တကိုယ်ကောင်းသမား ဈေးသည်တွေနဲ့ ပြောမရ ဆိုမရ ကလေးတွေကြောင့် နာမည်ပျက်တော့မယ့် ပုဂံ (ပုဂံဒေသခံတွေရဲ့ ရိုးသားဖြူစင်မှုဆိုတာ ပုံပြင်ဖြစ်သွားပြီလား)
အခုနောက်ပိုင်းပုဂံအကြောင်းလေး ရေးချင်လို့ပါ။ ကျမက ပုဂံမြို့လေးကို အရမ်းချစ်လို့ တလတခါလောက်သွားပါတယ်။ မွန်ပြည်နယ်ကနေသွားတာပါ။ အခုနောက်ပိုင်းကျ စိတ်ပျက်စရာတွေ များလာပါတယ်။ နာမည်ကြီးဘုရားတွေဆို မသွားရဲတော့ဘူး။ စျေးသည်တွေ အရမ်းဆ-ိုးပါတယ်။ မလိုအပ်လို့ မဝယ်ဘူးပြောရင် ဆူပုတ်ဆောင့်အောင့်နေရော ပေါ်တင်လဲပြောပါတယ်။
ဘုရားပန်းတောင် ဝယ်မကပ်နိုင်ဘူးတဲ့။ပြီးတော့ ဓာတ်ပုံရိုက်ပေးတဲ့ကလေးတွေ သူတို့ရိုက်တာကို ကြိုက်တဲ့သူကကြိုက်မယ်။ မကြိုက်တဲ့သူက မကြိုက်ဘူးလေ လာမေးလို့ မရိုက်တော့ပါဘူး ကလေးရယ်လို့ ချိုချိုသာသာပဲပြောပါတယ်။ မရပါဘူး အတင်းလိုက်တာပါ။ တဂျီဂျီနဲ့ ကျမတို့လင်မယားက ကိုယ့်ကင်မရာနဲ့ကိုယ်ရှူခင်းပုံလေးတွေ ဦးစားပေးရိုက်တာပါ။
ဘာပြောလဲဆိုတော့ သူတို့ဘာသာရိုက်ရင် တော်တော်လှမယ့်ရုပ်တွေတဲ့ ကိုယ့်မိဘအရွယ်တွေကိုပြောတာပါ။ အဆိုးဆုံးကလောကနန္ဒာဘုရားက ကလေးအဖွဲ့ပါ အချင်းချင်းလဲ ဆဲဆိုမိုက်ရိုင်းတာ နားမခံဝံ့ပါဘူး။နောက်တခုက ရွှေဂူကြီးဘုရားက ကောင်မလေးပါ။ ဘုရားသမိုင်းကို အတင်းလိုက်ပြောပြပါတယ် ရတယ် ညီမလေးလို့ ပြောလဲ မရဘူး။ ဂေါပကတွေကအဲ့လိုအလှည့်ကျခိုင်းတာပါတဲ့။ ပြီးတော့စျေးဝယ်ခိုင်းပါတယ်။
သူ့ဆိုင်က ယွန်းထည်ရောင်းတာပါ။ ကျမတို့ကလဲ အဲ့အခေါက်က ဆိုင်ကယ်ဘီးကြီးနဲ့ ပတ်တော့ ဘာမှဝယ်မရလို့ မုန့်ဖိုးတစ်သောင်းပေးတာကို စောင်းမြောင်းပြောဆိုပါတယ်။ ပိုက်ဆံမယူချင်ဘူး သူ့ယွန်းထည်တွေပဲဝယ်တဲ့လေ။ရွှေမြန်မာ၂ မှာ ထမင်းစားတော့လဲ တောင်းတဲ့သူတွေကို သနားလို့ တယောက်တထောင်ပေးမိတာ ပြန်ထွက်လို့တောင်မရတော့ပါဘူး။ ဝိုင်းအုံလာလို့။ ဒီပုံအတိုင်းဆို ပုဂံနာမည်ပျက်ပါတော့မယ် ကျမတို့လဲ နိုဝင်ဘာကနေစပြီး မသွားတော့ပါဘူး စိတ်အရမ်းပျက်မိလို့ပါ ပုဂံသားတွေထိန်းသိမ်းကြပါအုံးနော်။ (ငယ်)