ယခုအခါ၌ နေရာအတော်များများတွင်ပလ္လင်တော် အစိမ်းရောင်၊ သင်္ကန်းတော် အနီရောင်၊ ကိုယ်သားတော် အဝါရောင် ဤသုံးမျိုးသောအရောင်ဖြင့် စီခြယ်သအပ်သော ရုပ်ပွားတော်မြတ်အား ကိုးကွယ်ပူဇော်ထားရှိခြင်းပြုလျက် ရှိကြသည်ကိုတွေ့ရပေသည်။ ကျွန်တော်နှင့် ရင်းနှီးမှုရှိကြသော ဓမ္မမိတ်ဆွေအများစုတို့သည် ဤရုပ်ပွားတော်မြတ်အား ပူဇော်ထားရှိကြသည်။ ထို ရုပ်ပွားတော်မြတ် နှင့်စပ်၍ အဘယ်ကြောင့် ဤကဲ့သို့ အရောင်သုံးမျိုးဖြင့် စီခြယ်ထားသနည်း စသည့် အကြောင်းတရား တို့ကို ဆွေးနွေးဆက်စပ်မိရာမှ တစ်ဆင့်တက်၍ ဤစာရေးသားဖြစ်ရန် အကြောင်းပေါ်ရသည်ဟု ဆိုရပါမည်။
မိမိအနေဖြင့်လည်း ပူဇော်သူအများစု သိသင့်သိထိုက် သော အကြောင်းရပ်အား တစ်ယောက်၏ အတွေ့အကြုံ တစ်ယောက်၏ လေ့လာဆည်းပူးတွေ့ရှိမှုစသည်တို့ကို စုစည်းပေါင်းစပ်ခြင်းဖြင့်ပြည့်စုံသည်ထက် ပြည့်စုံစွာ သိမှတ်၍ ကြည်ညိုသဒ္ဓါပွားနိုင်ကြစေရန် ဟူသော ဆန္ဒ မွန်ဖြင့် ဤစာစောင်မှတစ်ဆင့် လေ့လာမိသမျှ အာစရိယ ပရမ္မဥပနိသျတို့ကို ဖြန့်ဝေခြင်းဖြစ်ပါသည်။
ဤ ရုပ်ပွားတော်မြတ်အား စနစ်တကျကြည်ညို သဒ္ဓါပွား၍ ပူဇော်ခြင်းဖြင့် အံ့လောက်ဖွယ် ထူးခြားမှုရှိသော အကျိုးတရားများ ရယူခံစားနိုင်သည့်အတွက် အံ့ထူးဖွယ်ဟု ဝိသေသပြုလိုက်ခြင်း ဖြစ်၏။
ဤသုံးရောင်ခြည်ရုပ်ပွားတော်ကို ကျွန်တော်ကိုယ်တိုင် ပူဇော်ထားရှိခဲ့သည်မှာ နှစ်အတော်ကြာနေပါပြီ၊ ညွန်ကြား ခဲ့သည့် ပုဂ္ဂိုလ်ကား ပုသိမ်မြို့၊ တဂေါင်းဘုရားလမ်းမှ ရတနာ အုဠ်ကျောင်း ပရိယတ္တိစာသင်တိုက် နာယကဆရာတော် အရှင်မြတ် ပင်ဖြစ်ပေသည်။
ပူဇော်ရန် ဂါထာတော်နှင့်တကွ ချီးမြှင့်ခဲ့ပြီး လောကီ ချမ်းသာ အကျိုးတရားများ. ရရှိနိုင်ကြောင်းကိုလည်း မိန့်တော်မူခဲ့ပေသည်။ ထိုဆရာတော်အရှင်မြတ်မိန့်တော် မူစဉ်က ဘယ်အတွက်ကြောင့် ဤကဲ့သို့ အစိမ်း၊ အနီ၊ အဝါရောင်များအား ခြယ်သရခြင်း၏ အကြောင်းကိုမူ ပြန်လည်၍ မမေးလျှောက်မိခဲ့ပါ။ မလျှောက်ထားခဲ့သည် မှာလည်း ထိုအရောင်သုံးမျိုးတို့ကို ဝိဇ္ဇာဓရဓာတ်သဘော အားဖြင့် ပုဂ္ဂိုလ်သူမြတ်တို့ စေခိုင်းချက်အား ကိုယ်တိုင် စီခြယ် သုတ်ပေးခဲ့ရဖူးသည့်အဖြစ်ကြောင့် ထိုသဘော အတိုင်းရှိမှာပါလေဟု စိတ်ထဲမှ ခပ်ပေါ့ပေါ့မှတ်ထင်လိုက် သည့်အတွက် မလျှောက်ခဲ့မိခြင်းဖြစ်ပါသည်။
လွန်ခဲ့သော နှစ်ပိုင်းမှစ၍ ကျွန်တော်နှင့် ဆက်သွယ်မှု မရှိသော ဓမ္မမိတ်ဆွေများ အသိုင်းအဝိုင်းတွင် ထိုသုံးရောင် ခြယ်ရုပ်ပွားတော်မြတ်အား ပူဇော်ထားရှိကြသည်ကို တွေ့ရသောအခါ မိမိကိုးကွယ် ပူဇော်ထားသော အစီအရင် နှင့် တိုက်ဆိုင်နေသဖြင့် အကျိုးအကြောင်း စကားစပ် မေးမြန်းကြည့်သည်တွင် မေတ္တာဖြန့်ဝေမှုဖြစ်သည်ဟု သိရှိရပေသည်။ ကျွန်တော်အား ပုသိမ်ဆရာတော် မိန့်ကြားခဲ့သည်မှာ ပုံတော်အသွင်ဟန်ပန် ဘယ်သို့ထုလုပ် ရမည်ကို မပါရှိပေ။ ဘယ်နေရာမှာ ဘာအရောင်ခြယ်ရ မည်ဟုသာဖြစ်သဖြင့် အိမ်တွင်ပူဇော်ပြီး ရုပ်ပွားတော်မြတ် အား အစိမ်း၊ အနီ၊ အဝါ အရောင်တို့ဖြင့် ဖန်တီးပြီး ပူဇော်ထားခြင်းဖြစ်သည်။ အဝါမှာ ရွှေချထားပြီး ဖြစ်၍ အထူးခြယ်ရန် မလိုတော့ပေ။
ဘယ်သို့ပင်ဖြစ်စေ ဆက်လက်၍ တင်ပြ လတ္တံ့သော မူရင်းကျမ်းလာ ဥပနိဿယနည်းစနစ်များအား ဆက်လက် ၍ ရှုစားရင်းဖြင့် ပြည့်စုံသော အကြောင်းအရပ်တစ်ခုအား ဖြည့်တင်းသိမ်းဆည်းကြပါစို့ဟု တိုက်တွန်းမူပြုပါရစေ။ ပူဇော်ကြည်ညိုကြသူများအနေဖြင့် လက်ခံကြည်ညိုရင်းစွဲ ဖြစ်သော သိဒ္ဓိပေါက်အကျော် ဗားမဲ့ဆရာတော်ကြီး၏ နည်း နိဿယဖြစ်သည့် ထိုရုပ်ပွားတော်မြတ်နှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိအပ်သော အကြောင်းအရာ အချက်အလက် တို့ကို ယုံကြည်သဒ္ဓါတိုးပွားနိုင်ကြစေခြင်း အလို့ငှာ ဓမ္မဒါန ပြုရန်မှာ…..
နေလတစ်ဆူပမာ ထင်ရှားကျော်ကြားတော်မူသော သိဒ္ဓိရှင် ဗားမဲ့ဆရာတော်ကြီးသည် အင်းဝ ပြည့်ရှင်ဘုရင် ညောင်ရမ်းမင်းတရားကြီး၏ တောင်းပန်လျှောက်ထား မှုကြောင့် လောကီလောကုတ္တရာ နှစ်ဖြာအကျိုးတို့ တိုးပွား စေနိုင်သော လောကီပညာရပ် အစီအရင်များစွာတို့ကို စီရင်ညွန်ကြားပေးတော်မူခဲ့သည်။ ကျန်းမာချမ်းသာရေး၊ ကြီးပွားရေးတို့အပြင် စစ်ရေးစစ်ရာ အသုံးအဆောင်ပါ မကျန် ပါရှိကြောင်းတွေ့ရသည်။
ထိုကျမ်းတွင် ဗားမဲ့ဆရာတော်ကြီးသည် မင်းတရားကြီး၏ သားစဉ်မြေးဆက်တိုင်အောင် အစီးအပွားကို ဆောင် တော်မူသောအားဖြင့် ချီးမြှင့်တော်မူခဲ့ရာ မင်းတရားကြီး အနေဖြင့်လည်း ယုံကြည်လေးစားစွာ လိုက်နာဆောင်ပွား သဖြင့် ထူးကဲသော ကောင်းကျိုးများခံစား ရရှိခဲ့ပေသည်။ နတ်ရွာစံ ကံတော်ကုန်သောအခါ တစ်ပါးသောမင်းတို့နှင့် အတူ ချမ်းသာစွာ နတ်ရွာစံတော်မူရသဖြင့် သာလွန် မင်းတရားကြီးဟု သမုတ်ကြရသည်ဟု ပြဆိုခဲ့ပေသည်။
ထိုကျမ်းအားပြုစု စီစဉ်သည့် မဟာမြိုင် ဆရာတော်ဘုရား၏ မှတ်ချက်တွင် ဗားမဲ့ဆရာတော် ဘုရား၏ ဒိဋ္ဌလက်တွေ့ဖြစ်သော ပညာရပ်များကို တပည့် စဉ်ဆက် စံကျောင်းဆရာတော်ငရဲနဲ၊ ဆရာတော် ဇဂပုဏ္ဏား၊ သီရိဇေယျာကျော်ထင်အမတ်စသော တပည့်များက အသေအချာ မှတ်သားခဲ့ကြသည့် ကျမ်းစာ ဟု ညွှန်းပြခဲ့သည်။ ကျမ်းရင်းမှာမူ ၁ဝ ကြောင်းပေ၊၂၆၊ အင်္ဂါ ရှိ၍ကြာ ဟောင်းဆွေးပျက် မပီမသများကို ချန်လုပ်ခဲ့ရသည်။