးလိုက်လေ၏။ ထိုအခါ ဝင်းဇော်က… “စွမ်းပြီလား အစ်ကိုရယ်၊ အဲဒါကြောင့် ကျွန်တော်လည်း ငွေစက္ကူအစစ်နဲ့ လုပ်ထားပြီးပြီ။ ဒါကြောင့် ဓာတ်ပုံကို ပြန်လာပေးတာ” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ထိုဓာတ်ပုံကို ကျွန်ုပ်ထံတွင် စာမူလာစောင့်နေသော ရောင်ပြန်မဂ္ဂဇင်းအယ်ဒီတာ မောင်မောင်မြင့်အေးအား ပေးလိုက်လေတော့သတည်း။