Myanmar History

ရာကျော်ဆရာတော်ဘုရားကြီး ဦးဒေဝသဒ္ဓမ္မကိတ္တိ

ရာကျော်ဆရာတော်ဘုရားကြီးကို ခရစ်နှစ် ၁၆၇၆ ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယနယ်၌ မွေးဖွားသည်ဟု ဆိုသည်။ ငယ်မည်မှာ ကိတ္တိဖြစ်၍ ရှင်မည်မှာလည်း ရှင်ကိတ္တိဖြစ်သည်။ ရဟန်းဘွဲ့မှာ ဦးဒေဝသဒ္ဓမ္မကိတ္တိဖြစ်၍ တနင်္လာသားဖြစ်သည်။

ရဟန်းငယ်ဘဝမှ စတင်၍ အရိယာဝိဇ္ဇာ ဓမ္မရာဇာ ဓမ္မစေတီလမ်းစဉ် ကျင့်ဆောင်တော်မူခဲ့လေသည်။ လောကီပညာရပ်များကိုလည်း နှံ့စပ်လေသည်။ အဘရာကျော်ဆရာတော်ဟု ခေါ်ဆိုသည်မှာလည်း ဘယ်နှစ်ရာကျော်မှန်း မသိ၍ ဖြစ်သည်။ ရာကျော်ဆရာတော်ဘုရား၏ မွေးသက္ကရာဇ်ကို အဘရာကျော်ဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်တော်မူခြင်းဖြစ်သည်။

ကုန်းဘောင်ခေတ်ဦးပိုင်းက လောကီပညာရပ်များ ထွန်းကားရာတွင် ကုန်းဘောင်ခေတ်ဖွား ရာကျော်ဆရာတော်ဘုရားကြီးသည် ထိုလောကီပညာ၌ တစ်ဖက်ကမ်းခတ် နှံ့စပ်ခဲ့သည်ဟုသိရသည်။ အဘရာကျော် ဆရာတော်ဘုရား၏ “သူ့သာသနာ၊ သူ့ဘဝ၊ သူ့ဓမ္မများ” စာမူရေးသားသော ဟံသာဝတီဦးအုန်းကြိုင်၏ စာမူတွင် ဤသို့ ရေးထားသည်ကို တွေ့ရသည်။

သာသနာပြု ပုဂ္ဂိုလ်ကျော် ပုဂ္ဂိုလ်ထူးတစ်ပါး ဖြစ်တော်မူသော ဗောဓိပက္ခိယ မဟာပထမံ ဓမ္မစေတီ ဣစ္ဆာသယ သိဒ္ဓိရှင် မဟိဒ္ဓိရှင် ဒေ၀ ဦးသဒ္ဓမ္မကိတ္တိ ရာကျော်ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်စဉ်များနှင့် သာသနာပြုလုပ်ဆောင်ချက်များ၊ မဟာပထမံကျင့်စဉ်များ၊ ထူးခြားဆန်းကြယ်ဖြစ်ကြောင်းများကို ရေးသားထားသည်ကို တွေ့ရသည်။

ဆရာတော်ကြီး ရှိစဉ်က တပည့်ပရိတ်သတ်များမှာ နေ့စဉ်နှင့်အမျှ များပြား၍ အဘာရာကျော် ဆရာတော်ကြီး ကျောင်းတိုက်နှင့် မဆံ့နိုင်အောင်ပင်ရှိပေသည်။ ထို့အတွက်ကြောင့် ဆရာတော်ကြီး၏ တပည့်များထဲမှ မင်္ဂလာဒုံတပ်မြို့၊ မြောက်ဘက်အစွန်၊ ငွေယားတောင်အနီး၊ ပြည်လမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင် ခြံဝင်းကြီးနှင့် စိတ္တသုခ တပ်ဦးကျောင်းကို တည်ဆောက်လှူဒါန်းကြလေသည်။

ထိုကျောင်းတော်ကြီးတွင် သီတင်းသုံးတော်မူစဉ် ဆရာတော်ဘုရားကြီးသည် ခရီးလုံးဝမထွက်တော့ဘဲ နောက်ထွက်ရပ်ပေါက်သည်အထိ သီတင်းသုံးတော်မူခဲ့သည်ဟု သိရှိရသည်။ ရာကျော်ဆရာတော် သီတင်းသုံး တရားအားထုတ်အောင်မြင်ခဲ့သည့် ဝေဿန္တရာဂူကြီးမှာ ဂွေးပင်ရွာတွင်ဖြစ်သည်။ ဆရာတော်ဘုရားကြီးသည် တပ်ဦးကျောင်းတိုက် စံကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် ၁၃၁၆ ခုနှစ် (ခရစ်နှစ် ၁၉၅၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ဗုဒ္ဓဟူးနေ့)တွင် ထွက်ရပ်ပေါက် ပျံလွန်တော်မူခဲ့သည်။ ယခုတိုင် အုတ်ဂူ ပြုလုပ်၍ ရုပ်ကလာပ်တော်ကို ဂူသွင်းသင်္ဂြိုဟ်ခဲ့လေသည်။