လူတွေစိတ်ဝင်စားကြတဲ့ ပရလောကသားတွေဖြစ်ကြတဲ့ သိုက်တွေအကြောင်း လေ့လာကြည့်တဲ့အခါ သိုက်အမျိုးအစားပေါင်း ကိုးသိုက်ရှိတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ ဒီထက်အမျိုးအစားကွဲပြားပြီးတော့ လည်းရှိနိုင်ပါတယ်။
သိုက်ဆိုတာ မြန်မာလူမျိုးတင်မက တခြားလူမျိုးများမှာလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာနိုင်ငံတွေက သိုက်ကိုအများဆုံး ယုံကြည်မှုရှိကြတာပါ။ အများအားဖြင့် သိုက်ဆိုတာဟာ နောင်အရိမိတ္တေယျ ဘုရားရှင်ပွင့်တော်မူတဲ့အခါ လှူဒါန်းပူဇော်ကြဖို့ ရွှေငွေဥစ္စာရတနာများကိုစုဆောင်းထားရှိပြီး အဲဒီနေရာမှာ ဝိဉာဉ်လောကကနေ အဆင့်ဆင့် စောင့်ရှောက်နေကြတာကိုခေါ်တာပါ။
သိုက်နန်းရှင်များဟာ လူ့လောကနဲ့အဆက်အဆံရှိတယ်၊ လူယောင် ဆောင်နိုင်တယ်စသည်ဖြင့် ယုံကြည်မှုတွေရှိကြပါတယ်။ တကယ်တော့ သိုက်ဆိုတာ ဘုရားအတွက် ပစ္စည်းတွေ၊ ရွှေငွေရတနာဥစ္စာတွေထားရှိပြီး စောင့်ရတဲ့ သိုက်တစ်မျိုးတည်းမဟုတ်ဘဲ တခြားစိတ်စွဲလန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ သိုက်တွေလည်း အများကြီးရှိကြပါသေးတယ်။ သိုက်ဆိုတဲ့ စကားရဲ့ရင်းမြစ်ဟာ “စိုက်”လို့ ဆိုတဲ့စာတွေရှိပါတယ်။
“စိုက်” လို့ဘာလို့ခေါ်လဲဆိုတော့ ဘဝတစ်ခုက ဥစ္စာ ပစ္စည်းတွေကို စိတ်စွဲလန်းပြီး တစိုက်မတ်မတ် ဝိဉာဉ်ဘဝနဲ့ စောင့်ရှောက်လာခဲ့ရတယ်။ အဲဒါကြောင့် “စိုက်”လို့ ခေါ်ဝေါ်ရာကနေ ကာလတွေရွေ့လျားလာတဲ့အခါ သိုက်ရယ်လို့ပြောင်းလဲပြီး ခေါ်ဝေါ်လာကြ တယ်လို့လည်းဆိုပါတယ်။ သိုက်တွေကို အမျိုးအမည်အားဖြင့် ကိုးမျိုးခွဲခြားထားတာကို လေ့လာတွေ့ရှိရပါတယ်။
(၁) ဘုရားသိုက် – အရိမိတ္တေယျ ဘုရားရှင်အတွက် ရည်စူးလှူဒါန်းတဲ့ ဥစ္စာပစ္စည်း၊ ရတနာရွှေငွေတွေကို ဆိုင်ရာက အာဏာနဲ့ အစောင့်ခိုင်းထားတဲ့ သိုက်ဖြစ်ပါတယ်။
(၂) ကိုယ်ပိုင်ဥစ္စာသိုက် – တချို့လူတွေဟာ မိမိတို့ပိုင်တဲ့ ကိုယ်ပိုင်ဥစ္စာ၊ ရွှေငွေတွေကို မြေမြှုပ်သိုဝှက်ခဲ့ကြပြီး သေလွန်တဲ့ အခါ တပ်မက်တဲ့လောဘစိတ်ကြောင့် ကြွက်၊ မြွေ၊ နာနာဘာဝစတာတွေဖြစ်ကြရပြီး ကိုယ့်ပစ္စည်းကိုယ် စောင့်ပြီးနေကြရတာပါ။
(၃) ချေးယိုသိုက် – အချို့သိုက်တွေကတော့ လောကီအစီအရင်နဲ့ စီရင်ထားခဲ့တာတွေရှိပါတယ်။ ဂူကြီးအတွင်းမှာ ကျောက်သေတ္တာရှိတယ်။ ဖွင့်ကြည့်ရင် ရတနာပစ္စည်းတွေတွေ့ရမယ်။ အဲဒီရတနာတွေယူဆောင် ခဲ့မယ်ဆိုရင် ဂူအပြင်ကို ရောက်တာနဲ့ ချေးယိုချင်လာတယ်။ ရွှေငွေပစ္စည်းတွေ ပြန်ထားလိုက်မှ ချေးအယိုရပ်သွားတတ်တာမျိုးပါ။
(၄) ငိုသိုက် – အဓိဋ္ဌာန်သိုက်ဖြစ်တဲ့အတွက် သိုက်စောင့်မရှိတတ်ပါဘူး။ ဂူကြီးအတွင်းကျောက်သလွန်အောက်မှာရှိတဲ့ လှိုဏ်အတွင်းမှာ ရတနာတွေရှိတယ်။ စိတ်တိုင်းကျယူလို့ရတယ်။ ဒါပေမယ့် ဂူအပြင်ကို ရောက်တာနဲ့ ယူတဲ့လူဟာ ရှိုက်ကြီးတငင်ငိုနေရတတ်တယ်။ ပစ္စည်းတွေပြန်ပြီး ထားလိုက်မှ အငိုရပ်သွားတတ်ပါတယ်။
အခြားသိုက်တွေကတော့ (၅) ပစ္စည်းငှားသိုက်၊ (၆) ငွေယားသိုက်၊ (၇) မျှော့သိုက်၊ (၈) ပြဒါးရှင်သိုက်၊ (၉) ဆေးသိုက်၊ အင်းသိုက်၊ ပုရပိုက်သိုက်ရယ်တို့ဖြစ်တဲ့အကြောင်း ဗဟုသုတအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။