ဘုန်းတော်ကြီး ဦးသီလသည် ခရစ်နှစ် ၁၉ဝ၆ ခုနှစ်လောက် တွင် ဘီလူးကျွန်း ကွမ်းသဲတောရ၌ ဝါဆိုတော်မူသည်။ မြစ်ဝကျွန်းပေါ် တစ်လျှောက်မှ သိမ်သမုတ်ရန် (၁၀)ဌာနက ပင့်ထားကြသည်။ဝါဆိုပြီးသော် ဘီလူးကျွန်းမှ ရန်ကုန်သို့ ကြွလာသည်။ သက်တော် မှာလည်း ၇၅ နှစ်သို့ ရောက်ခဲ့ပြီဖြစ်သည်။ ညောင်တုန်းမှ ဓနုဖြူ၊ ဇလွန်သိမ်သမုတ်ပွဲသို့ ကြွလေသည်။ ထိုနေ့သည် ခရစ်နှစ် ၁၉ဝ၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်၊ တနင်္ဂနွေနေ့(၁၂၆၉ ခုနှစ်၊ ကဆုန်လပြည့် ကျော် ၃ ရက်)ဖြစ်သည်။
ထိုနေ့တစ်နေ့လုံး ရဟန္တာ ပုဂ္ဂိုလ်ထူး ဝိဇ္ဇာအကျော်အမော် ဖြစ်တော်မူသော ဘုန်းတော်ကြီး ဦးသီလသည် ဇလွန်မြို့သူ မြို့သား များအား တစ်နေ့လုံး အဖူးမြော်ခံ၍ မေတ္တာပို့ခြင်း၊ တရားဟော ခြင်းတို့ကို ပြုလုပ်ခဲ့လေသည်။ အသက်အရွယ်ကြီးခြင်းကျန်းမာရေး မကောင်းခြင်းတို့ကြောင့် ညဘက်တွင် ဒူလာသွေးဝမ်း အကြိမ်ပေါင်း များစွာ ဆင်းလေသည်။
ခရစ်နှစ် ၁၉ဝ၇ ခုနှစ်၊ ဧပြီလ ၂၉ ရက်၊ တနင်္လာနေ့ (၁၂၆၉ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်) နံနက် ၇ နာရီကျော် ကျော်တွင် ဘုန်းတော်ကြီး ဦးသီလသည် ခန္ဓာဝန်ကို အပြီးအပိုင် စွန့်တော်မူလေသည်။ အလောင်းတော်ကို ၉ လ ထားပြီး ၁၉၀၈ ခုနှစ်၊ မတ်လ ၁၉ ရက်၊ ကြာသပတေးနေ့တွင် အန္တိမပူဇာ အဂ္ဂိ ဈာပနပွဲကို ဇလွန်မြို့၌ ကျင်းပခဲ့သည်။ ပြာများကို အလုအယက် ယူခြင်း၊ အရိုးပြာများမှ ဓာတ်တော်ကွန့်မြူးခြင်း၊ ဓာတ်တော်များကို ဌာပနာတည်၍ သဲပုံစေတီ တည်ခြင်းများကို ပြုလုပ်ပေးခဲ့ကြသည်။
ယနေ့တိုင် ဇလွန်မြို့တွင် ထိုသဲပုံစေတီကိုငုံ၍ တည်ထား သော အရိုးဓာတ်စေတီမှာ ယနေ့တိုင် ထင်ရှားစွာ တည်ရှိလေသည်။