သရဲဆိုတာဟာ နေစရာအတည်တကျမရှိ၊ စားစရာ မယ်မယ်ရရ မရှိတဲ့ဘဝမျိုးပါ။ ဒီလိုဖြစ်နေသူတွေကို အောက်လမ်းဆရာဆိုသူတွေက တစ်နှစ်တစ်ကြိမ်ကျွေးပါ့မယ်စသဖြင့်တစ်မျိုးမျိုးနဲ့ ခေါ်ထားလိုက်ပြီး သရဲမွေးလေ့ရှိကြပါတယ်။
သရဲတိုက်၊ အစိမ်းတိုက်ဆိုတာ တစ်စုံတစ်ယောက်ရဲ့အကျိုးကို ပျက်စီးစေလိုတဲ့အတွက် သူတို့မွေးထားတဲ့သရဲကို ခိုင်းစေပြီး ဖျက်ဆီးစေတာပါ။ အင်းတိုက်တယ်ဆိုတာကတော့ တစ်စုံတစ်ယောက်ရဲ့ နေ့၊ နာမ်ကို အင်းကွက်မှာချပြီး အကျိုးပျက်စီးစေဖို့၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာချောက်ချားအောင် ပြုလုပ်တာမျိုးပါ။
အောက်လမ်းဆရာတစ်ယောက်ယောက်က သရဲဘီလူး၊ အစိမ်းတစ်ခုခုနဲ့ တိုက်ထားပြီဆိုရင် သိသာနိုင်မယ့်အချက်တွေကတော့ စိတ်ပိုင်းဆိုင်ရာ အားငယ်နေတာမျိုး၊ ကြောက်စိတ်တွေဖြစ်ပေါ်နေတာမျိုး၊ မပြောတဲ့အသံကိုကြား၊ မရှိတဲ့အရုပ်ကို မြင်နေတာမျိုးတို့ ဖြစ်တတ်ပါတယ်။
လူကိုတိုက်တာမဟုတ်ဘဲ ဆိုင်တို့၊ အိမ်တို့ကိုလည်း ဘီလူးသရဲနဲ့တိုက်တာမျိုးတွေရှိပါတယ်။ ဆိုင်တစ်ဆိုင်က သိပ်ရောင်းကောင်းနေတာကို မနာလိုတဲ့အခါ အပြိုင်အဆိုင်ဖြစ်တဲ့အခါမျိုးမှာ ဆိုင်ကိုတိုက်တတ်ပါတယ်။
အိမ်ကိုတိုက်တဲ့အခါမျိုးတွေမှာတော့ အိမ်မှာသရဲခြောက်သလိုအသံကြားနေတာမျိုး၊ လူရိပ်လိုလို ရိပ်ခနဲမြင်လိုက်တာမျိုးတွေဖြစ်တတ်ပြီး မိသားစုကြားမှာ ရန်ဖြစ်စကားများကြတာမျိုးတွေဖြစ်တတ်ပါတယ်။
ဒါမျိုးတွေဖြစ်လာပြီဆိုရင် အထူးသတိထားပြီး အိမ်မှာပဌာန်း၊ မေတ္တာသုတ်၊ အာဋာနာဋတိကသုတ်တွေ ပူဇော်သင့်ပါတယ်။ အကောင်းဆုံးကတော့ ပယောဂဟုတ်မဟုတ် သေသေချာချာစစ်ဆေးပြီး ကုသမှုခံယူသင့်ပါတယ်။ ဘုရားရှင်ရဲ့ နှုတ်ကပါတ်တော်တွေနဲ့ ကာကွယ်သင့်ပါတယ်။