Ghost Story

သင်္ချိူင်းစောင့်သရဲ(အပိုင်း-၂)

စကားနည်းတဲ့သံဃာတော်က…မမိန့်စဖူးမိန့်လိုက်လို့စိတ်ဝင်စားနေကြပေမယ့်…လူတွေရဲ့အာရုံကတော့မကြာခင်စတင်တော့မယ့်…နတ်ပွဲဆီကိုပဲရောက်နေကြတော့တာပေါ့။
ဒီလိုနဲ့နတ်ပွဲစတင်တဲ့နေ့ကိုရောက်ရှိလာတယ်။
နတ်ဆရာကခပ်ပိန်ပိန်…အသက်၅၀လောက်ရှိပြီး…လည်ကတုံးအဖြူရောင်…ယောလုံချည်အနက်ရောင်ကိုဝတ်ဆင်ထားကာ…လူတွေလေးစားလောက်မယ့်ဥပဓိရုပ်ကိုပိုင်ဆိုင်ထားဟန်တူပါတယ်။
လူတွေကလည်းနတ်ဆရာကို…ကြည့်ပြီးတီးတိုးကာအမျိူးမျိူးဝေဖန်နေကြလေရဲ့….။
နတ်ပွဲကစပါပြီ။ဝိဇ္ဇာတွေမျိူးစုံပင့်၊ဆိုင်ရာပိုင်ရာနတ်တွေကိုပင့်ဖိတ်ပြီးနောက်…ထုံးစံအတိုင်းရွာတော်ရှင်အဘိုးနဲ့စီးတော်ကျားနှစ်ကောင်၊တောင်ပိုင်အဘိုးနဲ့စီးတော်ကျားနဲ့…မွေးထားတဲ့မျောက်နတ်တွေကိုပင့်တယ်။
နောက်တော့သက်ဆိုင်ရာနတ်တွေကို…ပင့်ဖိတ်ပြီးဆိုချင်ရာသီချင်းဆို…နတ်တွေကလည်းကချင်ရာကကြနဲ့…ဘာရယ်တော့မဟုတ်ဘူး….မသိတတ်သေးတဲ့ကလေးဘဝဆိုတော့ကြည့်လို့တော့အကောင်းသား….။
ဒီနေရာမှာပူးကပ်ပြီးဝင်တဲ့နတ်စိမ်းတွေအကြောင်းနည်းနည်းရှင်းပြချင်ပါတယ်။
အဘိုးနတ်ဝင်လာပြီဆိုရင်လည်း…ဘယ်သူ့ကိုပဲပူးကပ်ပါစေ။
တုန်တုန်တုန်တုန်နဲ့တကယ့်အဘိုးအိုတစ်ယောက်လို…ဝင်လာတတ်တယ်။
စီးတော်ကျားနတ်သွင်းပြီဆိုရင်လည်း…ဆိုင်းဆရာကဗိန်းမောင်းတီးလိုက်တဲ့အခါ…ဝင်တဲ့သူကနောက်ဂျွမ်းပစ်ပြီးတကယ့်ကျားစတိုင်လ်ဝင်လာတတ်တယ်။
ပြီးရင်အခွံတွေမွှထားတဲ့အုန်းသီးကိုကျားရှေ့ပစ်ပေးလိုက်တဲ့အခါ…ကျားနတ်ဝင်ထားတဲ့သူကသွားတွေနဲ့ကိုက်ဖဲ့…ခေါင်းနဲ့ရိုက်ခွဲတော့တာပဲ…။(မနာဘူးလားမသိပါဘူး)
မျောက်နတ်ခေါ်လို့…ဝင်လာရင်လည်းကလေးတွေကိုပဲဝင်ပူးတာများတယ်။
ပြီးရင်တကယ့်မျောက်လိုဖင်ကုတ်ခေါင်းကုတ်နဲ့…လျှောက်ကမြင်းတော့တာပဲ။
ဘေးနားမှာရှိနေတဲ့မိန်းမတွေကိုလည်း…သန်းရှာပေးတတ်ပြန်တယ်။
ဒါကိုမိန်းမတွေကလည်း..ဝမ်းပန်းတသာနဲ့အတင်းခေါင်းထိုးပေးကြလေရဲ့…။
သူတို့အပြောဆို…ကံအရမ်းကောင်းတယ်ဆိုပဲ။(ဟုတ်လားမဟုတ်လားတော့မသိပါဘူး။မျောက်သန်းရှာတာကလည်းတစ်ခေါင်းလုံး…ဖွာလန်ကျဲပြီးသရဲမကြီးကျလို့)
ကျနော်တို့မြို့ကရွှေကျင်မြို့နဲ့…နီးတော့ရွှေကျင်မြို့စောင့်…ဘီလူးညီနောင်ဖြစ်တဲ့…ရွှေကျင်ကိုကိုကြီး၊ကိုကိုလေးတို့ကိုခေါ်ပြန်တယ်။
သူတို့ဝင်လာရင်ပုလင်းကွဲတွေခင်းထားတဲ့အပေါ်ကိုနင်းပြကြတယ်။
တစ်ကိုယ်လုံးနေရာအနံှ့ကိုလည်း…မီးတုတ်တွေနဲ့မြှိုက်ပြကြတယ်။
လူတွေကလည်းလက်ခုပ်လက်ဝါးတွေတီးလို့ပေါ့။ခေါ်တဲ့နတ်တွေကလည်းအစုံပါပဲ။
ဗျတ်ဝိဗျတ်တညီနောင်၊ပန်းစားဘီလူးမမယ်ဝဏ္ဍ၊ရွှေဖျင်းညီနောင်၊မရွှေဥနတ်၊ကိုရင်မောင်နတ်၊ပန်းပဲဦးတင့်တယ်၊မနှဲလေး၊မြင်းဖြူရှင်၊နံကရိုင်းမယ်တော်၊ကိုအောင်နိုင်နတ်၊အသားမင်းသား…စုံလို့ပါပဲ။
ရေးပြရင်ကုန်နိုင်စရာမရှိဘူး။
နောက်ဆုံးနေ့ညရောက်တော့…တစ်မြို့လုံးကလူတွေအကုန်လုံးနီးပါး…လာကြည့်ကြပြီ။
ဦးရှင်ကြီးနတ်၊ကုလားမီးနင်းနတ်နဲ့ကျနော်တို့စိတ်အဝင်စားဆုံး…ဂေါက်ကွင်းကသရဲတွေကိုပါခေါ်တော့မယ်လေ။
ပေနှစ်ဆယ်လောက်ရှိတဲ့စားပွဲရှည်ကြီးပေါ်မှာလည်း…အသားစိမ်းငါးစိမ်းတွေကလည်းနည်းတာမဟုတ်ဘူး။
ဝက်ခေါင်းအစိမ်း၊နွားခေါင်းအစိမ်းတွေနဲ့ငါးအရှင်တွေတောင်ပါလိုက်သေး….။
သက်ဆိုင်ရာနတ်တွေကိုခေါ်ကာပြန်ပို့ပြီးတဲ့နောက်…နောက်ဆုံးကျနော်တို့မျှော်လင့်နေတဲ့…သရဲခေါ်ပွဲကြီးစပါပြီ။
နတ်ဆရာက…အသံချဲ့စက်ကိုဂေါက်ကွင်းဘက်လှည့်ခိုင်းလိုက်တယ်။
ပြီးနောက်…”အို…ဂေါက်ကွင်းဆီမှမကျွတ်မလွတ်သော…တစ္ဆေသရဲမြေဖုတ်ပြိတ္တာအပေါင်းတို့….ဒီနေ့ညသင်တို့အတွက်ပျော်ပွဲရွှင်ပွဲကြီးကျင်းပပေးမယ်…လာကြပါ။ဒီမှာသင်တို့…ကြိုက်နှစ်သက်သောအမဲသားငါးအစိမ်းတို့ကိုလာရောက်သုံးဆောင်ကြပါ။လာလော့…အစိမ်းသရဲအပေါင်းတို့”….ဆိုပြီးဝမ်းခေါင်းသံကြီးနဲ့ခေါ်လိုက်တယ်။
ဘာမှမကြာလိုက်…။ဘယ်ချိန်ကတည်းကစောင့်နေကြသည်မသိ…။တဝုန်းဝုန်းနဲ့ပူးကပ်ပြီးဝင်ချလာလိုက်တာ….အိုး….နည်းတာမှမဟုတ်တာ…။
အနည်းဆုံးအကောင်သုံးဆယ်လောက်ရှိမယ်။ပူးကပ်လာတဲ့သူတွေကလည်း…မြို့ထဲကအရက်သမား၊လူမိုက်၊လူရမ်းကားတွေချည်းပဲ….။သားစိမ်းငါးစိမ်းတွေကိုစားနေလိုက်ကြတာ..အလုအယက်ပဲ။တစ်ကောင်နဲ့တစ်ကောင်လည်း…စားမာန်ခုတ်နေကြပြန်သေးတယ်။ကြည့်နေရင်းနဲ့ကြောက်စရာကြီးတွေလိုဖြစ်လာတယ်။
ဆံပင်တွေဖို့ရို့ဖားရား၊မျက်လုံးကြီးတွေအစွမ်းကုန်ပြူးထားကာပါးစပ်ကြီးတွေကလည်း….ဟထားတာအကျယ်ကြီး…။
ဒါတောင်…ပုံစံအမှန်သရဲအစစ်တွေကိုမတွေ့ရသေးလို့။
လူအုပ်ကြီးကလည်းကြောက်ကြောက်နဲ့ကြည့်နေကြတယ်။
အသည်းငယ်တဲ့သူတွေကထွက်ပြေးကုန်ပြီ။
ဒီအချိန်မှာ….”ငါ့ကိုတော့မခေါ်ဘဲထားတာ…ဘယ်ကောင်လဲ”…ဆိုပြီးအသံနက်ကြီးနဲ့အတူကျနော်တို့ရပ်ကွက်ထဲက…အမဲသားရောင်းတဲ့နှုတ်ကြမ်းလျှာကြမ်းအဒေါ်ကြီးက…ကြောက်ဖို့ကောင်းတဲ့အသံနက်ကြီးနဲ့ခြေသံမြေကြီးတုန်လောက်အောင်ခပ်ပြင်းပြင်းပေးပြီး…ရောက်လာတယ်။
သားစိမ်းငါးစိမ်းစားနေကြတဲ့သူတွေလည်း…စားလက်စတွေပစ်ချပြီးနောက်ကိုပြန်လှည့်ပြေးကြတယ်။ကျနော်တို့လူအုပ်ကြီးလည်းကြည့်ုပြီး…အံ့သြနေတယ်။
နတ်ဆရာက…”ငါခေါ်တာကွ…နင်ကဘယ်သူတုန်း”….လို့ပြန်အော်လိုက်တဲ့အခါ….မိန်းမကြီးက…”နင့်အဆင့်လောက်နဲ့ငါ့ကိုလာမယှဉ်နဲ့။ငါကဒီသင်္ချိူင်းတစ်ခုလုံးကိုပိုင်တယ်။ငါ့ထက်ပိုပြီးကြီးတာမရှိဘူး…။ဒီသင်္ချိူင်းကိုလည်းငါစောင့်နေတာ…နင်သေချင်လို့လား”…ဆိုပြီးနတ်ပွဲတစ်ခုလုံးကြားသွားအောင်…နတ်ဆရာကိုအသံနက်ကြီးနဲ့အော်လိုက်တော့….နတ်ဆရာလည်း…”ကျနော်လိုအမိုက်ကောင်ကိုခွင့်လွှတ်ပေးပါ။ဒီမှာစိတ်တိုင်းကျသုံးဆောင်ပါ”…ဆိုပြီးလေသံပျော့လေးနဲ့တောင်းပန်တော့…သင်္ချိူင်းစောင့်သရဲလည်းနတ်ဆရာကို…မျက်ထောင့်နီကြီးနဲ့ကြည့်ကာ…စားပွဲပေါ်ကကျန်နေတဲ့အသားစိမ်းငါးစိမ်း၊ဝက်ခေါင်း၊နွားခေါင်းတွေကိုအားပါးတရ…စားသောက်နေတော့တယ်။
နတ်ဆရာရဲ့လုပ်ပုံကိုကြည့်ပြီး…ကျနော်တို့လည်းအတော်အံ့သြသွားတယ်။
ပြောတော့လည်းသူကိုယ်တိုင်နှင်ထုတ်ပေးမယ်ပြောပြီး…အခုတော့ချောင်ကွယ်လေးမှာ…မဝံ့မရဲရပ်ကြည့်နေတယ်။
လူတော်တော်များများတော့ကြောက်လို့ပြန်ကုန်ကြပြီ။
နတ်ဆရာတောင်မနိုင်ဘူးဆိုတော့…နောက်ဘာဆက်ဖြစ်မလဲမတွေးရဲတော့ဘူးလေ။
သင်္ချိူင်းစောင့်သရဲကြီးစားသောက်နေတာကြည့်ပြီး…တခြားသရဲတွေလည်းဝင်မပြောရဲ…။ဆိုင်းသမားတွေလည်းတုတ်တုတ်တောင်မလှုပ်ရဲကြ…။
သရဲဆိုစိတ်ဝင်စားတဲ့ကျနော်နဲ့…သတ္တိကောင်းသူယောကျာ်းသားကြီးနည်းနည်းလောက်ပဲအခြေအနေကြည့်ဖို့…ကျန်ရစ်ကျန်နေတဲ့အသားစိမ်းငါးစိမ်း၊ဝက်ခေါင်းနှစ်ခေါင်းနဲ့နွားခေါင်းတစ်ခေါင်းစားပြီးနောက်…ပါးစပ်မှာပေကျံနေတဲ့သွေးစိမ်းတွေကိုလျှာနဲ့လျက်လိုက်ပြီး….”ငါမဝသေးဘူး…ထပ်ရှာပေးဦး”…လို့ပြောလိုက်တော့ကျနော်တို့အံ့သြရပြန်တယ်။
ဒီအခါနတ်ဆရာကမျက်နှာတင်းလာပြီး…”ထပ်မရှာပေးနိုင်ဘူး။အစိမ်းသရဲကောင်ရဲ့…။နင်ဘာလုပ်ချင်လဲ”…ဆိုပြီးရှက်ရမ်းရမ်းပြီးပြောလိုက်တော့…သရဲကြီးက…ဘာမပြောညာမပြောနဲ့နတ်ဆရာဆီတဟုန်ထိုးပြေးသွားပြီး…ခေါင်းကိုထုချပစ်လိုက်တာ…နတ်ဆရာခေါင်းကသွေးတွေဟာမြင်မကောင်းဘူး။
နတ်ဆရာလည်းကြောက်ကြောက်လန့်လန့်နဲ့…ဆိုင်းဝိုင်းတွေနောက်ဝင်ပြေးပြန်တယ်။
သရဲကြီးကလည်းဆိုင်းဝိုင်းတွေကို…အကုန်ရိုက်ခွဲပြီးပြဿနာရှာပြန်တယ်။
ဆိုင်းဝိုင်းသမားတွေရော…ခုနကဝင်ပူးထားတဲ့သရဲတွေပါဘယ်ရောက်ကုန်မှန်းမသိကြတော့….။
ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်တယ်။
ကျနော်တို့လည်းထွက်ပြေးရနိုးနိုး…ကြည့်ရနိုးနိုးနဲ့ဖြစ်နေတုန်း…ချောင်မှာဝင်ပုန်းနေတဲ့…နတ်ဆရာကိုသရဲကြီးရှာတွေ့သွားခဲ့ပါပြီ။
သရဲကြီးကဘေးမှာအသင့်ရှိနေတဲ့…ရှမ်းရိုးရာနတ်တွေခေါ်တဲ့အခါသုံးတဲ့…ငှက်ကြီးတောင်ဓားနဲ့နတ်ဆရာကိုခုတ်ပိုင်းဖို့ရွယ်လိုက်စဉ်မှာပဲ….”ပြိတ္တာဆိုး…သင်တော်သင့်ပြီ”…ဆိုတဲ့တည်ငြိမ်အေးချမ်းတဲ့အသံကြားလိုက်ရလို့…လှမ်းကြည့်တော့ကျနော်တို့ရပ်ကွက်ကကြည်ညိုလေးစားတဲ့…အာဂန္တုဘုန်းတော်ကြီးနှင့်နောက်ကကျောင်းထိုင်ဆရာတော်နှင့်တိုက်အုပ်ဆရာတော်….။
သရဲကြီးက…”ဘယ်သူလဲ”…ဆိုပြီးအသံနက်ကြီးနဲ့လှမ်းမေးပြီးလှည့်ကြည့်လိုက်တော့…လက်ထဲကဓားလွတ်ကျသွားတယ်။
ဘုန်းတော်ကြီးကပြုံးပြီးကြည့်နေပေမယ့်…သရဲကြီးကစူးစူးရဲရဲပြန်စိုက်ကြည့်နေတယ်။
နတ်ဆရာလည်းအခွင့်သာတုန်းထွက်ပြေးပြီ။
ပြီးနောက်သရဲကြီးကခြေသံပြင်းပြင်းနဲ့…..ဘုန်းတော်ကြီးဆီလျှောက်လာပြီး…ရန်ပြုမလို့လုပ်ပေမယ့်…ရှေ့လေးတောင်လောက်ရောက်တော့ပုံကနဲလဲကျသွားတယ်။
“သင်ဟာ…လူ့ဘဝတုန်းကအကုသိုလ်ဝဋ်ကြွေးကြီးမားခဲ့လို့…ပြိတ္တာဘုံဘဝရောက်တာတောင်မိုက်နေတုန်းပဲ…။သင့်ရဲ့လုပ်ရပ်တွေကိုရပ်တန်းကရပ်ပါ။သင့်ကိုငါတရားဟောလည်း…သင့်ရဲ့အကုသိုလ်ဝဋ်ကြွေးကြောင့်ကျွတ်ချိန်မတန်သေးဘူး…သင်ကတော့ငါ့ကိုသိမှာပါ။သင်နဲ့ငါခဏခဏဆုံဖူးပါတယ်။ဒီတော့…သင့်ရဲ့တပည့်တပန်းတွေနဲ့…တခြားသင်္ချိူင်းကိုပြောင်းရွှေ့သွားလိုက်ပါ။သင်ဒီထက်ပိုမိုက်နေရင်….ငရဲမှာဆက်ခံနေရမယ်။အခုအပြစ်အတွက်သင့်ကို…နတ်ဘီလူးများကဒဏ်ခတ်ကြလိမ့်ဦးမယ်။နောက်ဒီဒေသမှာ…သင့်ကိုငါမမြင်တွေ့လို့ပါ။ဒါသင်နေထိုင်တဲ့သုဿန်နယ်မြေမဟုတ်…”…..ဟုမိန့်ကြားလိုက်သောအခါ….သရဲကြီးမှာဘာမှပြန်မပြောနိုင်ဘဲ…ပူးကပ်နေရာမှပြန်လည်ထွက်ခွာသွားတော့၏။
အဲဒီနောက်ပြန်များလာတဲ့လူအုပ်ကြီးကိုဘုန်းတော်ကြီးကပြန်စုဝေးစေပြီး….”သင်တို့ကိုငါနည်းနည်းပြောချင်ပါတယ်။လူမှန်ရင်လူလိုနေကြပါ။လူလိုဘယ်လိုနေရမလဲဆိုတော့….ဘုရား၊တရား၊သံဃာစတဲ့ရတနာသုံးပါးကိုပဲကိုးကွယ်ဆည်းကပ်ရပါမယ်။အချိန်ရှိသရွေ့ငါးပါးသီလဆောက်တည်၊သရဏဂုံပွားများကြပါ။ရတနာသုံးပါးမကိုးကွယ်တဲသူ…လေးစားမှုမရှိတဲ့သူတွေဟာ…လူတွေမဟုတ်လို့သရဲတစ္ဆေတွေမကြောက်ကြပါဘူး။တကယ်ဆိုပြိတ္တာဘုံသားတွေဟာ…လူသားတွေထက်နိမ့်ပါတယ်။နတ်စိမ်းတွေဟာလည်းပြိတ္တာဘုံသားတွေဖြစ်တာကြောင့်…သူတို့ကိုကိုးကွယ်နေရင်…သရဏဂုံပျက်ပါပြီ။သရဏဂုံပျက်ရင်ဘာဖြစ်မလဲမေးတော့…ခုနကလိုမဖြစ်သင့်တာတွေဖြစ်ကုန်ပါလိမ့်မယ်။
သရဏဂုံတည်တဲ့သူ၊ငါးပါးသီလမြဲတဲ့သူတွေကိုနတ်ကောင်းနတ်မြတ်တွေ…ချစ်ခင်နှစ်သက်တာကြောင့်ဘယ်ပြိတ္တာဘုံသားမှအနှောင့်အယှက်ပြုလို့မရပါဘူး။ပြီးတော့မေတ္တာဘာဝနာကိုလည်းတတ်နိုင်သလောက်ပွားများပေးပါ။မေတ္တာဘာဝနာအမြဲပွားများတဲ့သူဟာ…လူနတ်ချစ်ခင်ပါတယ်။ဘယ်တော့မှဘေးမတွေ့ပါဘူး။ငါးပါးသီလကိုအသက်ထက်ချစ်မြတ်နိုးပါ။ကြောက်လန့်မိလို့ယောင်ယမ်းပြီး…တလိုက်မိတာဟာသရဏဂုံပဲဖြစ်နေပါစေ….။ဥပမာတစ်ခုအနေနဲ့…သင်တို့အသုံးပြုနေတဲ့ဘက်ထရီလိုပါပဲ။သင်တို့မီးထွန်းချင်တဲ့အခါ…အားမရှိတဲ့ဘက်ထရီကိုသုံးရင်မီးလင်းပါ့မလား။ဘက်ထရီကိုအားသွင်းပြီးမှမီးထွန်းလို့…ရမယ်မဟုတ်လား။သရဏဂုံလည်းဒီလိုပါပဲ။ပြိတ္တာဘုံသားတွေကို…ကိုးကွယ်အားထားသူဟာသေရင်ပြိတ္တာဘုံကို…ရောက်မှာဖြစ်သလို…ဘုရား၊တရား၊သံဃာရတနာသုံးပါးကိုကိုးကွယ်အားထားသူဟာသေရင်…..”
ဘုန်းတော်ကြီးရဲ့တန်ဖိုးရှိလှသောသြဝါဒအဆုံးမှာ…ကျနော်တို့တတွေဝမ်းမြောက်ဝမ်းသာ…သာဓုခေါ်လိုက်သံကစကြာဝဠာထိအောင်…ပျံ့နံှ့သွားတယ်ထင်ပါရဲ့ဗျာ…..။
(ကျနော်ငယ်စဉ်ကကြုံတွေ့ခဲ့သော…ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။နောက်မှသိရသည်မှာ….ဘုန်းတော်ကြီးသည်နယ်လှည့်ကာသုဿန်သင်္ချိူင်းများတွင်တရားအားထုတ်နေသော…ရဟန်းတစ်ပါး(သုဿန်ဓုတင်ဆောင်ရဟန်း)ဖြစ်ကြောင်းသိရပါသည်။စာဖတ်သူများမျှော်လင်ခဲ့သလို…ကြောက်မက်ဖွယ်ကောင်းတဲ့ဇာတ်လမ်းမျိူးမဟုတ်၍…အနူးအညွတ်တောင်းပန်ပါသည်။)