Healthy

စောင်းလျားသီးနှင့် ​ငါးပြေမ ချက်စားခြင်းအကျိုး

ကျောက်ကပ်မှာ ကျောက်တည်ရောဂါရှိနေရင် စောင်းလျားသီးအမှည့်ကို ငါးပြေမနဲ့ ဟင်းချက်စားပါ။ ကျောက်ကိုကြေစေပါတယ်။ ဆီးကို ရွှင်စေပါတယ်။
စောင်းလျားသီးဟာ ဆေးဖက်ဝင်တဲ့ စားစရာအသီးတစ်မျိုးဖြစ်ပါတယ်။ စောင်းလျားသီးကို စားပေးခြင်းဖြင့် ဆီးရောဂါ၊ ဝမ်းရောဂါ၊ သည်းခြေ၊ ကျောက်ကပ် စတဲ့ရောဂါများကို ကာကွယ်ပေးပါတယ်။
ဆီးချိုရောဂါရှိသူများ စောင်းလျားသီးအစိမ်းကို ငါးပြေမ သို့မဟုတ် အခြားငါးများနဲ့ ဓါတ်စာအဖြစ် မကြာခဏ ချက်စားပါ။ ရောဂါကို ထိန်းပေးနိုင်ပါတယ်။
ဒီဆေးနည်းဟာ မြန်မာတို့ရဲ့ ဆေးသိပ္ပံဆရာကြီးလို့ တင်စားခြင်းခံရတဲ့ ယောမြို့စားကြီး ဦးဘိုးလှိုင် ရေးသားပြုစုခဲ့တဲ့ ဥတုဘောဇန သင်္ဂဟကျမ်းမှ ဆေးနည်းများ ဖြစ်ပါတယ်။
စောင်းလျားသီး နှလုံးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ပေးတယ် စောင်းလျားသီးမှာ ကယ်လိုရီ ပါဝင်မှုနည်းပြီး ဗီတာမင် အေ၊ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်တွေ များစွာပါဝင်ပါတယ်။
ပိုလီဖီနောနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး နှလုံးနဲ့ သွေးကြောတွေ ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပါတယ်။ ဇောင်းလျားသီးရဲ့ အရသာက ဘာနဲ့မှ မတူဘဲ တစ်မူထူးခြားပါတယ်။
အခွံနွှာစရာ မလိုဘဲ လှီးစားပါက ကြယ်ပုံသဏ္ဌာန် လေးတွေ ရှိပါတယ်။ စောင်းလျားသီး တစ်လုံးကနေ ၂၈ ကယ်လိုရီ၊ ဗီတာမင်အေ ၅၆ အိုင်ယူ၊ အမျှင်ဓာတ် ၂ ဒသမ ၅ ဂရမ်၊ ပိုတက်စီယမ် ၁၂၁ မီလီဂရမ်ကို ရရှိနိုင်ပါတယ်။

စောင်းလျားသီးပင် (Carambola )

အသီးမှည့်ကို စားပေးခြင်းဖြင့် ဝမ်းချုပ် ရောဂါ၊ ရေငတ် ရောဂါ ပျောက်ကင်းစေသည်။ စောင်းလျားသီးမှည့်ကို သကြားနှင့် စားပါက အော့အန်ခြင်း၊ အစာမကြေခြင်းကို ပျောက်ကင်းစေသည်။ စောင်းလျားသီးမှည့် ရှာလပတ်ရည် (sy…rup) သောက်ပေးပါက အဖျားကို ပျောက်စေသည်။ စောင်းလျားသီးကို အခြား ဟင်းလျာများနှင့် ချက်၍ စားပါက နှုတ်ကို မြိန်စေသည်။
အတွင်း လိပ်ခေါင်း ရောဂါ အတွက် စောင်းလျားသီးမှည့်ကို ဓာတ်စာအဖြစ် စားပေးရသည်။
စောင်းလျားသီးမှည့် ဖျော်ရည် (သို့မဟုတ်) စောင်းလျားသီးမှည့်ကို ငါးပြေမနှင့် ချက်စားက ကျောက်ကပ် ကျောက်တည်ခြင်း၊ ဆီးအိမ်နှင့် သည်းခြေ အိတ်တို့တွင် ကျောက်တည်ခြင်း တို့ကို သက်သာ ပျောက်ကင်း စေပါသည်။
စောင်းလျားသီးကို ချဉ်ရည်ဟင်း ချက်စား ပေးပါက ဆီးနှင့်ဝမ်း ကို မှန်စေသည်။ နှုတ်မမြိန်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ အစာမကြေခြင်း ဖြစ်လျှင် စောင်းလျားသီး အစိမ်းကို ပါးပါးလှီး၍ ငါးနှင့် ချက်စားခြင်းဖြင့် ပျောက်နိုင်သည်။
ရင်ဘတ်နာ၊ လေနာ၊ မီးယပ် ဝမ်းပျက်၊ အသံပျက် ရောဂါများအတွက် စောင်းလျားသီးမှည့် ၂၀ လုံး၊ သကြား ၅ ကျပ်သား၊ ပျားရည် ၁၂ ကျပ်ခွဲသား၊ စမုန်စပါး၊ စမုန်နီ၊ စမုန်ဖြူ၊ စမြိတ်မှုန့် ၂ ပဲစီ ထည့်၍ မွှေပြီး ၁၀ ရက်ခန့် ထားပါ။ ထို့နောက် ည၊ နံနက် ဆေးရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျ သောက်ပေးခြင်းဖြင့် အဆိုပါ ရောဂါများကို သက်သာ ပျောက်ကင်း စေနိုင်ပါသည်။