လေဖိအားနည်းရပ်ဝန်း အောက်တိုဘာ ၂၁ ရက် နံနက် ၀၁:၀၀ နာရီ
အောက်တိုဘာ ၂၁ ရက် နံနက် ၁ နာရီမှာ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို ပို့ဘလဲယားနဲ့ ကိုကိုးကျွန်းကြားမှ ဖြတ်သန်းဝင်ရောက်သွားပြီဖြစ်ကြောင်း GFS Model ရဲ့ နောက်ဆုံးရတဲ့ update မှာတွေ့ရပါတယ်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အလယ်ပိုင်းပင်လယ်ပြင်မှာ မြောက်ဘက်ကို ကနဦးရွေ့လျားပြီး အနောက်-အနောက်မြောက်ယွန်းယွန်းကို ဆက်လက်ရွေ့လျားကာ အောက်တိုဘာ ၂၂ ရက် ည ပိုင်းမှာ အမည်ရဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)ဖြစ်လာနိုင်မယ်လို့ တွေ့ရပါတယ်။
အဲ့ဒီကမှ – အနောက်မြောက်ဘက်ကို ချိုးကွေ့ရွေ့လျားပြီး အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း၊ ဆက်လက်၍ မြောက်-အနောက်မြောက်ကိုဆက်လက်ဦးတည်ရွေ့လျားပြီး အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီခန့်မှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် – အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးက ကမ်းခြေအနီးကို ချဉ်းကပ်ရောက်ရှိမယ်လို့ တွေ့ရပါတယ်။
အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက စ ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအထိ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် – အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးက ကမ်းခြေကိုကျော်ဖြတ်ဝင်ရောက်ကာ ကုန်းတွင်းမှာတဖြည်းဖြည်းအားပျော့ပျက်ပြယ်သွားမယ်လို့ နောက်ဆုံးရ NOAA ရဲ့ GFS ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။
လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)၊ ဆိုင်ကလုန်းမုန်တိုင်း စသည်ဖြင့် အဆင့်ဆင့် အားကောင်းလာနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာချိန်မှာ “ကာတာ”နိုင်ငံက ပေးထားတဲ့ အလှည့်ကျအမည် “DANA” ဆိုတာကို ရရှိပါမယ်။
GFS Model ကြိုတင်ခန့်မှန်းချက်အရဆိုရင်တော့ ဆိုင်ကလုန်းမုန်တိုင်းမှ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Severe Cyclonic Storm-SCS အဆင့်အထိရောက်နိုင်ကြောင်းတွေ့ရတဲ့အတွက် ဒီကြိုတင်ခန့်မှန်း မှန်ကန်မှုရှိ/မရှိကို စောင့်ကြည့်ပြီး “မုန်တိုင်းများကြိုတင်ခန့်မှန်းခြင်းနဲ့ ဆန်းစစ်အတည်ပြုခြင်း ရလဒ်များ” ထွက်ပေါ်လာတဲ့အခါမှသာ မုန်တိုင်းအရွယ်အစား၊ မုန်တိုင်းရဲ့ပြင်းအားနဲ့ မြန်မာနိုင်ငံအပေါ် မုန်တိုင်းအရှိန်သက်ရောက်နိုင်မဲ့ အခြေအနေ-အနည်းအများကို ထပ်မံလေ့လာတင်ပြပေးသွားပါမယ်။
======
အိန္ဒိယမိုးလေဝသဋ္ဌာနထုတ်ပြန်ချက်(INTERACTIVE MAP DATA)
(အောက်တိုဘာ ၂၁ ရက်၊ ညနေ ၃ နာရီ ၁၅ မိနစ်)
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို ဆက်လက်ရွေ့လျားပြီး –
အောက်တိုဘာ ၂၂ ရက် ညနေပိုင်းတွင် မုန်တိုင်းငယ်(DEEP DEPRESSION-DD)အဖြစ်သို့လည်းကောင်း၊
အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(CYCLONIC STORM-CS)”DANA” အဖြစ်သို့လည်းကောင်း၊
အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(SEVERE CYCLONIC STORM – SCS)အဖြစ်သို့လည်းကောင်းရောက်ရှိလာနိုင်ကြောင်း တွေ့ရပါသည်။
အိန္ဒိယမိုးလေဝသဋ္ဌာနနှင့် WINDY – ECMWF, GFS နှင့် ICON model များ၏ ခန့်မှန်းချက်များအရ –မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည်မဟုတ်ကြောင်း၊
အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေများဆီသို့သာ ဦးတည်ရွေ့လျားကာ အောက်တိုဘာ ၂၄ ရက် ညပိုင်းမှ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအချိန်အတွင်း ဖေါ်ပြပါပြည်နယ်တခုခု၏ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း တွေ့ရပါသည်။
မုန်တိုင်းအရှိန်ကြောင့် မန္တလေးတိုင်းတောင်ပိုင်း(မန္တလေးမြို့အောက်ဘက်)၊ နေပြည်တော်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတောင်ပိုင်း(ထားဝယ်မြို့အောက်ဘက်) ဒေသများတွင် မိုးများနိုင်ပြီး –
ကျန်ပြည်နယ်တိုင်းများတွင် မိုးအသင့်အတင့်သာရွာနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်။
=====
WINDY APP ပေါ်က ECMWF model update နဲ့ အိန္ဒိယမိုးလေဝသဋ္ဌာန က အချက်အလက်များပေါင်းစပ်ထားတဲ့ မုန်တိုင်းလမ်းကြောင်းနဲ့ မုန်တိုင်းလေတိုက်နှုန်းခန့်မှန်းချက်မှာ –
အောက်တိုဘာ ၂၃ ရက် နေ့လည် ၁ နာရီ – လေတိုက်နှုန်း တနာရီ ၅၂ မိုင်ဖြစ်လာပြီး အမည်ရဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm-CS) “DANA” ဖြစ်လာနိုင်ကြောင်းနဲ့ …
အောက်တိုဘာ ၂၄ ရက် နံနက် ၁ နာရီမှာ လေတိုက်နှုန်း တနာရီ ၆၃ မိုင်အထိ ရှိလာပြီး အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm – SCS)ဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များတွေ့ရပါတယ်။
မုန်တိုင်းလမ်းကြောင်းခန့်မှန်းချက်အရ မြန်မာပြည်ဘက်ကို ဦးတည်ရွေ့လျားနိုင်ရန် မရှိကြောင်းတွေ့ရပြီး၊
အောက်တိုဘာ ၂၁ ရက် ည ၁၁ နာရီ မှ အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီအထိ(၄၈ နာရီအတွင်း) –တနိုင်ငံလုံး နေရာအနှံ့အပြားမိုးရွာနိုင်ကြောင်း၊
မကွေးတိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း(မန္တလေးမြို့အောက်ဘက်)၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အနောက်ခြမ်း)၊ တနင်္သာရီတိုင်း(ထားဝယ်မြို့ အောက်ဘက်) ဒေသတွေမှာတော့ ၄၈ နာရီအတွင်း မိုးရေချိန် ၂ လက်မ မှ ၃ လက်မအထိ ရွာသွန်းကာ နေရာကွက်ပြီး မိုးများနိုင်ကြောင်း၊
မြေပြင်လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ မိုင် ၃၀ အထိ ရှိနိုင်ကြောင်း၊
ပင်လယ်ပြင်မှာတော့ တနာရီ မိုင် ၄၀ ခန့်အထိ တိုက်နိုင်ကြောင်း၊
ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့် ၆ ပေ မှ ၁၀ ပေအထိရှိနိုင်ကြောင်း တွေ့ရပါတယ်။