တစ်သက်တာလုံး တစ္ဆေ၊ သရဲကို မကြောက်တတ်ခဲ့သော ဦးကျောက်လုံး သည်နေရာတွင် တောကြီးတစ္ဆေနှင့် ရင်ဆိုင်တွေ့ရလေသည်။
နေညို၍ ညနေစာ ချက်ပြုတ်နေချိန်ကပင် တောထဲက ဘာသံမှန်းမသိသော ကြောက်စရာ အသံကြီးတွေကို စတင်ကြားလာရသည်။ သို့သော်လည်း ဦးကျောက်လုံးကား လုံးဝမကြောက်။ သူ့အလုပ်သူ ဆက်လုပ်နေသည်။ ထိုအသံကြီးတွေမှာလည်း နေညိုလာသည်နှင့်အမျှ ပို၍ ကျယ်လောင်လာလေသည်။
သို့သော်လည်း ဦးကျောက်လုံးက လုံးဝမကြောက်။ ထမင်းကျက်သည်နှင့် ခူးခပ်စားလေသည်။ ထမင်းစားပြီးသည့်အချိန်တွင် နေလုံးသည် ပျောက်လေသည်။ ထိုအခါ လူနှင့်တူသော မည်းကြုတ်ကြုတ် သတ္တဝါကြီးတစ်ကောင်သည် ရိုးမဘက်ဆီက ဦးကျောက်လုံး၏ တောင်ယာတဲဆီသို့ တရွေ့ရွေ့နှင့် လျှောက်လာနေလေသည်။
ထိုမျှ တောကြီးတစ္ဆေ သူ့တဲဆီသို့ လျှောက်လာနေသည်ကို ပြတ်ပြတ်သားသား မြင်နေရသည့်တိုင်အောင် ဦးကျောက်လုံးကား လုံးဝကြောက်စိတ်မရှိ။ သတ္တဝါကြီးကိုသာ စိုက်ကြည့်နေသည်။ ထိုသတ္တဝါကြီးသည် မှောင်ရီသမ်းစအချိန်တွင် ဦးကျောက်လုံး၏ တောင်ယာနားသို့ ရောက်လာလေသည်။ ဦးကျောက်လုံးက မကြောက်သည့်အပြင် . . .
“အသာ အသာ လုပ်မနေနဲ့၊ မြန်မြန်လာခဲ့ဝေး၊ မမှောင်ခင် တစ်ပွဲတစ်လမ်း စမ်းကြတာပ”
ဟုပင် ဖိတ်ခေါ်လိုက်သေးသည်။
ထို့ကြောင့်ပင်ထင်သည်။ တောကြီးတစ္ဆေသည် တဲပေါ်သို့ ရောက်သည်နှင့် ဦးကျောက်လုံးအား လိုက်ဖမ်းတော့သည်။ အကြောက်အလန့်ကင်းစွာနှင့်ပင် သိုင်းသမားတို့ သိုင်းကသကဲ့သို့ ဓါးမကြီးနှင့် လိုက်ခုတ်သည်။ ခွေးကလည်း သူ့သခင်နည်းတူ ကြံ့ကြံ့ခံ၍ ဟိန်းဟောက်ထိုးဟောင်ပြီး လိုက်ကိုက်သည်။ ထို့ကြောင့် တောကြီးတစ္ဆေ ပိုမိုစိတ်ဆိုးလာဟန်ရှိသည်။ ဦးစွာ ခွေးကို ကန်ထုတ်လိုက်သဖြင့် ခွေးလွင့်ထွက်သွားလေသည်။
ထို့နောက် ဦးကျောက်လုံးကိုသာ သဲမဲပြီး ခြေကားရား၊ လက်ကားရားနှင့် လိုက်ဖမ်းတော့သည်။ ဦးကျောက်လုံးကလည်း အလျှော့မပေးဘဲ ဓါးနှင့် လိုက်ခုတ်သည်။ တောကြီးတစ္ဆေသည် ဖမ်းမရနိုင်၍ အကြီးအကျယ် ဒေါသထွက်လာသည်နှင့် တူသည်။ နောက်ဆုံးတွင် ခြေထောက်နှင့် ဘောလုံးကန်သလို ပင့်ကန်လိုက်သဖြင့် ဦးကျောက်လုံး မိုးပေါ်သို့ မြောက်တတ်သွားလေသည်။
“ဒီတော့ ဦးကြီးကျောက်လုံး သေရောလား”
“မသေဘူးကွ၊ တစ္ဆေကြီးက ပင့်တင်လိုက်လို့ ပြန်အကျမှာ မြေပြင်ကို တစ်ချိန်တည်း မကျဘဲ လက်ချင်းယှက်နေတဲ့ ဝါးတောကြားက ချောင်းအိုင်ထဲ သွားကြတာကြောင့် လွတ်လာခဲ့တယ်လို့ ဆိုတယ်”
“ဒီတော့ ဦးကျောက်လုံးက တောကြီးတစ္ဆေကို ကြောက်သွားရောလား”
“မကြောက်ဘူးကွ၊ နောက်လည်း သူတစ်ယောက်တည်း တောင်ယာကိုသွားပြီး အသီးအနှံတွေ ခူးဆွတ်သေးတယ်လို့ ဆိုတယ်။ ဒါပေမဲ့ ညတော့ မအိပ်တော့ဘူးတဲ့”
“ညမအိပ်ရဲတော့ဘူးဆိုရင် ကြောက်လို့ပဲ ဖြစ်မှာပေါ့ ဦးကြီးရဲ့”
“ကြောက်လို့ မဟုတ်ပါဘူးတဲ့၊ အားချင်းမတူလို မာန်လျှော့ လိုက်ရတဲ့သဘောလို့ ဆိုတယ်”
“အားချင်းမတူလို့ မာန်လျှော့လိုက်ရတာ ကြောက်တာလို့ မခေါ်ဘူးလား ဦးကြီး”
“ဒီလိုပြောလို့ ဘယ်ရမလဲကွ၊ ဥပမာ လူပိန်တစ်ယောက်နဲ့ လူသန်တစ်ယောက် ဆိုပါတော့ . . . သူတို့နှစ်ယောက် ယှဉ်သတ်ကြရင် လူသန်က နိုင်နိုင်ပေမယ့် လူပိန်မှာ ဓါးနဲ့၊ လူသန်မှ လက်ချည်းဆိုရင် လူသန်ကပဲ လက်လျှော့ရတော့မှာပေါ့၊ ဒီသဘောပါပဲ”
လူငယ်ကာလသားများ တစ်အောင့်ကြာအောင်အထိ ငြိမ်ကျသွားကြသည်။ ထူးဆန်းသော တောကြီးတစ္ဆေအကြောင်းကြောင့်သူတို့ မကြားဖူးသည့် အံ့ဩဖွယ်ရာများနှင့် ပတ်သက်၍ အတော်လေး ပြည့်ပြည့်စုံစုံ သိလိုက်ကြရသည်။
“ကဲ . . . မင်းတို့ခေတ်လူငယ်တွေက တစ္ဆေ၊ သရဲအကြောင်းတွေနဲ့ ပတ်သတ်လို့ မယုံကြည်ဘူး၊ မဖြစ်နိုင်ဘူး၊ လက်ခံနိုင်စရာမဟုတ်ဘူးလို့ဆိုရင် သူတို့ရွာကို ကိုယ်တိုင်သွားပြီး၊ မေးကြည့်ကြ။ ဒါပေမဲ့ ဦးကျောက်လုံးနဲ့ တောကြီးတစ္ဆေတို့ ရင်ဆိုင်သတ်ကြတုန်းက ဆိုရင် အဲဒီအဖြစ်အပျက်ဟာ ဟိုးလေတကျော်ဖြစ်ပြီး သူတို့ရွာသားတွေအပြင် အခြားအနီးအနား ရွာတွေကပါ ကြားသိကုန်ကြတယ်။ ဒါကြောင့် မင်းတို့ သွားမေးရင် လူတိုင်းကပဲ ပြောကြပါလိမ့်မယ်”
ဆက်လက်ပြီး ဦးအောင်သိန်းသည် စစ်ပြေးဒုက္ခသည်များ ထဲက လူနှစ်ယောက် တိုက်ချောင်းနှင့် သံပရာချောင်းများ (စဉ်ချောင်း) တွင် ကြုံတွေ့ခဲ့ကြရသည့် တစ္ဆေများကို ပြောပြသည်။
“တိုက်ချောင်းနဲ့ သံပရာချောင်းဖျား (စဉ်းကျော်) က တခြားစီး မဟုတ်ဘူးလား ဦးကြီး”
ဟု မေးနေကျ လူငယ်ကပင် သူမရှင်းသည်ကို လိုက်မေး သည်။
“အင်း . . . ခုနက ပြောခဲ့တဲ့ သံပရာချောင်းနဲ့ အခုပြောမယ့် သံပရာချောင်းက မတူဘူးကွ။ အစဦးပြောခဲ့တဲ့ သံပရာချောင်းက တိုက်ချောင်း အဝဘက်မှာရှိပြီး အခုပြောမယ့် သံပရာချောင်းက စမ်းချောင်းထဲက ခွဲထွက်လာပြီး တိုက်ချောင်းဖျားမှာ လာဆုံတယ်။ စမ်းချောင်းဆိုတာကလည်း တို့ဘက်က ဓါတ်တော် (ယခုအခေါ်အောင်သပြေ) ရွာသားတွေ ဆေးရွက်ကြီးစိုက်ကြတဲ့ စမ်းချောင်းကိုပြောတာ။ ဒါကြောင့် မင်းတို့ကို အစဦးဆုံး ပြောခဲ့တဲ့ သံပရာချောင်းက စမ်းချောင်းခွဲ၊ တိုက်ချောင်းဖျားဘက်မှာရှိတာ”
“ဟုတ်ကဲ့၊ တိုက်ချောင်းထဲမှာ တစ္ဆေတွေ တော်တော်ပေါ်တယ်လို့ ပြောရမလားဘဲနော်”
“ဒါကတော့ နီးစပ်မှုရှိတဲ့ နေရာတွေက အကြောင်းအရာတွေကို အလျဉ်းသင့်သလို ပြောရတာပေါ့။ အခြားနေရာတွေမှာလည်း အလားတူ တစ္ဆေအကြောင်းတွေကတော့ အများကြီးပဲ ရှိကြပါတယ်”
“အဲဒီခေတ်က တစ္ဆေတွေ ပေါလှချည်လားဦးကြီး။ ဒီခေတ်မှာတော့ တစ္ဆေတွေအကြောင်း သိပ်ပြီးတောင် မကြားဖူးတော့ဘူး”
“အဲဒီခေတ်မှာ တစ္ဆေတွေ ပေါတယ်ဆိုတာက အစိမ်းသေကြတဲ့လူတွေ များလို့ကွ။ စစ်ကြီးဖြစ်နေတဲ့အချိန်ဆိုတော့ လေယျဉ်က ဗုံးတစ်ချက်ကြဲလိုက်တယ်ဆိုရင်ပဲ လူတွေသေကြတာ။ သောက်သောက်လဲလို့ မကြည့်ဝံ့၊ မမြင်ဝံ့လောက်အောင်ပါပဲ။ အလားတူ စစ်ဘေးစစ်ဒဏ်နဲ့ ပတ်သက်လို့ တိုက်ပွဲဖြစ်လို့ အချင်းချင်း ပစ်ခတ်သတ်ဖြတ်လို့ သေကြတာတွေဟာလည်း နေရာတကာမှာ ဆိုသလို မြောက်များစွာပါပဲ။ ဒါကြောင့် အဲဒီလို အစိမ်းသေနဲ့ သေကြတဲ့လူတွေများလို့ တစ္ဆေအဖြစ် များတာပေါ့”
နေလုံးကြီးက အနောက်ဘက်တောင်စွယ်မှ သစ်အုပ်နှင့် ထိကပ်နေလေပြီ၊ မကြာမီ အချိန်အတွင်း နေလုံးကြီး ငုပ်လျှိုးတော့မည်။ ထို့ကြောင့် ဦးတင်လှမောင်နှင့် ဦးစံဘိုတို့ ခပ်သုတ်သုတ်နှင်ကြသည်။
ဦးတင်လှမောင်နှင့် ဦးစံဘိုတို့မိသားစုနှစ်စုက တိုက်ချောင်းမှာ စစ်ပြေးခိုလှုံနေကြခြင်းဖြစ်သည်။ ရွာတွေကို စစ်လေယျဉ်တွေက ဆတ်ကာ ဆတ်ကာ ဗုံးကြဲလာသဖြင့် သူတို့လည်း ရွာမှာမနေရဲကြတော့ဘဲ တိုက်ချောင်းထဲရှိ လယ်၊ ကိုင်း၊ ကြံခင်းလုပ်ကိုင်စားသောက်နေကြသည့် တဲစုဆီသို့ ပြောင်းပြေးလာခဲ့ကြသည်။
သူတို့မိသားစု တိုက်ချောင်းသို့ရောက်၍ နေထိုင်ရန် တဲရုံကြီးဆောက်လုပ်ပြီးသော နေ့မှာပင် (သည့်နေမှာပင်) အော်သကဲရွာကို ဗုံးကြဲခံရသည့် သတင်းကြားသိကြရသည်။ လူငါးယောက် သေဆုံးသွားရသည့်အထဲတွင် နွားလည်း သုံးကောင်သေဆုံးသွားသေးသည် ဟု ဆိုသည်။ လူငါးယောက် သေဆုံးသွားသည့်အထဲတွင် ဦးတင်လှမောင်တို့နှင့် ကျောင်းနေဖတ်သူငယ်ချင်း ဦးခင်မောင်သိန်း တစ်ယောက်လည်း ပါဝင်သည်ဟု ဆိုသည်။
ထို့ကြောင့် ဦးတင်လှမောင်နှင့် ဦးစံဘို ထိုသတင်းကို ကြားလျှင်ကြားခင်း ဦးခင်မောင်သိန်း၏ သင်္ဂြိုဟ်ရန် တိုက်ချောင်းမှ ချက်ချင်း ထွက်လာခဲ့ကြသည်။ ထိုမှ စမ်းချောင်း၊ ချောင်းသာ၊ ချောင်းသာမှတစ်ဆင့် အိမ်တစ်ဆယ်ကျော်မျှသာရှိသော အော်သကဲ့ရွာလေးသို့ ရောက်လာကြသည်။
လူတွေ ဝိုင်းအုံကြည့်နေကြသည့် ချောင်းထဲက ခမောင်းပင်အောက်တွင် မြင်မကောင်းစွာနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြသည့် လူသေငါးလောင်းနှင့် နွာသေသုံးကောင်တို့ကို ရင်နှင့်ဖွယ်ရာ တွေ့ကြရလေသည်။ လူသေငါးလောင်း၌ ဦးခင်မောင်သိန်း အပါအဝင် ယောကျာ်းသုံးလောင်းနှင့် မိန်းမနှစ်လောင်း ဖြစ်သည်။ သေဆုံးသူများနှင့် သွေးသားတော်စပ်သူတို့ အလောင်းနားတွင် ထိုင်၍ ငိုနေကြသည်။
သို့သော် စစ်ကြီးဖြစ်နေချိန်ကြောင့် အစိမ်းသေလည်းဖြစ်၍ အသုဘ အလောင်းမွေးခြင်းကို မပြုနိုင်ကြပေ။ ရပ်ဝေးမှာ ရှိနေကြသည့် ဆွေမျိုးတွေကိုလည်း သွားမခေါ်နိုင်ကြ။ သတင်းကြားသိရာမှ ရောက်လာကြသည့် လူစုတွေနှင့် ရွာသူရွာသားများစုပေါင်းပြီး အကျဉ်းရုန်း၍ သင်္ဂြိုဟ်လိုက်ကြရသည်။
ထို့နောက် နွားသေသုံးကောင်ကိုလည်း “စားလိုသူများ အသား ဖျက်ယူကြပါ” ဟု ရွာသားတွေက ခွင့်ပြုကြသည်။ သူတို့နှစ်ယောက်လည်း သွေးသံရဲရဲနှင့် လူသေအလောင်းတွေကို မြင်လိုက်ရ၍ သိပ်ပြီး အမဲသားစားလိုစိတ် မရှိကြသော်လည်း အိမ်သူအိမ်သားကလေးများအတွက်ဟု အမဲတစ်ယောက်တစ်ပေါင်းစီ ထမ်းလာခဲ့ကြသည်။
“တင်လှမောင် . . . နေလုံးကွယ်သွားပြီကွ။ တို့ အမဲသားတွေ ထမ်းပြီး တောလမ်းကသွားလို့ တော်ပါ့မလား” ဟု ဦးစံဘိုက မေးပြော ပြောသည်။ ဦးစံဘိုကပြောလိုက်၍ ဦးတင်လှမောင်လည်း အနည်းငယ်မျှ တွေဝေသွားသည်။
“ညကို အမဲသားတွေနဲ့ တောလမ်းကသွားရင် ဆင်ခြင်ရတယ် နော်”
ဟု ဦးစံဘိုက ထပ်၍ ပြောပြန်သည်။
“အေး . . . ငါလည်း အစဦးကပင် ဒီကိစ္စကိုတော့ ထည့်စဉ်းစားမိတယ်”
အမဲသားဟူသည် အညှီအဟောက်ဖြစ်သည်။ တောရဲသားကောင်များ အလွန်အမင်းကြိုက်သော အစာအာဟာရလည်း ဖြစ်သည်။ ထို့ကြောင့် တောလမ်းခရီး၌ ညအချိန် သားစိမ်းငါးစိမ်းနှင့် သွားကြရာတွင် အလွန်အမင် သတိထားကြရသည်။ သတိထားရရင်းကပင် ကျား စသော အသားစား တောရဲတွေနှင့် ရင်ဆိုင်ရတက်လေသသည်။
“မထူးပါဘူးကွာ၊ အမဲသားတွေကို ယူလာလို့ လမ်းတစ်ဝက်တောင် ရောက်နေပြီပဲ။ မတော်တဆ ဟင်းကောင်းတွေနဲ့ ရင်ဆိုင်ရရင်လည်း တို့မှာ ဓါးရော၊ လှံရော ကိုယ်စီပါလာကြတာပဲ။ အပိုအလွန် ကြောက်စရာမလိုပါဘူး”
ဟု ဦးတင်လှမောင်က ပြောသည်။
(ဟင်းကောင်းဟူသည်မှာ ကျားကို ပြောခြင်းဖြစ်သည်။ တောထဲ၌ ကျားဟု မပြောရ။ တောစောင့်နတ်တို့ မကြိုက်လျှင် တောတိုက်ခြင်းကို ချက်ချင်းခံရတတ်ကြောင်း တောသူတောင်သားတို့ ယုံကြည်ကြသည်။)
ဇာတ်သိမ်းပိုင်းမျှော်….။