ဦးတင်လှမောင်နှင့် ဦးစံဘိုတို့မှာ တောလမ်းသွားကြမည့်ဖြစ်၍ ခေတ်ပျက်ကြီးနှင့်လည်း ကြုံနေကြရသဖြင့် ကိုယ်ရံစောင့်အဖြစ် လှံကြီးတစ်ချောင်းနှင့် ဓါးမတစ်ချောင်း၊ တစ်ယောက်လက်နက်နှစ်ခု ယူလာကြသည်။
“ဒီလိုဆိုရင်လည်းကွာ၊ မပြောကောင်း၊ ပြောကောင်း ဟင်းကောင်နဲ့သာ ရင်ဆိုင်ရရင်တော့ မင်း အသားထမ်းကိုပဲ ဖြစ်ဖြစ်၊ ငါ့ အသားထမ်းကိုပဲဖြစ်ဖြစ် ချပစ်ခဲ့မှ ဖြစ်မယ်နော်။ အဲဒါတော့ သတိရှိဖို့ လိုလိမ့်မယ်”
သူတို့နှစ်ယောက် ခပ်မှန်မှန်လျှောက်လာကြရင်း နေလုံးလည်း ကွယ်သွားလေသည်။ သို့သော် အော်သကဲ၊ ချောင်းသာ၊ ချောင်းသာမှ စမ်းချောင်းဟု ဖြတ်လမ်းတွေကိုချည်း ဖြတ်လျှောက်ခဲ့ကြ၍ ခရီးက သိပ်မရှည်တော့ပေ။ လေးပုံတစ်ပုံခန့်မျှ တိုသွားလေသည်။ သို့သော်လည်း သူတို့ ယခု စစ်ပြေး ခိုလှုံနေကြသည့် တိုက်ချောင်းထဲသို့ ရောက်အောင်တော့ သံပရာချောင်းဖျားမှ တိုက်ချောင်းသို့ ရောက်အောင်တော့ သံပရာချောင်းများမှ တိုက်ချောင်းသို့ ရောက်အောင် တောလမ်းချည်းသက်သက် တစ်နာရီခွဲမျှ လျှောက်ကြရပေဦးမည်။
ဖြတ်လမ်းက လူသွားလူလာနည်းသဖြင့် သိပ်ပြီး ထင်ထင်ရှားရှား မရှိသည့်အထဲ မိုးချုပ်နေပြီဖြစ်သဖြင့် ပိုမိုသတိထားသွားလာရသည်။ သတိထားနေရင်းကပင် အမှောင်ထဲ၌ လမ်းကြောင်းက ပျောက်ချင်ချင် ဖြစ်လာသည်။ ထို့ကြောင့် လမ်းကြောင်းကိုချည်း အာရုံစိုက်ကာ လျှောက်နေကြရ၍ ခရီးလည်း သိပ်ပြီး မတွင်နိုင်တော့။
လူနှစ်ယောက်က တောသားကြီးများပီပီ အကြောက်အလန့်နည်းပြီး ကျားမကြောက်၊ ဆင်မကြောက်၊ တောလမ်းခရီးကို ရဲရဲလျှောက်ဝံ့ကြ၍ တော်သေးသည်။ ကျား၊ ဆင်၊ မြွေ၊ ကင်း စသည်တွေကိုသာ ကြောက်လန့်စိုးရိမ်တတ်လျှင် သည်လို မိုးချုပ်နေပြီးဖြစ်သောအချိန်၌ တောနက်သော သည်ခရီးကို စဉ်းပင် စဉ်းစားဝံ့ ကြမည်မဟုတ်။
သည်အချိန်အခါသည် ပိုမိုစိုးရိမ်ရသည်။ လွန်ခဲ့သော (ငြိမ်းချမ်းသည့်) အချိန်ကာလနှင့် လုံးဝမတူ။ စစ်ကြီးဖြစ်နေချိန်ကြောင့် လူတွေမှာလည်း ခြံစည်းရိုးစသော အရံအတားမရှိ။ လုံခြုံသော အဆောင်အအုံမရှိ။ ဖြစ်သလို နေထိုင်ကြသည်ကြောင့် ရိုးမကြီးနှင့် ထိစပ်နေ၍ ကျားတို့၏ရန်က ယခင်ကထက် အဆပေါင်းများစွာ တိုးလာခဲ့သည်။
ကျားများသည် သခင်မဲ့နေသော ကျွဲ၊ နွားများကို ကိုက်သတ်စားရင်းက ယခုအခါတွင် လူတွေကိုပါ ကိုက်ဖြတ်စားလာကြလေသည်။ လူတွေကို စ၍ ကိုက်ခြင်း၏ အဓိကအကြောင်းအရင်းမှာ စစ်သေနတ်ဒဏ်၊ ဗုံးဒဏ်တို့နှင့် သေးဆုံးကြရသောအခါ လူသေအလောင်းများ များပြားလာ၏။ ထိုအခါ ရွာသူရွာသားတွေကလည်း ဟိုဟိုသည်သည် ပြေးလွှား ပုန်းခိုနေကြရ၍ ပတ်ဝန်းကျင်ရှိ လူစုအနည်းငယ်နှင့်ပင် ဖြစ်သလို သင်္ဂြိုဟ်ကြရသည်။
ထို့ကြောင့် များပြားသော အလောင်းတွေကို သင်္ဂြိုဟ်ရာ၌ လုံခြုံမှုအားနည်း၍ အနံ့အသက်ထွက်ရာမှ ခွေးအ (ခဲဝါ) တို့၊ ကျားတို့၊ ဖောင်စားရင်းက လူသားစားရသော ကျားများ ပိုမိုရဲရင့်လာပြီး သက်ရှိလူတွေကိုပါ တွေ့မရှောင်တော့။ ယခုအခါတွင် ကျားတွေကို အထူးဂရုစိုက် လာရတော့သည်။ စစ်ဘေးစစ်ဒဏ်ကို ကြောက်နေကြရသည့်အထဲက တောတောင်နှင့် မကင်းသည့် နေရာဒေသများမှာ နေထိုက်ကြရသူများအဖို့ ကျားတွေကို အကြောက်ကြီး ကြောက်လာကြရသည်။
“လမ်းဘေးက အကောင်ဗလောင်တွေ သေလို့ ပုပ်တာများလားကွာ”
ဟု ဦးတင်လှမောင်က ပြောသည်။
“မဖြစ်နိုင်ဘူးကွ၊ လမ်းဘေးက ပုပ်တာဆိုရင် တို့အလာတုန်းကလည်း ဒီလမ်းက လာခဲ့ကြတာပဲ။ အဲဒီတုန်းက ဘာအပုပ်နံမှ မရခဲ့ပါလား”
သူတို့နှစ်ယောက် အပုပ်နံ့နံသည်ကို ဝေဖန်ရင်း ခပ်မှန်မှန်လျှောက်လာရင်း အပုပ်နံ့ ပျောက်သွားလေသည်။ ထို့နောက် ဆက်လျှောက်၍ သိပ်ပြီးမကြာ၊ သံပရာချောင်းနှင့် တိုက်ချောင်းစဉ်းကျော်သို့ အရောက်တွင် တောင်ကမ်းပါးယံရှိ ညောင်ပင်ကြီးဆီက အမျိုးသမီးတစ်ယောက်၏ ဆွဲဆွဲငင်ငင် ရယ်မောသံကို ကြားလိုက်ရလေသည်။
သူတို့နှစ်ယောက် တုန့်ခနဲ ရပ်သွားကြသည်။ ရယ်သံကို အာရုံစိုက်၍ နားထောင်ကြည့်သည်။ ဟုတ်သည်။ အမျိုးသမီးတစ်ယောက်၏ ရယ်မောသံ။
“ဒါ လူမဖြစ်နိုင်ဘူးကွ၊ လူသာဆိုရင် တို့နှစ်ယောက်အလာတုန်းက တွေ့ခဲ့မှာပေါ့။ အခု အလာတုန်းက လူကိုရော လူနေအဆောက်အအုံတွေကိုပါ တစ်ခုမှ မတွေ့ခဲ့ဘူး။ ဒါကြောင့် ညကြီး သန်းခေါင်ကြီး သရဲမရယ်သံပဲ ဖြစ်မယ်”
ဟု ဦးစံဘိုက ပြောသည်။ ရယ်သံကြားရသည်မှာ သိပ်ပြီး ဝေးသည်တော့မဟုတ်။ သူတို့နှစ်ယောက် သွားနေကြသည်က ချောင်းလမ်းဖြစ်ပြီး ရယ်သံက တောင်ကမ်းပါးယံက ဖြစ်သည်။ အလွန်ဆုံး တစ်ဖာလုံမျှသာ ကွာပေမည်။
“ဒီလောက်ဆိုရင် ငါ သိပြီ။ တင်လှမောင်၊ ဒါ တစ္ဆေရယ်သံ အမှန်ပဲ။ ဒီနှစ်ဆန်းပိုင်းက ဒီအနားမှာ တဲထိုးနေကြတဲ့ စိုင်ဘောင် စစ်ပြေး မိသားစုသုံးစုကို လေယာဉ်က ဗုံးကြဲလို့ ကလေးနှစ်ယောက်နဲ့ လူကြီးသုံးယောက်သာ ကျန်ပြီး အခြားလူတွေအားလုံး သေဆုံးသွားကြတယ်လို့ ဆိုတယ်။ ဒါကြောင့် သူတို့ တစ္ဆေဖြစ်ပြီး ရယ်မောနေကြတာ ဖြစ်မယ်”
“ဖြစ်နိုင်တယ်ကွ၊ ခုတင်က အပုပ်နံ့ကလည်း ဒီအကောင်တွေပဲ ဖြစ်မယ်။ သူတို့အထဲက ဟိုဟိုဒီဒီ လျှောက်သွားနေတဲ့ကောင်တွေ တို့နဲ့တွေ့လို့ အနံ့နဲ့ ခြောက်လှန့်ကြည့်ပေမယ့် တို့က တာဖြစ်နိုင်တယ်။ ဒီအတိုင်းသာဆိုရင် တို့နှစ်ယောက် ဒီအကောင်တွေနဲ့ ရင်ဆိုင်ရလောက်တယ်ကွ”
“ဒီတော့ မင်းတစ္ဆေကို ကြောက်သလား”
“မကြောက်ပါဘူး”
“အေး ငါလည်း မကြောက်ဘူး၊ ဒီအကောင်တွေ အနှောင့်အယှက်ပေးလာရင်လည်း ဓါးနဲ့ လိုက်ခုတ်၊ လှံနဲ့ လိုက်ထိုးကြရုံပဲပေါ့ကွာ”
သူတို့နှစ်ယောက် အသံခပ်ကျယ်ကျယ်နှင့် ပြောနေကြရင်းနှင့်ပင် တစ္ဆေမ၏ ရယ်သံတိတ်သွားလေသည်။ သို့သော် လုံးဝပျောက်သွားသည်ကား မဟုတ်ပေ။ တစ်ဆက်တည်းဆိုသလိုပင် ညောင်ပင်ကြီး၌ ရှိနေကြသည့် တစ္ဆေတွေ အားဖြည့်ကာ ညာသံပေး၍ ဆင်းလာကြပြီး ဦးတင်လှမောင်နှင့် ဦးစံဘိုတို့အား ဝိုင်းကြလေသည်။
တစ္ဆေတွေကလည်း အကြီးအငယ်အားလုံး ဦးရေတစ်ဆယ်ကျော်မျှ ရှိသည်။ အမှောင်ထဲမှာကြောင့် အရုပ်သဏ္ဌာန်တွေကမည်သို့ မည်ပုံရှိသည်ကို တိကျစွာ မမြင်နိုင်သော်လည်း တစ္ဆေအားလုံးမှာ မည်းမည်းမှောင်မှောင်တွေချည်းသာ ဖြစ်သည်။
ဦးတင်လှမောင်နှင့် ဦးစံဘိုတို့လည်း တစ္ဆေကို မကြောက်တတ်သူများဖြစ်၍ ကြံ့ကြံ့ခံကာ တိုက်ခိုက်ကြလေသည်။ ဦးစွာ ဦးတင်လှမောင် ထမ်းလာသော အမဲပေါင်ကို ပစ်ချလိုက်ပြီး ဦးတင်လှမောင်သည် အမဲပေါင်ကို ပေးကောက်သော တစ္ဆေအား လှံနှင့် လိုက်ထိုးသည်။ ဓါးမနှင့်လည်း လိုက်ခုတ်သည်။
ဦးတင်လှမောင်ကပင် လောကြီးနေ၍လား၊ တစ္ဆေကပင် အရှောင်အတိမ်ကောင်း၍လား၊ သည်လိုမှမဟုတ် အရောင်အဆင်းမျှ ရှိ၍လေကဲ့သို့ ဖြစ်နေသော ကြောင့်ပင် ထိုး၍မထိ၊ ခုတ်၍မရ ဖြစ်နေလေသည်လား မခွဲခြားနိုင်ဘဲ နောက်ဆုံးတွင် တစ္ဆေတွေ တစ်ကောင်တလေမျှ မသေဘဲ အမဲပေါင်ကြီးကိုသာ ကောက်ပြေးသွားကြလေသည်။
သို့သော် ဤမျှနှင့်လည်း မပြီးသေးပေ။ ချက်ချင်းပင် နောက်တစ်ကြော့ ပြန်လာပြီး ဦးစံဘိုဆီက အမဲသားပေါင်ကို လုရန် ဝိုင်လာကြာပြန်သည်။ ထို့ကြောင့် ဦးတင်လှမောင်က အတတ်နိုင်ဆုံး ကာကွယ်သည်။ ကာကွယ်သော်လည်း မရ၊ လှံနှင့် လိုက်ထိုး၊ ဓါးနှင့် လိုက်ခုတ်နေရင်းကပင် ဦးစံဘိုဆီက အမဲပေါင်ကြီး တစ္ဆေများ လက်ထံသို့ ပါသွားပြန်လေသည်။
ထို့ကြောင့် ဘာမျှ မတတ်နိုင်ကြတော့။
တစ္ဆေများသည် အမဲပေါင်နှစ်ခုစလုံးကို ရသွား၍ ကျေနပ်သွားကြဟန်ရှိသည်။ ဦးတင်လှမောင်နှင့် ဦးစံဘိုတို့အား ဆက်လက်၍ အနှောက်ယှက်မပေးတော့ဘဲ တဟားဟား ရယ်မောရင်းက သူတို့နေရာ ညောင်ပင်ကြီးဆီသို့ ပြန်သွားကြလေသည်။
“ဒီတော့ ဦးကြီး အဲဒီလောက်ထိ ထိုးကြ၊ ခုတ်ကြတာ တစ္ဆေတွေ တစ်ကောင်မှ မသေဘူးတဲ့လား”
“မသေဘူးလို့ ပြောတယ်”
“တစ္ဆေတွေက အမဲသားတွေကို အတင်းလုသွားကြတော့ အားလုံး ပါသွားရောလား”
“ပါသွားတာပေါ့ကွ၊ တစ္ဆေတွေက အမဲသားစားချင်းလို့ လိုက်လုကြတာပဲ”
“တစ္ဆေတွေကလည်း ရဲလိုက်တာနော်။ ဦးတင်လှမောင်နဲ့ ဦးစံဘိုတို့က တစ္ဆေကို မကြောက်တတ်ကြလို့ တော်သေးတာပေါ့။ ကျွန်တော်တို့ လိုသာဆိုရင်တော့ အခက်ပဲ”
“တစ္ဆေကို ကြောက်တတ်တဲ့ လူတွေသာဆိုရင် ရူးသွားနိုင်တာပေါ့ကွာ”