ငွေဆောင်ကို ကိုယ်ပိုင်ကားနဲ့ လတ်တလော သွားမယ့်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အချက်များ (မောင်းတတ်ရင် ကားမထိပါဘူး)
ဒီနေ့ပဲ ငွေဆောင်ကပြန်လာတာမလို့ ကိုယ့်လို ကိုယ့်ကားနဲ့ကိုယ်တက်ချင်သူတွေအတွက် ပြန်လည် မျှဝေပေးတာပါ။ ဟွန်ဒါဖစ် GE6 ပုံပြောင်းနဲ့တက်ခဲ့ပါတယ်။ လမ်းက ၄/၅ နေရာလောက်ကတော့ ဆိုးပေမယ့် ၂ နေရာပဲ အတော်ဆိုးပြီး ကျန်နေရာတွေက သတိလေးနဲ့ ကီလို ၄၀-၅၀ လောက် ထိန်းမောင်းရင် အဆင်ပြေပါတယ်။
အဓိက အဆိုးဆုံးက ဒါးကနားတချက်ရယ်၊ ကန်ကြီးထောင့်တချက်ရယ်ပါ။ ကားကိုလှိမ့်ရုံပဲ ထိန်းမောင်းလို့ရပါတယ်။ ၂ နေရာလုံးက လမ်းပြင်နေပြီမလို့ နောက်တလလောက်ဆို အဆင်ပြေလောက်ပါမယ် ။ ကန်ကြီးထောင့်အထွက်ကတော့ လမ်းပါချဲ့နေတာမလို့ ပြင်တဲ့နေရာတွေက လှိမ့်ရုံပဲမောင်းလို့ရပါမယ်။
ပန်းတနော် အဝင်နားတချက်ဆိုးပြီး ဒါးကနဲ့ ကန်ကြီးထောင့်ကြားကတော့ ကြမ်းတချက်ချောတချက်ပါပဲ။ လမ်းတွေက ပြင်ထားပေမယ့် အဲဒီပြင်ထားတာတွေကပဲ ဖုနေဖောင်းနေလို့ လမ်းကကြမ်းနေတာပါ။ သေချာသတိလေးနဲ့ ထိန်းမောင်းရင် အဆင်ပြေပါတယ်။
အပြန်မှာ ပုသိမ်က အောက်ပိုင်းဆိုင်တဆိုင်မှာ တချက်ဝင်စစ်ပြီး ချောင်နေတာတွေကြပ်ခဲ့လို့ စိတ်ချလက်ချပြန်ခဲ့ရပါတယ်။ အောက်ပိုင်းလဲ မထိသလို ကားလဲဘယ်နားမှ ဘာမှမဖြစ်ခဲ့ပါဘူး။ အဓိက လမ်းဆိုးတဲ့နေရာတွေ ကိုယ့်ကားကိုယ်ညှာမောင်းဖို့ပါပဲ။
မစောင့်နိုင်တဲ့ကား ကျော်တက်ချင်တက် လွတ်တဲ့နေရာထိနောက်ကမှေးလိုက်ချင်လိုက်နဲ့ အားမနာနိုင်ခဲ့ပါဘူး။ လှိမ့်ရတဲ့နေရာတွေကလဲ တမိနစ်တောင်မကြာတဲ့နေရာတွေပါ။ ကန်ကြီးထောင့်အထွက်ကလွဲလို့ပါ။ စိတ်ရှည်ရှည်နဲ့ကိုယ့်ကားကိုယ် ညှာမောင်းရင် အဆင်ပြေပါကြောင်း လာပြောပြတာပါ။