ဒုန်း ဒုန်း ဒုန်း အိမ်တစ်ခုလုံး သိမ့်ခနဲ တုန်ခါသွားတာကြောင့် ကျော်မောင် အိပ်နေရာက ဆတ်ခနဲ ထထိုင်လိုက်သည်။ “ဘယ်ငမူးသမားတွေ အိမ်ကိုဝင်ဆောင့်တာလဲမသိဘူး” “စန်းခင် ထစမ်း” “နင့်ခဗျာ အိမ်ဒီလောက် တုန်သွားတာတောင် မသိဘူးလား” “ကာလနဂါးသေလို့ဝင်စားသလားပဲ” ကျော်မောင် အိပ်ယာဘေးက ဓာတ်မီးကို ယူကာ အိမ်အောက်ကိုဆင်းလာခဲ့လိုက်သည်။ ဘေးဘီဝဲယာလိုက်ထိုးကြည့်တော့ ဘာမှမတွေ့ရ အိမ်တိုင်ကိုဝင်တိုက်ပီး မှောက်နေမလားဆိုပြီး ပတ်ပတ်လည်လိုက်ကြည့်တော့လဲ မည်သူမှ မရှိ။ ထိုစဉ် “ချလွင် ချလွင် ချလွင် ” ခြူ သံသဲ့သဲ့ကိုကြားလိုက်ရသည်။ ချူသံကတစ်ဖြေးဖြေးနီးလာသည်။
အမှောင်ထုထဲကနေ ပြေးဝင်လာသော အရာတစ်ခု စန်းခင် ပြေး ..ပြေးတော့ ကျော်မောင် အော်ချိန်မရလိုက် နီးကပ်လာတဲ့အရာက လင်မယားနှစ်ယောက်လုံးကို ဝင်တိုက်သွားတော့သည်။ ….. “ကျော်မောင်နဲ့စန်းခင် ဆုံးပီတဲ့” “ဗိုက်ကြီးပွင့်နေပြီး အူတွေကလဲ အထွေးသားကျနေတာ” “အေးဟယ် ဘယ်သူတွေသတ်သွားတာလဲ မသိဘူး” “ရန်ငြိုးရှိတဲ့လူဆိုလို့လဲ မကြားဖူးပါဘူး” တစ်ရွာလုံးဟိုးလေးတစ်ကျော်ကျော်ဖြစ်ပြီး ရွာနီးချုပ်စပ်ကလူတွေတောင် လာကြည့်ကြတယ်။ ထိုသို့ဖြစ်ပီး သုံးလလောက်အကြာမှာ ထိုအိမ်ကို အိမ်ရှင်အသစ်တွေရောက်လာခဲ့သည်။ …. ” ဟဲ့ မလှမေ နင်ကြားပီးပီလား ရွာထဲကို လူသစ်တွေပြောင်းလာတယ်တဲ့” “အင်းလေ ပြောင်းလာတာများ အထူးအဆန်းလု်ို့ ”
“မဟုတ်ဘူးလေ အခုပြောင်းလာတဲ့သူတွေက အရင်ကျော်မောင်တို့အိမ်ကိုပြောင်းလာတာ” “ဟင် အဲဒီအိမ်မှာ ဘယ်သူမှမနေရဲတာ သူတို့က ဘာလို့ဝယ်လိုက်တာလဲ” “တကထဲ ငါလဲဘယ်သိမလဲ ငါကသတင်းကြားလို့် နင့်ကိုလာပြောပြတာ” “ဒါပဲအေ လယ်ထဲဆင်းလိုက်ဦးမယ် ” “အေး သွား သွား ဖြေးဖြေးသွားနော် ကိုကျော်မောင်ကြီး နင့်နောက်လိုက်လာနေဦးမယ် ဟက်ဟက် ” ….. ကျော်မောင်တို့လင်မယားဆုံးတော့ သူတို့အိမ်ကို ပိတ်ပစ်ခဲ့တယ်။ ညဘက်ရောက်တိုင်း ကျော်မောင်တို့လင်မယားက အိမ်ပေါ်မှာ ငုတ်တုတ်ထိုင်နေကြတာ တွေ့တဲ့သူတွေက တွေ့ကြတယ်။
ကျော်မောင်တို့ဘာကြောင့်သေတယ်ဆိုတာတော့ ခုထိမသိကြဘူး။ …. အသစ်ရောက်လာတဲ့ မိသားစုက ၃ယောက် တစ်ခြားရွာကနေ ပြောင်းလာကြပြီး ကျော်မောင်တို့အိမ်ကိုရွာသူကြီးကနေတစ်ဆင့်ဝယ်လိုက်ကြတယ်။ နောက်တစ်ခုက သူတို့မိသားစုက နာနာဘာဝတွေကို အယုံအကြည်မရှိတာပဲ။ အိမ်ဝယ်ဖို့လာထဲက မဝယ်ဖို့သတိပေးပေမယ့် အယုံအကြည်မရှိဘူး.သရဲဆိုတာတကယ်မရှိဘူးဆိုပြီး ဇွတ်ကိုဝယ်သွားကြတာ။ ခုဆို အိမ်တောင်ပြောင်းလာနေကြပီ။ …..
ရွာသားတွေကတော့ ဘယ်တော့ထွက်ပြေးမလဲဆိုပြီး စိတ်ဝင်စားနေကြတယ်။ သုံးရက်မြောက်နေ့ရောက်တော့ ” အား အမလေး နွား နွား ဂျိုကြီးကအရှည်ကြီးပဲ ” ညသန်းခေါင်ထအော်တဲ့အသံကြောင့် လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ “ဒါ အသစ်ပြောင်းလာတဲ့ အိမ်ကလူတွေ အော်တာ” “လာကြ လာကြ သွားကြည့်ရအောင် ဘာဖြစ်တာလဲ မသိဘူး” အိမ်ရှေ့ရောက်တော့ “နွားနီကြီး.ကျုပ်ကိုလိုက်ဝှေ့နေတယ် ကယ်ကြပါဦး” “ဟိုမှာ အမှောင်ထဲကနေ ကျုပ်ကိုကြည့်နေတယ်” “မျက်လုံးတွေက နီရဲနေတာပဲ ကျုပ်ကိုလိုက်ဝှေ့နေတယ်” “ဘယ်မှာလဲဟ.ဘာမှမရှိပါဘူး” “စိတ်ထင်နေလို့ဖြစ်မှာပါ” “မဟုတ်ဘူးဗျ ဟိုမှာ ဟိုအိမ်အနောက် ထနောင်းပင်အောက်မှာ ကျုပ်ကိုကြည့်နေတယ်”
“နှာမှုတ်ပြီး.ကျုပ်ကိုဝှေ့မလို့ လုပ်နေတာ” “သူ့ဘေးမှာ ဗိုက်ဟက်တက်ပွင့်နေတဲ့ လူနှစ်ယောက် ရှိသေးတယ်” “စိတ်အေးအေးထား.မင်းမိန်းမနဲ့ကလေးကိုခေါ် သူတို့ဘယ်မှာလဲ” “ဦးလေးစိန် သူ့မိန်းမနဲ့ကလေးကိုကျွန်မအိမ်မှာခေါ်ထားတယ်”ဆိုပြီး ဖွားခင်က ပြောတယ်။ “အင်း ခဏခေါ်ထားလိုက် ” “မင်းတို့ဘာတွေဖြစ်လဲ ငါ့ကိုပြောပြ” “ညဘက်တွေဆို နွားချူသံတွေကြားရတယ် ပြီးရင် မိန်းမနဲ့ယောကျၤားစကားပြောသံတွေကြားရတယ်” “တစ်ခါတစ်လေ နွားနှာမှုတ်သံတွေကြားရတယ်” “ပထမနေ့က အိပ်နေရင်း ငါတို့အိမ်မှာနေရင် ငါတို့အဆိုးမဆိုနဲ့”ဆိုပြီး လာပြောတဲ့အသံကြားတယ်။ “အစက စိတ်စွဲတယ်ထင်နေတာ နောက်တော့ အိမ်ပေါ်ကိုတက်လာတဲ့ခြေသံတွေကြားရတယ်” “လူကိုတော့မတွေ့ရဘူး တစ်အိမ်လုံးနေရာအနှံ့ကိုလျောက်သွားနေတာ”
“ဒီညမှာ အိပ်နေရင်း အိမ်အောက်ကနေ ကျွန်တော့်ကို ခေါ်တဲ့အသံကြားရတယ်” “ရွာထဲကလူတွေခေါ်တယ်ထင်ပြီး.ဆင်းလာတော့ ဘယ်သူမှမရှိဘူး” “အဲဒီအချိန် အိမ်အနောက်ဘက်အမှောင်ထဲက နွားအနီကြီးတစ်ကောင် ကျွန်တော့်ဆီပြေးလာတာ” “ကျွန်တော်လှည့်အပြေးမှာခြေချော်ကျလို့် ဝှေ့တာမထိလိုက်ဘူး” “နွားက ကျွန်တော့်တစ်ရပ်လောက်ရှိတယ် မျက်လုံးတွေက နီရဲနေတာပဲ၊ ချိုကြီးတွေဆို ကားပြီး ချွန်မြနေတာ၊ ထိများထိမိလို့ကတော့ ကျွန်တော်ဗိုက်ပွင့်တယ်” “အင်း.မင်းတို့က ရွာကလူတွေပြောတာမှမယုံကြတာ၊ ဒီအိမ်မှာအရှုပ်တစ်ခုခုရှိနေပုံရတယ်” “ဒီညတော့ ရွာထဲကတစ်အိမ်အိမ်မှာအိပ်လိုက်ပေါ့၊ မနက်မှစီစဉ်ကြတာပေါ့” နောက်နေ့ရောက်ရော အထုပ်အပိုးတွေဆွဲပြီး.မနေရဲလို့ပြောင်းပြေးပါလေရော။ လူမနေတဲ့နောက်ပိုင်း တစိနေ့တစ်ခြားပိုဆိုးလာတယ်။
ညဘက်တွေဆို ဗိုက်ထဲကနေအူတန်းလန်းကျပြီး လမ်းလျောက်နေတဲ့ ကျော်မောင်တို့လင်မယားကို တွေ့ရသလို၊ အိမ်ပတ်ပတ်လည်မှာ လျောက်သွားနေတဲ့ နွားနီကြီးကို တွေ့ရတတ်သည်။ ပရိတ်ရွတ်၊ အမျှဝေပေမယ့်လည်း ပျောက်မသွား။ ပယောဂဆရာတွေနဲ့ပြတော့လဲ လာကြည့်တဲ့ဆရာမှန်သမျှ ပြန်ပြေးရတာပဲ။ နွားလိုက်လို့ပြေးရတာနဲ့ ကျော်မောင်တို့လင်မယား ကြောင့်ပြေးရတာနဲ့ နောက်ဆုံးအားလုံးလက်လျော့ပြီး အိမ်ဝိုင်းပတ်လည်ကို ခြံခတ်ကာ “မဝင်ရ”ဆိုတဲ့ဆိုင်းဘုတ်ကြီး ချိတ်ထားလိုက်တော့သည်။ ကလေးကအစ လူကြီးအဆုံး ညဘက်တွေဆို ထိုအိမ်နားပင်မကပ်ရဲ။ ခြံစည်းရိုးနား.မူးမူးရူးရူးနဲ့ရောက်သွားရင်တောင် ခြံဝင်းထဲကနေ မျက်လုံးကြီးပြူးကာ ခါးထောက်ကြည့်နေတတ်တဲ့ ကျော်မောင်တို့လင်မယားကို တွေ့ရတတ်သည်။ တစ်နေ့မှာတော့ ရွာထဲကို လူစိမ်းနှစ်ယောက်ဝင်လာတယ်။
အသက်၂၅ကျော်ကျော် လူငယ်နှစ်ယောက် တစ်ယောက်ကအရပ်မြင့်မြင့်၊ အသားဖြူ ဖြူ ၊ နှာတံပေါ်ပေါ်၊ ရှည်ကျနေတဲ့ဆံပင်တွေကို ထုံးထားတော့ နားထင်စပ်နဲ့ ဂုတ်သားတွေမှာ ဆံပင်ရေးရေးလေးတွေက ဖြူတဲ့အသားအရည်ပေါ်မှာ ထင်းနေသည်။ ကြည်လင်တဲ့ မျက်နှာသွင်ပြင်၊ နက်မှောင်တဲ့ မျက်ခုံးတို့က လူငယ်ရဲ့ဥပဓိရုပ်ကိုပို၍ပေါ်လွင်စေသည်။ နောက်တစ်ယောက်က အသားညိုညို ၊ အရပ်မနိမ့်မမြင့် ဆံပင်ဘိုကေပုံစံညှပ်ထားပြီး ပင်နီလွယ်အိတ်တစ်လုံးကို လွယ်ထားလေသည်။ ဦးလေးစိန် ကြည့်နေရင်း ထိုလူငယ်နှစ်ယောက်က အိမ်ဝိုင်းထဲကို ဝင်လာကြသည်။ “ဒီကမိတ်ဆွေတို့က ခရီးသွားတွေလား” ထိုအခါ လွယ်အိတ်လွယ်ထားတဲ့ လူငယ်က “ဒီရွာကိုပဲလာတာ အဘ”
“လမ်းမှခဏနားရင်း.ဒီရွာမှာ သရဲခြောက်တဲ့အိမ်ရှိတယ်လို့် ပြောသံကြားလို့ ဝင်လာတာပါ” “ကျွန်တော်တို့က ဆေးလိုက်ကုနေတဲ့ သူတွေပါ” “အခုလိုကူညီဖို့လာတာကျေးဇူးတင်ပါတယ်လူလေးတို့ရယ်၊ ဒါမယ့် ပြန်ကြပါတော့။ ဒီကိုလာတဲ့ဆရာတိုင်း ပြန်ပြေးကြရတယ်။ အဘကစိတ်ပူလို့ပြောတာ” “ရပါတယ် အဘ ကျွန်တော်တို့်လဲ အဲလိုပညာတွေလိုချင်လို့ လိုက်ရှာနေတာပါ” “အဘတို့ခွင့်ပြုရင် ဒီညအဲဒီအိမ်ကိုသွားပါရစေ” လွယ်အိတ်နဲ့လူငယ်က ရဲတင်းစွာပြောနေတာမြင်တော့ ဦးလေးစိန် ခေါင်းကုတ်လိုက်တယ်။ “အင်းပေါ့လေ စမ်းကြည့်ချင်တယ်ဆိုလဲ စမ်းကြည့်ပေါ့ ၊ သတိတော့ထားနော် ” “ခုတော့ ခဏနားလိုက်ပါဦး၊ ညကျရင် အဘတို့လဲ လိုက်ပါမယ်” ထိုအခါ ဆံပင်းထုံးထားတဲ့ လူငယ်က ဦးလေးစိန်ကို “ကျေးဇူးတင်ပါတယ် အဘ “ဟုဆိုကာ ပြုံးပြလိုက်လေသည်။ …. အချိန်ကား တစ်ဖြေးဖြေးမှောင်စပျိူးလာပြီ ကျော်မောင်တို့အိမ်ဝိုင်းမနီးမဝေးမှာ တိုးဝေ့ကြည့်နေကြသည်။ သတ္တိကောင်းတဲ့လူငယ်တွေကတော့ ခြံဝိုင်းအနီးမှာ ကြည့်နေကြသည်။
“ဖယ်ကြ ဖယ်ကြ” ဆရာလေးတို့လာနေပီ။ ရွာသားတစ်ယောက်အော်သံကြောင့် လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ လူငယ်နှစ်ယောက်က ယောဂီဝတ်စုံကိုဝတ်ထားကြတယ်။ ထို့နောက် လွယ်အိတ်လွယ်ထားတဲ့ လူငယ်က “လူတွေအရမ်းများတယ် အဘ” “ဖြစ်နိုင်ရင် လူတွေကိုပြန်ခိုင်းစေချင်တယ်” “ဒါတော့မဖြစ်နိုင်ဘူးထင်တယ်၊ အဘလဲမောင်းထုတ်မရဘူး၊ ဒါမျိုးဆိုစိတ်ဝင်စားကြတယ်လေ” ထိုအခါ ဆံထုံးနဲ့လူငယ်က “ရပါတယ် အဘ ၊ ခဏနေ သူတို့ထွက်ပြေးကြမှာပါ” လို့ပြောပြီး အိမ်ဝိုင်းထဲကို ဝင်သွားလိုက်သည်။ အိမ်ဝိုင်းထဲရောက်ကော လွယ်အိတ်ထဲက ဆီစိမ်စက္ကူအင်းချပ်တစ်ချပ်ကိုထုတ်ကာ ခြံအဝမှာကပ်ထားလိုက်တော့သည်။
ထို့နောက် “အဘ ခြံဝိုင်းထဲကို လုံးဝမဝင်ပါနဲ့” “အပြင်ကနေကြည့်နေပါ အားလုံးမြင်အောင် ကျွန်တော်ပြပါ့မယ်”ဆိုကာ လက်ညိုးနဲ့ခြံဝိုင်းပတ်လည်ကိုစည်းတား လေသည်။ အဘစိန်ကြည့်နေရင်း ခြံဝင်းတစ်ခုလုံးမှာ အလင်းရောင်တွေဖြာထွက်လာသည်။ အဘစိန်မြင်လိုက်ရတာက အိမ်အနောက်မှာ ရပ်နေတဲ့ နွားနီကြီး၊ ကြည့်နေတဲ့လူတွေအားလုံး မြင်လိုက်ရသည်။ အမလေး နည်းနည်းနောနောအကောင်ကြီးလားနော် ကားထွက်နေတဲ့ချိုနှစ်ဖက်ပေါ်မှာ ရုတ်တရက်ပေါ်လာတဲ့ ကျော်မောင်တို့လင်မယား။ ချိုပေါ်မှာ ဗိုက်ပေါက်ကာ စိုက်နေတာ အားလုံးတွေလိုက်ရသည်။ ဗိုက်ဟောင်းလောင်းထဲက အူတွေ သွေးတွေက ချိုကနေတစ်ဆင့် မြေပေါ်ကို တစ်တောက်တောက် ကျနေသည်။
တော်ရုံမကြောက်တတ်တဲ့ ဦးလေးစိန်တောင် ကြက်သီးတွေတဖြန်းဖြန်းထလာလေသည်။ ထိုစဉ် ဗိုက်ပေါက်ကာ ဂျိုမှာစိုက်နေတဲ့ ကျော်မောင်တို့နှစ်ယောက်က တစ်ဖြေးဖြေးလှုပ်လာကာ ဘုတ်ခနဲ မြေပေါ်ခုန်ချလိုက်သည်။ သွေးအလူးလူး ကြောက်မယ်ဖွယ်မျက်နှာထားတွေက ကြည့်နေတဲ့လူအုပ်ကို ထွက်ပြေးအောင် လုပ်နေသလို ခုနကကြည့်နေတဲ့လူအုပ်က ခုတော့အနည်းငယ်သာကျန်တော့သည်။ လူငယ်နှစ်ယောက်ကတော့ ကြောက်လန့်ဖွယ်လုံးဝမရှိ။ အေးဆေးတည်ငြိမ်စွာ စိုက်ကြည့်နေသည်။ ထိုစဉ် နွားနီကြီးက နှာမှုတ်၊ ခွာယက်ကာ လူငယ်နှစ်ယောက်ကို.ဝှေ့ဖို့အရှိန်ယူနေတာ ဦးလေးစိန်တွေ့လိုက်သည်။ “ဆရာလေးတို့ သတိထား” စကားပင်မဆုံးလိုက် အရှိန်နဲ့ပြေးလာတဲ့ နွားနီကြီးက လူငယ်နှစ်ယောက်ကို ချိုနဲ့ဝင်ခွေ့လေတော့သည်။
ဦးလေးစိန် မျက်လုံးကိုလက်နဲ့အုပ်လိုက်မိသည်။ လူငယ်လေးတွေဘာများဖြစ်မလဲ သူမကြည့်ရဲ။ ထိုစဉ် “ဒုန်း”ဆိုတဲ့အသံနဲ့အတူ ဝမ်းဘဲ ဆိုတဲ့ အော်သံကြီးက ကျယ်လောင်စွာထွက်လာခဲ့တယ်။ ဦးလေးစိန်ကြည့်လိုက်တော့ မြေကြိးပေါ် လဲနေတဲ့ နွားနီကြီးကို တွေ့လိုက်ရသည်။ ကြည့်နေတဲ့ရွာသားတွေကနေ “ဝေး”ခနဲအော်သံကြားလိုက်ရတယ်။ လဲကျသွားတဲ့နွားနီကြီးက ကုန်းရုန်းထကာ ထပ်ဝှေ့လေတော့သည်။ အနားပင်မရောက် တစ်ဖုန်းဖုန်းနဲ့ပစ်လဲ ကျတာမြင်တော့ ဦးလေးစိန် အံ့သြသွားတယ်။ ဒီလူငယ်လေးတွေ ဒီလောက်စွမ်းနေပါလားဆိုပြီး ချီးကျူးလိုက်မိသည်။ နွားနီကြီးဝှေ့မရတဲ့အချိန်မှာ ဗိုက်ဟောင်းလောင်းပွင့်နေတဲ့ ကျော်မောင်တို့လင်မယားက လူငယ်နှစ်ယောက်ထံ ပြေးဝင်လာသည်။
ဝါးတစ်ပြန်အရောက်မှာ လွယ်အိတ်လွယ်ထားတဲ့ လူငယ်က အင်းတစ်ချပ်နဲ့လှမ်းပစ်လိုက်ရာ ကျော်မောင်တို့ လင်မယား အဝေးကိုလွင့်ထွက်သွားသည်။ ထို့နောက် အင်းချပ် တစ်ချပ်ကိုထုတ်ကာ လေပေါ်ပစ်တင်လိုက်တယ်ဆိုရင်ဖြင့် ထိုအင်းချပ်ထဲက ပိုက်ကွန်သဖွယ် ရွှေရောင်အလင်းတန်းတွေကျလာကာ နွားနီကြီးကို ရစ်ပတ်လိုကွလေသည်။ နွားနီကြီးလဲတစ်ဖြေးဖြေး ရုန်းရင်း.ရုန်းရင်း သေးသေးသွားတာ နောက်ဆုံး ကောက်ရိုးနဲ့လုပ်ထားတဲ့ နွားရုပ်လေးဖြစ်သွားတယ်။ လွင့်ထွက်သွားတဲ့ ကျော်မောင်တို့လင်မယားလဲ “လွတ်ပီ လွတ်ပီ”ဆိုပြီး ထအော်ကာ အိမ်ဝင်းအတွင်း ပတ်ပြေးနေလေတော့သည်။ ခဏနေတော့ လူငယ်နှစ်ယောက်ထံ ဒူးထောက်ကာ သူတို့ဒီဘဝကလွတ်အောင်ကူညီပေးလို့ဆိုပြီး ကျေးဇူးတင်ပါလေရော။
ခဏနေ ရွာသားတွေဘက်ကို ဝေ့ကြည့်ကာ လက်ပြရင်း အမှောင်ထုထဲကို တိုးဝင်သွားတော့သည်။ လူငယ်နှစ်ယောက်လဲ အိမ်ဝိုင်းထဲကထွက်တဲ့အချိန် “လူလေး လူလေးတို့ ကျော်မောင်တို့ လင်မယားကို ဘယ်သူကသတ်တာလဲ” ထိုအခါ ဆံထုံးနဲ့လူငယ်လေးက “တကယ်တော့ ခုနက အစီအရင်နဲ့လုပ်ထားတဲ့ နွားရုပ်က လယ်တွေမှာအစောင့်ချတဲ့ အင်းရုပ်တစ်ရုပ်ပဲအဘ” “ခုနက လင်မယား လယ်ကွင်းထဲက ကောက်လှိုင်းတွေ သယ်လာတော့ ဒီအရုပ်လေးကပါလာတာ” “ဒါကိုသူတို့ကမသိပဲ အိမ်အနောက်ကစပါးကျီထဲ ထည့်ထားတော့ သူတို့ကိုဒုက္ခပြန်ပေးသွားတာပါ” “ဒီလိုအစီအရင်တွေက အရမ်းကြောက်ဖို့ကောင်းတယ်၊ လယ်စောင့်ထားတဲ့သဘောပေါ့အဘ၊ သူ့ရဲ့ထူးခြားချက်ကဒီမှာကြည့်”ဆိုပြီး နွားရုပ်လေးကိုပြပြီး “နွားပုံသဏ္ဍန် စမစာလုံးတွေက ဒီအရုပ်ကိုအသက်သွင်း လိုက်တာ၊
သူအသက်ဝင်လာတာနဲ့ သူ့ပိုင်နက်ထဲရောက်လာတဲ့သူမှန်သမျှရန်ပြုတော့တာ” “သူ့ကိုစီရင်တဲ့ဆရာအခွင့်ပေးတဲ့သူမှဝင်လို့ရတာ၊ နောက်တစ်ခုက သူပြုစားလို့သေတဲ့သူတွေကိုလဲ ပြန်ခိုင်းလို့ရအောင် ဒီနားကစမကွက်လေးကိုထပ်ရေးထားတာပဲ” “အဲလိုအစီအရင်တွေကို ဆရာသမားတွေက လိုက်ဖျက်နေကြတယ်။ အခုလိုအစီအရင်လုပ်တဲ့သူတွေကိုလဲ ပညာတွေပြန်သိမ်းနေပါပြီ ” “အဘတို့ရွာမှာ ဒီလိုအစီအရင်တတ်တဲ့သူ ယခင်က ရှိခဲ့ဘူးတယ်၊ သူ့နာမည်က ဦးနီ ” “ဦးနီ ဟုတ်လား သိတာပေါ့ သူကဆုံးသွားတာကြာပီလေ” “ခုနက လင်မယားက သူ့လယ်တွေကိုဝယ်လိုက်တာ” “အော် သဘောပေါက်ပီ အရင်က သူ့လယ်တွေမှာ သူကအစောင့်ချထားတာ ” “ဒီလင်မယားက ဝယ်လိုက်တော့ ဒီအင်းရုပ်လေးက သူတို့ဆီပါလာပြီး ဒုက္ခပေးတာပေါ့”
“ဟုတ်တယ်အဘ ဦးနီက သူမသေခင် အစီအရင်တွေ ဖျက်သွားခဲေ့ပမယ့် ဒီအင်းရုပ်တစ်ရုပ်ကကျန်ခဲ့တာ ခုတော့အားလုံးပြီးသွားပါပီ ၊ ကျုပ်တို့လဲခရီးဆက်ရဦးမယ်” “မနက်မှဆက်ပါလား လူလေးတို့ ညကနက်နေပီ” “အချိန်မရလို့ပါအဘ သွားလိုက်ပါဦးမယ်ဆိုပြီး” ရွာပြင်ကိုထွက်သွားလေတော့သည်။ “လူလေး လူလေးနာမည်လေးပြောခဲ့ပါဦး ကျေးဇူးရှင်တွေရဲ့နာမည်ကိုမှတ်ထားချင်လို့ပါ”လို့ပြောတော့ ဆံထုံးနဲ့လူငယ်က နောက်လှည့်ကြည့်ပြီး ကျွန်တော်နာမည် ” အောင်မြတ်သာ” လို့ခေါ်ပါတယ်။ ဦးလေးစိန်လဲ “အောင်မြတ်သာ ” “အောင်မြတ်သာ” ဆိုပြီးရွတ်နေရင်း ကြည့်လိုက်တော့ လူငယ်နှစ်ယောက်ကို မတွေ့ရတော့ချေ။ ထို့နောက် “အော် လူငယ်တွေထဲမှာလဲ ပညာရှင်တွေရှိတာပဲကိုး”ဆိုပြီးတိုးတိုးလေးရေရွတ်လိုက်တာ့သည်။