ဆရာတော်ဦးကြည်သည် ရွှေရေးဆောင် ဆရာတော် ရှင်အာဒိစ္စရံသီ ဖြစ်ပြီး ဖခင်မှာ ရွှေပြည်ရန်အောင်တပ်မှူး ဦးကြာဝင်း ဖြစ်၍ မိခင်မှာ ဒေါ်ကြွယ် ဖြစ်သည်။
ကိုလိုနီခေတ်ဦးကာလတွင် အထင်ရှား အကျော်ကြားဆုံးဂဏဝါစက စာချဆရာတော် ထွက်ရပ်ပေါက် ဝိဇ္ဇာဓိုရ် ဖြစ်သည်။
ဆရာတော်လောင်းလျာ မောင်ကြည်ကို ၁၈၅၇ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် မြင်းခြံခရိုင် တောင်သာမြို့နယ်၊ မန်ကျည်းချို ရွာ၌ ဖွားမြင်သည်။
အသက် ၁၂ နှစ်သားအရွယ်တွင် မန်ကျည်းချိုရွာဆရာ တော်ထံတွင် ကိုရင်ဝတ်၍ မန်ကျည်းချိုဆရာတော်ထံမှတစ်ဖန် စံကျောင်းဆရာတော်နှင့် မိုင်းခိုင်းဆရာတော်တို့ထံ အပ်နှံ၏။
ရှင်သာမဏေဘွဲ့မှာ ရှင်အနုရုဒ္ဓါ ဖြစ်၏။
ဆရာတော်ဦးကြည်(ရွှေရေးဆောင် ဆရာတော် ရှင် အာဒိစ္စရံသီ)သည် ဉာဏ်ရည်ထက်မြက်၏။ ၁၈ နှစ်အရွယ်၌ပင် ပထမကျော်တန်း အောင်မြင်၏။
၁၈၉၉ ခုနှစ်တွင် စာချဆရာတော် ဖြစ်လာခဲ့သည်။ ဆရာတော်၏ ဆရာရင်းဖြစ်သူ မိုင်းခိုင်းဆရာတော်ကြီး ပျံလွန်တော် မူသွားသဖြင့် ဆရာတော် ဦးကြည်သည် ရွှေရေးဆောင်ကျောင်း တိုက်၏ နာယကဆရာတော် ဖြစ်လာခဲ့သည်။
ရွှေရေးဆောင်ဆရာတော် ရှင်အာဒိစ္စရံသီ(ခေါ်) ဆရာ တော် ဦးကြည်သည် စာဝါပို့ချရာ၌ အလွန်တော်လှပြီး နာမည်ကြီး သဖြင့် အချို့ကျောင်းထိုင်နာယက ဆရာတော်များပင် လာရောက်၍ စာလိုက်ခဲ့ကြသည်။
ဆရာတော်၏ ထင်ရှားသော ကျမ်းများမှာ-
(၁) ဂမ္ဘီရတ္ထနိယာမခေါ် ရွှေရေးဆောင်နိယံ
(၂) ဂမ္ဘီရတ္ထနိယာမဝိဿဇ္ဇနာကျမ်း
(၃) သောတုဇနဟိတကာရီကျမ်း
(၄) သိမ်လင်္ကာ
(၅) ဟာရကောက်လင်္ကာ
(၆) သုဗောဓဇာတကဗေဒင်ကျမ်း
(၇) ဘေဒစိန္တာဋီကာနိဿယကျမ်း တို့ ဖြစ်ကြသည်။
ဆရာတော်ဦးကြည်သည် တပည့် သံဃာ ရဟန်းများ အထူးများပြား၍ စာပေကျမ်းဂန် သင်ကြားပို့ချရာ၌လည်း အထူး ကျွမ်းကျင်နိုင်နင်း၍ ဂုဏ်သတင်းလည်း အထူးကျော်ဇောလေသည်။ ဆရာတော် ဦးကြည်သည် ၁၉၃၇ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့၊ သက်တော် ၇၈ နှစ်တွင် ပျံလွန်တော်မူလေသည်။