Daily News

နွားထိုးကြီးမှာ တပ်မတော်လေမှ ဗုံးကြဲလို့ PDF ရဲဘော် ခြောက်ဦး ကျဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့ နွားထိုးကြီးနယ် အစပ်က ရွာကြီးကျေးရွာကို တပ်မတော်လေက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)ရဲဘော်ခြောက်ဦးကျဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက် ည ၈ နာရီဝန်းကျင်မှာ တပ်မတော်လေက ရွာကြီးကျေးရွာထဲရှိ PDF များစခန်းချရာနေရာကို လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချခဲ့တာဖြစ်ပါတယ်

တပ်မတော်လေဟာ ရွာကြီးရွာကို ဗုံးကြဲချပြီးနောက် မြင်းခြံနယ် အရှေ့မြောက်ခြမ်းဘက်ကို လေကြောင်းကနေ ထပ်မံဗုံး ကြဲ တိုက်ခိုက်ခဲ့ရာမှာ တော်လှန်ရေးရဲဘော် ခြောက်ဦး ထိခိုက်ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“၁၅ ရက်နေ့ည ရှစ်နာရီခွဲလောက်မှာ မြင်းခြံနဲ့ နွားထိုးကြီးနယ်အစပ်က ရွာကြီးရွာပေါ်ကို ဗုံးနှစ်လုံးချတယ်။  အဲဒီလို ရွာကြီးရွာကို ဗုံးကြဲပြီး မကြာဘူး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းရှိတဲ့နေရာကို ဗုံးလာကြဲသွားတယ်။

စခန်းပေါ်ကို ပထမဆုံး ဗုံးနှစ်လုံး လာကြဲတဲ့အချိန်မှာ ရဲဘော် လေးဦး ကျသွားတယ်ဗျ။ အဲဒီအချိန်မှာ ကျွန်တော်တို့က ရှင်းလင်းရေးတွေလုပ်ပြီး ရဲ ဘော်အလောင်းတွေ ကောက်ယူနေချိန်မှာပဲ နောက်ထပ် လေယာဉ်နဲ့ထပ်လာပြီးတော့ ကြဲသွားတဲ့အတွက် နှစ်ဦး ထပ်ကျသွားတာပါ။ စုစုပေါင်း ရဲဘော်ခြောက်ဦး ကျဆုံးသွားပါတယ်ဗျ”လို့ မြင်းခြံဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

အခုလို မြင်းခြံနယ်ထဲက တော်လှန်ရေးတပ်ဖွဲ့ရဲ့ စခန်းတည်ရှိရာကို နေရာအတိအကျ လေကြောင်းကနေ ဗုံးလာ ကြဲတာဟာ နယ်မြေခံ ဒလန်သတင်းပေးကြောင့် ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။

“ကျွန်တော်တို့ သုံးသပ်ရသလောက်ဆိုရင် ဒလန်သတင်းပေးကြောင့် အခုလို နေရာတိတိကျကျ ချနိုင်တယ်လို့ သုံး သပ်ရတာပေါ့”လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာလ ၁၅ ရက်က မြန်မာ့တပ်မတော် လေကြောင်းကလာရောက်ပြီး ဗုံးကြဲပစ်ခတ်ခဲ့တဲ့ ဒေသတော်လှန်ရေးအဖွဲ့ စခန်းဟာ မြင်းခြံမြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ပြောက်ကျားတပ်ဖွဲ့တစ်ခုရဲ့ စခန်းဖြစ်တယ်လို့လည်းဆိုပါ တယ်။

နွားထိုးကြီးနယ် ရွာကြီးရွာ လေကြောင်းဗုံးကြဲမှုဖြစ်စဉ်မှာ ဒေသခံပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိတဲ့ အသတင်း ထွက်ပေါ်နေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြင်းခြံမြို့နယ်ထဲမှာ ဩဂုတ်လ ၁၁ ရက်ကနေ အောက်တိုဘာလ ၁၇ ရက်ထိ နှစ်လကျော်ကာလအတွင်း မြန်မာ့တပ်မတော် လေကြောင်းက ဗုံးကြဲပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော် ခြောက်ဦးကျဆုံးကာ (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။