Ghost Story

တောကြီးတစ္ဆေနဲ့ တိုက်ချောင်းဖျားက တစ္ဆေများ အပိုင်း (၁)

သူတို့ရွာ၌ ဦးအောင်သိန်းသည် စကားပြော အလွန်ကောင်းသည်။ ပုံတိုပတ်စ အတော်များများကို တစ်ခုနှင့်တစ်ခု မရိုးရ၊ အီ၍မသွားရအောင် လူကြီးလူငယ် အရွယ်အလျောက်အသက် အပိုင်းအခြားအလိုက် စိတ်ပါဝင်စားအောင် တစ်ပုဒ်ပြီးတစ်ပုဒ် ပြောပြနိုင်စွမ်းရှိသည်။

ထို့ကြောင့် ညနေချိန်ရောက်တိုင်း ဦးအောင်သိန်း၏ အိမ်၌ လူစည်ကားသည်။ နေ့ခင်းနေ့လည်များတွင်လည်း နွားကြိုးကျစ်ရင်း၊ နှီးဖြာရင်း၊ တောင်းခမောက်ရက်ရင်းနှင့် ရောက်လာကြပြီး နားထောင်လေ့ရှိကြသည်။ ဦးအောင်သိန်းက စကားအပြောကောင်းသည်ကြောင့် ရောက်လာကြသည့်လူများမှာလည်း နားထောင်၍ မငြီး။ ရိုးအီ၍ မသွား။ ထမင်းမေ့ ဟင်းမေ့ ဖြစ်ကြရသည်။

ဦးအောင်သိန်း ပြောပြသည်က ဘာသာရပ်တစ်ခုတည်းမဟုတ်။ ဝတ္ထုမဂ္ဂဇင်းတွေထဲက အကြောင်းသက်သက်မဟုတ်၊ ရာဇဝင်နိပါတ်တော်တွေထဲက အကြောင်းသက်သက်လည်း မဟုတ်။ သူဖြတ်သန်းလာခဲ့သော ခေတ်၊ မျက်မှောင်ခေတ်နှင့် ပိဋကတ်တော်၊ အဌကထာ ဋီကာ စသော စာကြီးစာခိုင်တို့အထြကလည်း များစွာပင် ပါဝင်လေသည်။

ထို့ကြောင့် လူကြီးလူငယ် အရွယ်မရွေး မရိုးမအီရအောင် ပြောပြပေးနိုင်ခြင်း ဖြစ်သည်။ သူ့ပရိသတ်များအပေါ် မူတည်ပြီး အကြောင်းအရာကိုလည်း အပြောင်းအလဲလုပ်ကာ ပြောပြနိုင်သည်။ လူငယ်တွေကို ခေတ်အကြောင်း၊ စာပေဂီတအကြောင်း၊ လူလတ်ပိုင်းနှင့် လူကြီးပိုင်းတွေဆိုလျှင် စီးပွားရေး၊ လူမှုရေးနှင့် ပြည်တွင်းပြည်ပ အကြောင်း၊ လူကြီးပိုင်တွေဆိုလျှင် ရာဇဝင်နိပါတ်နှင့် ပိဋကတ်တော်အကြောင်း၊ ဘာသာ‌ရေးကိုတော့ အရွယ်အလိုက် အလျဉ်းသင့်သလို သီးသန့်ရွေးနှုတ်၍ ပြောပြတတ်သည်။

ဦးအောင်သိန်း ယခုကဲ့သို့ လူစိတ်ဝင်စားအောင်၊ တစ်ခုနှင့်တစ်ခု မရိုး၊ မအီ မထပ်ရအောင် ပြောပြနိုင်သည်မှာ သူကိုယ်တိုင် လေ့လာသင်ယူ တတ်မြောက်ထားသောကြောင့် ဖြစ်သည်။ ဂီတဘက်တွင်လည်း ထူးချွန်ပြောင်မြောက်ပြီး ဆရာအဖြစ် သင်ပေးနိုင်သည်။ အဆိုအက နှစ်ဖက်စလုံးမှာပင် ဦးဆောင်နိုင်သည်။

ပိဋကတ် စာပေအရာတွင်လည်း၊ အတော်လေးပင် သင်ယူ ပေါက်မြောက်ခဲ့ဖူးသည်။ ခြောက်နှစ်သားအရွယ်ကပင် ကျောင်းနေပြီး ကျောင်းသားဘဝမှာ ကိုရင်ဘဝအထိ ဆယ်နှစ်တိုင်တိုင် ပိဋကတ်စာပေတွေကို သင်ယူခဲ့သည်။ ဉာဏ်ထက်သဖြင့် ပါဠိတော်၊ အဌမထာ၊ ဋီကာတွေအထိ သင်ယူခဲ့ဖူး၍ ပါဠိကို နိဿယလွတ် ဖတ်ရှုလေ့လာနိုင်သော ပုဂ္ဂိုလ်လည်း ဖြစ်သည်။

ဦးအောင်သိန်း ပြောပြသည့် ပုံပြင်များထဲတွင် လူငယ်တွေ စိတ်အဝင်စားလုံးက လျှို့ဝှက်ဆန်းကြယ်အကြောင်းတွေပင် ဖြစ်သည်။ ဂျပန်ခေတ်နှင့် အင်္ဂလိပ်ခေတ် စစ်ပွဲတုန်းက စစ်လေယာဉ်၊ စက်သေနတ်နှင့် ဗုံး၊ အမြောက်၊ တင့်ကားကြီးများအကြောင်း၊ ထို့နောက် သူတစ်လူ ငါတစ်မင်း အချင်းချင်း စစ်ဖြစ်ခဲ့ကြသည့် အကြောင်းတွေလည်း ပါဝင်လေသည်။

“စစ်ကြီးဖြစ်ပြီးလို့ ဗုံးအမြောက်၊ လေယာဉ်သံတွေ တင်းဆိတ်သွားပေမယ့် မကင်းဆိတ်ဘဲ ကျန်နေခဲ့တာကတော့ တောပုန်း ဓါးပြတွေနဲ့ တစ္ဆေ၊ သရဲ၊ ဖုတ်၊ ပြိတ္တာတွေ အကြောင်းပဲကွ”

တစ်နေ့တွင် ဤသို့ အစချီသည်။

“တစ္ဆေ၊ သရဲ၊ ဖုတ်၊ ပြိတ္တာတွေဆိုတော့ အဲဒီတစ္ဆေ၊ သရဲ၊ ဖုတ်၊ ပြိတ္တာတွေအကြောင်းကိုပဲ ပြောပြပါလား ဦးကြီး”

“မင်းတို့ ခေတ်လူငယ်တွေက သရဲ၊ တစ္ဆေ၊ ဖုတ်၊ ပြိတ္တာတွေကို သိပ်ပြီးမယုံကြည်ဘူးဆို မဟုတ်လား”

“သရဲ၊ တစ္ဆေ၊ ဖုတ်၊ ပြိတ္တာတွေအကြောင်းကို မယုံလို့ မရဘူးကွ၊ မြတ်စွာဘုရားဟောခဲ့တာတွေချည်းပဲ၊ တခြားမပြောနဲ့ ပေတဝတ္ထုကြီးကိုပဲ ကြည့်ပါ။ သရဲ၊ တစ္ဆေ၊ ဖုတ်၊ ပြိတ္တာတွေအကြောင်း ပြောလို့ ဟောလို့ မကုန်လောက်အောင် များပြားနေတယ်။ ဒါ့အပြင် စစ်ကြီးဖြစ်ပြီးနောက်ပိုင်း အစိမ်းသေလို့ ဖြစ်လာကြတဲ့ သရဲ၊ တစ္ဆေတွေ ဆိုတာလည်း ပြောလို့မကုန်လောက်အောင်အထိ ဆန်းကြယ်များပြားနေတာပဲ။ တချို့ သစ်ပင်တစ္ဆေ၊ ဘီလူးသဘက်လို တစ္ဆေ။ တစ္ဆေအကြောင်းတွေက များပြားလွန်းလို့ ပြောလို့တောင် မကုန်ဘူး”

“ဟုတ်ကဲ့၊ အဲဒီအများကြီးထဲက စိတ်ဝင်စားစရာအကောင်းဆုံးတစ်ခုကို ပြောပြပါ ခင်ဗျာ”

“အေး . . . ဒီလိုဆိုရင် အံ့ဖွယ်ထူးဆန်းပြီး စိတ်ဝင်စားစရာလည်းကောင်းတဲ့ တောကြီးတစ္ဆေနဲ့ တိုက်ချောင်းဖျားက တစ္ဆေများဆိုတဲ့အကြောင်းတွေကို ပြောပြမယ်။ မင်းတို့ တိုက်ချောင်း ဟိုဘက်က သံပရာချောင်းကို သိကြရဲ့လား”

လူငယ်တွေ အသံတိတ်နေကြသည်။ လူငယ်တွေက သံပရာချောင်းကို မသိကြပေ။ သံပရာချောင်းက သူတို့ရွာနှင့် ခြေကျင်တစ်မနက်ခရီးမျှ လှမ်းရသော ရခိုင်ရိုးမထဲက တစ်နေရာမှ ဖြစ်သည်။ ထို့ကြောင့် လူငယ်များမှာ သံပရာချောင်းကို ကိုယ်တိုင်မရောက်ဖူးကြသလို ကြားလည်း မကြားဖူးကြပေ။

“မင်းတို့ သံပရြာချောင်းကို မသိကြဘူးထင်တယ်။ သံပရာချောင်း ဆိုတာက အမ်းမြစ်ကိုဆန်ပြီး အမ်းမြို့ဘက်သို့ လှေ၊ မော်တော်၊ တစ်ခုခုနဲ့ ဆန်တက်သွားရင် မြစ်ကြောအလယ်လောက် ရောက်တော့ လက်ယာဘက်ကမ်းက ကန်ဇလီရွာနဲ့ ဝက်မြီးရွာ အကြားမှာ တိုက်ချောင်းဆိုတာ ရှိတယ်ကွ”

“ဟုတ်ကဲ့ . . . တိုက်ချောင်းကိုတော့ ကျွန်တော်တို့ သိပါတယ်”

“အေး . . . ဒီတိုက်ချောင်းက ဆန်တက်ရင် သုံးမိုင်လောက်အရောက်မှာ လက်ဝဲဘက်သို့ ခွဲပြီး သံပရာချောင်းဆိုတာ ရှိတယ်။ အဲဒီသံပရာချောင်းကို ပြောတာ၊ အဲဒီသံပရာချောင်းထဲမှာ ငွေယားတွင်းလည်း ရှိတယ်”

“ဟုတ်ကဲ့၊ ငွေယားတွင်းကို နောက်ထားပြီး တစ္ဆေအကြောင်းကိုပဲ ပြောပြပါ ခင်ဗျာ”

လူငယ်တွေဆိုတော့လည်း လျှိုဝှက်ဆန်းကြယ် များများပါမည့်အကြောင်းတွေကိုသာ ပိုမိုစိတ်ဝင်းစားကြသည်။ ငွေယားတွင်း ဟူသည်မှာ လျှို့ဝှက်ဆန်းကြယ်အကြောင်းတွင် ပါဝင်သော်လည်း ငွေယားတွင်းအကြောင်းက တစ္ဆေအကြောင်းကဲ့သို့ လျှို့ဝှက် ဆန်းကြယ်မဟုတ်။

ထို့ကြောင့် လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို များများပါမည့် တစ္ဆေအကြောင်းများကိုသာ ပိုမို စိတ်ဝင်စားကြသည်။ သို့ဖြစ်၍ ဦးအောင်သိန်းမှာလည်း တစ္ဆေအကြောင်းများကိုသာ သရုပ်ပေါ်အောင် ပြောပြရလေသည်။

ဦးကျောက်လုံးမှာ နာမည်နှင့်လိုက်အောင် ကျောက်တိုင်ကျောက်သားကဲ့သို့ သန်မာထွားကျိုုင်းသော လူတစ်ယောက်ဖြစ်သည်။ အသက်အားဖြင့် လေးဆယ်ခန့်ရှိသည်။ လူသန်မာသလို စိတ်လည်း မာကြောသည်။ သူ့ဘဝတစ်လျှောက်၌ ကြောက်လန့်သောအရာဟူ၍ မရှိ၊ ဘေးလူတို့ ထိပါးစော်ကားသည်ကို မကြောက်တတ်သလို ဆင်၊ ကျား၊ တစ္ဆေ၊ သရဲ တို့ကိုလည်း ကြောက်တတ်သူမဟုတ်ပေ။

သူ့လယ်ထဲသို့ တောဆင်ဝင်စားနေသည်ကို မီးရှူးပြပြီး အော်ဟစ်မောင်းထုတ်သော်လည်း မရသဖြင့် စိတ်တိုလာပြီး လှံနှင့်လိုက်ထိုး၍ တောဆင်မှာ ပြန်မလုပ်နိုင်ခဲ့ဘဲ သွေးစက်လက်နှင့် အောင်ဟစ်ကာ တောထဲသို့ ဝင်ပြေးရလေသည်။ အိမ်အောက်ထဲက နွားကို ကျားဝင်ကိုက်ရာတွင်လည်း ငှက်ကြီးတောင်ဓါးနှင့် လိုက်ခုတ်သဖြင့် ကျားသေလေသည်။
တစ္ဆေ၊ သရဲ ခြောက်သောနေရာကိုလည်း သူ့အား ခြောက်အောင်ဆိုပြီး ကိုယ်တိုင်သွားကြည့်တတ်သည်။

လောင်းကြေးစားကြေးလုပ်လျှင် ပိုဆိုးသည်ဆို၍ လောင်းကြေးစားကြေး လုပ်ပြီးလည်း သွားကြည့်တတ်သည်။ ထိုသို့ လုပ်သော်လည်း တစ္ဆေ၊ သရဲနှင့် ရင်မဆိုင်ရလျှင် သင်္ချိုင်းကုန်းသို့ တစ်ယောက်တည်းသွားပြီး အိပ်ပြသည်။ ထိုမျှအထိ တစ္ဆေ၊ သရဲက စ၍ တစ်စုံတစ်ခုကိုမျှ မကြောက်တတ်သော ဦးကျောက်လုံး ဖြစ်သည်။

ရွာထဲက မိန်းမများကို တစ္ဆေကိုင်၊ သရဲဖမ်းလျှင်လည်း ဦးကျောက်လုံးကို သွားခေါ်ကြသည်။ ထိုအခါ ဦးကျောက်လုံးသည် နတ်မေးနေကြသည်ကို ထိုင်၍နားထောင်သည်။ နတ်ဆရာမ (နတ်ကတော်မ)က တစ္ဆေတောင်းဆိုသည့် ခေါစာကို ကျွေးပြီးနောက် ဦးကျောက်လုံးက ထိုတစ္ဆေနေသော အပင်ကြီးကို ကောက်ရုံးပုံ၍ မီးရှို့လိုက်လေသည်။

ထိုမျှအထိ မကြောက်တတ်သော တဇွတ်ထိုးနိုင်သည့် ဦးကျောက်လုံးပင် ဖြစ်သည်။ တစ္ဆေ၊ သရဲ စသည်တို့အား ကြောက်သည်ဟူသော စကားကို ဦးကျောက်လုံးရှေ့မှာ သွားပြော၍မရ။ တစ်လုံးတစ်ပါဒမျှလည်း လက်မခံ။

“တစ္ဆေ၊ သရဲဆိုတာ လေလိုပဲကွ၊ အကောင်သတ္တဝါ မဖြစ်နိုင်ပါဘူး၊ အကောင်သတ္တဝါသာဟုတ်ရင် တစ္ဆေကိုက်လို့ သေတဲ့မသာ ငါ့ပြစမ်း”

ဟု အော်ငေါက်ပြီးသာ ရန်တွေ့သလို ပြန်ပြောတတ်သည်။

ယခုလည်းကြည့်၊ ရွာသားတွေက အတန်တန်တားနေကြသည့်ကြားက သံပရာချောင်းထဲရှိ “အရိုးတောင်” ကို တောင်ယာသွားခုတ်သည်။

အရိုးတောင်သည်ကား ရှေးကျသော သင်္ချိုင်းကြီးကြောင့်ပြော၍ မယုံလောက်အောင်လည်း ကြမ်းသည်။

ဤရွာ၌ မွေးဖွားပြီး အခြားနယ်၊ အခြားရွာသို့ သွားသေလျှင်လည်း ဇာတိဖြစ်သည့် ဤ သင်္ချိုင်းသို့ပင် အရိုးလာပို့ကြရသည်။

ထို့အပြင် အင်္ဂလိပ်ခေတ်နှင့် ဂျပန်ခေတ်တွေတုန်းကလည်း သည်အရိုးတောင်၏ ပတ်ဝန်းကျင်သည် ချောင်ကျလွန်းသဖြင့် လေယာဉ်နှင့် ဗုံးကြဲ၍ မရဟုဆိုကာ အင်္ဂလိပ်စစ်သား၊ ဂျပန်စစ်သားများ အရိုးတောင်တွင် တပ်စွဲနေခဲ့ကြဖူး၍ သင်္ချိုင်းဖြစ်ရုံသာ မကဘဲ အင်္ဂလိပ်သင်္ချိုင်း၊ ဂျပန်သင်္ချိုင်းနှင့် စစ်ဆင်၊ စစ်မြင်းတို့၏ သင်္ချိုင်းကြီးလည်း ဖြစ်လေသည်။
သို့သော် ဂျပန်ခေတ်က ဂျပန်တွေကို ကြောက်၍ စိုင်ဘောင်ရွာ ပျက်သဖြင့် ယခုအခါတွင် အရိုးတောင်၏ပတ်ဝန်းကျင်၌ ရွာဟူ၍ မရှိတော့ဘဲ အရိုးမျှသာ လာပို့နေကြလေသည်။ (ထိုကြောင့် ဤသင်္ချိုင်းကုန်းကို ဦးကျောက်လုံး တောင်ယာလာခုတ်ထားခြင်း ဖြစ်သည်။)

အရိုးတောင်သည် ရွာတွေနှင့် ငါးမိုင်မျှလှမ်းသော တောနက်ထဲ တစ်နေရာတွင် ဖြစ်သည်။ကြမ်းလည်း ကြမ်းလွန်းသည်။ အခြောက်အလှန့်များ၍ နေ့ခင်းကိုပင် ယောကျ်ားများ နှစ်ယောက်သုံးယောက်နှင့် မသွားမလာရဲကြသော နေရာလည်း ဖြစ်သည်။

သို့သော်လည်း ဦးကျောက်လုံးကား လုံးဝမကြောက်ပေ။ မကြောက်၍လည်း သည်အရိုးတောင်ကြီးကို တောင်ယာခုတ်ထားခြင်းဖြစ်သည်။ တောနက် တောရိုင်းကြီးဖြစ်၍ အသီးအနှံတွေကောက်၍ မကုန်အောင်ပင် သီးသည်။ လူတွေက ကြောက်၍သည်နေရာသို့ မလာရဲကြ။ လူတွေမလာရဲ၍ တောင်ယာထဲက အသီးအနှံတွေ အပျောက်အရှ မရှိသော်လည်း အကောင်ပလောင်တွေ ဖျက်ဆီးမည်ကို စိုးရိမ်ရသည်။ ထို့ကြောင့် ဦးကျောက်လုံး ယာခင်းအလယ်၌ တဲဆောင်ကာ ညအိပ်စောင့်ရန် ပြင်ဆင်သည်။

ရွာသားများက အရိုးတောင်ကြီး ကြမ်းလွန်းသည်ကြောင့် တောင်ယာခုတ်စကပင် ဦးကျောက်လုံးအား တားမြစ်ကြသည်။ ယခု ယာတဲ၌ ညအိပ်နေပြီး တောင်ယာစောင့်မည့်ကိစ္စကို လည်းအပြင်းအထန် တားမြစ်ကြသည်။ သို့သော်လည်း ဦးကျောက်လုံးက မဖြုံ။ ကြောက်စိတ် လုံးဝမရှိ။ သားမယားတို့ကို ကြောက်မည်ဆိုး၍ မခေါ်ဘဲ ခွေးကြီးတစ်ကောင်ကိုသာခေါ်ပြီး တောင်ယာတဲသို့ ဝင်လာခဲ့သည်။

(ဆက်ရန်ရှိသည်….။)